အဖွဲ့အစည်းထဲမှာ အခြားသူများနဲ့ မနီးကပ်ဘဲ အထီးကျန်ဆန်သော ဦးဆောင်သူများအတွက်

တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်ချင်သူတိုင်းအတွက် အရေးပါတဲ့ D (၅) လုံး
June 10, 2020
ဦးဆောင်သူတစ်ဦးအနေနှင့် ဘဝမှာ အောင်မြင်မှုကို ရရှိချင်တယ်ဆိုရင် စွန့်လွှတ်ရမယ့် အချက် ၉ ချက်
June 12, 2020

အဖွဲ့အစည်းထဲမှာ အခြားသူများနဲ့ မနီးကပ်ဘဲ အထီးကျန်ဆန်သော ဦးဆောင်သူများအတွက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

သင်ဟာ ရာထူးကြီးကြီးမှာ လုပ်နေပြီး အထီးကျန်ဆန်နေတယ်ဆိုရင် မှန်ကန်တဲ့အရာတစ်ချို့ကို လုပ်မနေလို့ ဖြစ်နိုင်ပါတယ်။

ခေါင်းဆောင်မှုဆိုတာဟာ ဆက်ဆံရေးနဲ့ ဆိုင်ပါတယ်။ သင် လူတွေနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့လိုပါတယ်။

အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ခေါင်းဆောင်တစ်ယောက်ဆိုတာဟာ နောက်လိုက်တွေ ရှိရပါမယ်။

အထီးကျန်ဆန်တယ်ဆိုကတည်းက နောက်လိုက်တွေ မရှိလို့ပဲ ဖြစ်ပါတယ်။

ရာထူးအရ အောက်မှာ ဘယ်သူတွေ ရှိတယ်ဆိုတာ မဟုတ်ပဲ လိုလိုလားလားနဲ့ လိုက်တဲ့သူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

အောင်မြင်တဲ့ ဦးဆောင်သူများဟာ သူတို့ရဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို ရယူနိုင်ဖို့အတွက် အခြားသူတွေနဲ့ အတူ အလုပ်လုပ်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို နားလည်ကြပါတယ်။

John Maxwell ရဲ့ အဆိုအရ Manager က “Go” “သွား” လို့ ပြောတဲ့အချိန်မှာ Leader က “Let’s Go” “သွားကြရအောင်” လို့ ပြောပါတယ်။

တစ်ယောက်တည်းနေပြီး ထူးချွန်ထက်မြက်တဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်လာဖို့ တော်တော်ခက်လိမ့်မယ် ဒါမှမဟုတ်ရင် မဖြစ်နိုင်ဘူးလို့ ပြောရပါလိမ့်မယ်။

လက်ရှိ စီးပွားရေး လုပ်ငန်းများမှာ ရာထူးအဆင့် အသီးသီးမှာ ဦးဆောင်နေသူများဟာ သူတို့ကိုယ်သူတို့ ပြန်ပြီး သုံးသပ်ဖို့ လိုအပ်ပါတယ်။

ငါဟာ

ဦးဆောင်မှုရဲ့ Science အပိုင်းဖြစ်တဲ့ မဟာဗျူဟာချမှတ်တာ၊ စီမံကိန်းဆွဲတာ၊ ငွေကြေးစီမံခန့်ခွဲတာ အဲဒီအပိုင်းတွေကို အားသန်တာလား၊

ဦးဆောင်မှုရဲ့ Art အပိုင်းဖြစ်တဲ့ လူတွေနဲ့ ဆက်သွယ်တာ၊ ပြောဆို ဆက်ဆံတာ၊ ရည်မှန်းချက်ချမှတ်ပြီး လူတွေ လက်ခံလာအောင် စည်းရုံးတာ စတဲ့ အပိုင်းတွေကို အားသန်တာလား သိအောင် လုပ်ရပါတယ်။

ရည်မှန်းချက်ပန်းတိုင်တွေကို လူအများ လက်ခံလာအောင် ပြုလုပ်ပြီး ရယူတဲ့နေရာမှာ အခြားသူတွေကိုပါ ပါဝင်လာအောင် လုပ်ဆောင်မယ်ဆိုရင် အဲဒီရည်မှန်းချက် ပန်းတိုင်တွေ အမှန်တကယ် ဖြစ်ပေါ်လာဖို့ ပိုပြီး နီးစပ်ပါလိမ့်မယ်။

သင့်အနေနဲ့ လူတွေကို ဦးဆောင်ချင်ရတဲ့ အကြောင်းရင်းကိုလည်း ပြန်ပြီး သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။

သင်လူတွေကို ဦးဆောင်ချင်တာဟာ ရာထူးတက်ဖို့ ဒါမှမဟုတ် သင့်စီးပွားရေး အကျိုးအမြတ်အတွက် သပ်သပ်ပဲ ဆိုရင် သင်ဟာ ရာထူး/နေရာကို အခြေခံသူတစ်ယောက်ဖြစ်လာဖို့ များလာပြီး ရာထူးနာမည်တွေရဲ့ နောက်မှာ သင့်ကိုယ်သင် အထီးကျန်ဆန်စွာ နေဖို့ ဖြစ်လာပါလိမ့်မယ်။

အထီးကျန်တယ်ဆိုတာဟာ ခေါင်းဆောင်မှုနဲ့ ဆိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။

ရာထူးမြင့်မြင့်မှာ နေတယ်ဆိုတာ အထီးကျန်နေရမယ်လို့ မဆိုလိုသလို အောက်မှာနေတယ်ဆိုရင်လည်း အထီးကျန်ဆန်စရာ မလိုပါဘူး။

တကယ်တော့ အထီးကျန်ဆန်တယ်ဆိုတာဟာ ရာထူးနေရာနဲ့ ဆိုင်တဲ့ကိစ္စ မဟုတ်ဘူး။

အဲဒါဟာ ပင်ကို စရိုက်နဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တယ်။

အကယ်၍ သင်ဟာ အထီးကျန်ဆန်တယ်ဆိုရင် အဲဒါဟာ ရာထူးတစ်ခုခုရှိလို့ နေရာတစ်ခုခု ရှိလို့ မဟုတ်ဘူး။

သင့်ရဲ့ ပင်ကိုယ်စရိုက်ကသာလ ျှင် အဓိက တရားခံဖြစ်ပါတယ်။

အထီးကျန်ဆန်တဲ့ ဦးဆောင်သူများအတွက် အကြံဉာဏ်တစ်ချို့ကို မ ျှဝေရမယ်ဆိုရင်

၁။ ရာထူးကို အခြေခံပြီး တွေးတာကို ရှောင်ကြဉ်ပါ။

သင်ရာထူးကို အခြေခံပြီး တွေးတယ်ဆိုရင် လူတွေနဲ့ ဆက်ဆံလို့ မလွယ်ကူပါဘူး။ သင်ရာထူးနိမ့်လို့ မြင့်တဲ့သူတွေကို ရှောင်မယ်၊ ရာထူးမြင့်လို့ နိမ့်တဲ့သူတွေကို ရှောင်မယ်ဆိုရင် သင်အဖွဲ့အစည်းထဲမှာ ခင်မင်စရာ လူတစ်ယောက်မှ ရှိမှာ မဟုတ်ပါဘူး။ သင်ရာထူးဘယ်လောက်ပဲ မြင့်မြင့် လူတွေနဲ့ ခင်မင်လို့ ရပါတယ်။ လူတွေနဲ့ သင်ဝေးဝေးမှာ နေတဲ့အတွက် သင့်လူတွေက သင့်အနား အရမ်းကပ်မလာနိုင်သလို သင်ဟာလည်း သင့်လူတွေကို ထိထိရောက်ရောက် ဆက်သွယ်လို့ မရဘူး။

၂။ အောင်မြင်မှုနဲ့ ကျရှုံးမှုနှစ်ခုစလုံးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သတိထားပါ။

ကျွန်တော်တို့ အောင်မြင်လာပြီဆိုရင် လူဆိုတာ ဘဝင်မြင့်တက်ကြတယ်။ အခြားသော မအောင်မြင်ဘူးထင်တဲ့သူတွေကို ရှောင်ကြဉ်ချင်လာမယ်။ ကျွန်တော်တို့ မအောင်မြင်ဘူးထင်ရင် သိမ်ငယ်ချင်လာတယ်။ ကျွန်တော်တို့ အမြင်မှာ အောင်မြင်တယ်လို့ မြင်တဲ့သူတွေကို ရှောင်ချင်လာပြန်တယ်။ ဘယ်လိုအခြေအနေပဲ ရှိနေနေ သင်လူတွေနဲ့ ဆက်သွယ်ပါ။ မ ျှဝေပါ။ ပူးပေါင်းဆောင်ရွက်ပါ။

၃။ သင်ဟာ လူတွေနဲ့ ဆက်ဆံရတဲ့ စီးပွားရေး လုပ်နေတယ်ဆိုတာကို သတိရပါ။

ကျွန်တော်တို့ ဘယ်လိုလုပ်ငန်းခွင်မှာပဲ လုပ်နေသည်ဖြစ်ပါစေ တကယ်တန်းမှာတော့ People Business လူအချင်းချင်း ဆက်ဆံရတဲ့ လုပ်ငန်းမှာ လုပ်နေကြတာဖြစ်ပါတယ်။ လူတွေဆိုတဲ့နေရာမှာ ဖောက်သည်တွေ၊ ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေ၊ ဆရာသမားတွေ၊ ပစ္စည်းပေးသွင်းသူတွေ၊ ဌာနဆိုင်ရာဝန်ထမ်း စသဖြင့် အများကြီးပါဝင်ပါတယ်။ သူတို့အားလုံးနဲ့သင်ထိထိရောက်ရောက် အလုပ်လုပ်နိုင်ဖို့ သင်လူတွေကို ရင်းရင်းနှီးနှီးဆက်ဆံလို စိတ်ရှိဖို့ လိုအပ်ပါတယ်။

၄။ အရေးပါတဲ့ ပန်းတိုင်တွေကို ရယူဖို့ ကြိုးစားပါ။

သင်ရည်မှန်းချက်သေးသေးလေးတွေ ချထားရင်တော့ သင်တစ်ယောက်တည်း လုပ်နိုင်ပါလိမ့်မယ်။ သင်လုပ်ရိုးလုပ်စဉ်ထက် နည်းနည်းလေး ပိုလုပ်မယ်ဆိုရင်လည်း လူတွေ အများကြီးရဲ့ အကူအညီကို လိုအပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် သင့်ရည်မှန်းချက်က အရမ်းကို မြင့်တယ်။ ဒီဘဝတစ်သက်တာမှာ သင်ဖြစ်ချင်တာတွေက သိပ်များတယ်ဆိုရင် သင့်ကို ကူညီမယ့်လူတွေလိုအပ်ပြီး သင်လူတွေနဲ့ ထိထိရောက်ရောက် ဆက်သွယ်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

ကြီးကျယ်ခမ်းနားတဲ့ ဘယ်လို အောင်မြင်မှုမျိုးမဆို လူသားတစ်ယောက်ပဲ လုပ်ပြီး အောင်မြင်သွားတယ်ဆိုတာ မရှိပါဘူးလို့ ကျွန်တော့်ရဲ့ Mentor ဖြစ်တယ် Dr. John C. Maxwell က ပြောပါတယ်။

အဲဒါကြောင့် အပေါ်ကစာတွေကို တစ်ခါပြန်ဖတ်ကြည့်ပါ။

သင်ဟာ လက်ရှိလုပ်ငန်းခွင်မှာ အထီးကျန်ဆန်တယ်ဆိုရင် လူတွေနဲ့ ပြောဆိုဆက်ဆံဖို့ ကြိုးစားကြည့်ပါ။

တစ်ယောက်တည်း အောင်မြင်ဖို့ထက် အသင်းအဖွဲ့လိုက် အောင်မြင်အောင် လုပ်ဖို့ကို ရည်မှန်းချက်ချပါ။

အဖွဲ့အစည်းတစ်ခုရဲ့ Culture ကို ပြောင်းလဲချင်ရင် ဦးဆောင်သူကနေ စတင်မှ ရပါလိမ့်မယ်။

သင်ဟာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့အတွက် နွေးထွေးတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာအောင် သင်ကနေ စတင်လိုက်ပါ

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership #Coaching #Transformation
#NLP #Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial