သင့်လုပ်ငန်းကို လုပ်ငန်းသေးသေးတွေအဖြစ် ခွဲခြမ်းစိတ်ဖြာသင့်တဲ့ အကြောင်းအရင်း (၅) ခု

လုပ်ငန်းဦးဆောင်မှုမှာ စိတ်ဖိစီးမှုများလာတဲ့အခါ သင်လုပ်နိုင်တဲ့ နည်းလမ်း (၁) ခု
December 4, 2020
သင့်ထုတ်ကုန်၊ ဝန်ဆောင်မှုက လုပ်ငန်းတူတွေနဲ့ တူနေရင် ရလာနိုင်တဲ့ ဆိုးကျိုး (၄) ခု
December 6, 2020

ကျွန်တော် ဒီတလောအတွင်း Systemization နဲ့ပတ်သက်ပြီး လေ့လာဖြစ်တယ်။ Systemization ဆိုတာ လုပ်ငန်းကို စနစ်ကျအောင်လုပ်တာ၊ လူနဲ့ လည်ပတ်မယ့်အစား စနစ်နဲ့လည်ပတ်တာမျိုးပါ။ လူတွေကို သုံးရပေမယ့် စနစ်တွေကိုတော့ ကိုယ်လိုချင်တဲ့အတိုင်း သေသေချာချာသတ်မှတ်ထားပြီးရင် အဲဒီအတိုင်း ကိုယ့်ရဲ့လူတွေကို လိုက်လုပ်ဖို့အတွက် ပြန်သင်ပေးမယ်၊ အဲဒီလိုလုပ်မလုပ် ပြန်စစ်မယ်ဆိုတာမျိုး ဖြစ်ပါတယ်။ လုပ်ငန်းထဲမှာ ဝင်လုပ်နေမယ့်အစား လုပ်ငန်းရဲ့အပေါ်ကနေ ဘယ်လိုဦးဆောင်ရမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်လေ့လာဖြစ်တဲ့ အကြောင်းအရာလေးဖြစ်ပါတယ်။

(၁) လုပ်ငန်းတစ်ခုလုံး ခြုံပြီး ပြောနေရင် ဘယ်နေရာမှာ ပြုပြင်ရမလဲ ရှာဖွေဖို့ခက်တယ်။

လုပ်ငန်းတစ်ခုလုံးကို ခြုံပြီးပြောနေတဲ့အခါ ဥပမာ Marketing Department မကောင်းဘူး၊ HR Department မကောင်းဘူး၊ Operation Department မကောင်းဘူးလို့ ပြောနေမယ့်အစား သူတို့ရဲ့ ဘယ်နေရာမှာ မကောင်းတာလဲဆိုတာမျိုး ရှာနိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဌာနခွဲလေးတွေကို ပြန်ပြီးဖွဲ့ရမှာ ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ခေါင်းစဉ်သတ်မှတ်ပြီး ဒါက ဘယ်အလုပ်၊ ဒါက ဘယ်အလုပ်လို့ အလုပ်တာဝန် တစ်ခုချင်းအလိုက် ပြန်ပြီး ခွဲထားရတာလည်း ဖြစ်ရင် ဖြစ်နိုင်ပါတယ်။

(၂) အလုပ်အသေးလေးတွေအဖြစ် ခွဲပြီး ပြောရင် အားသာချက်၊ အားနည်းချက်တွေ သိလာနိုင်တယ်။

နံပါတ် (၂) က (၁) နဲ့ ဆက်စပ်နေပါတယ်။ ခုနက ပြောသလိုမျိုး Department ထဲမှာ Section တွေ ၂ ခုရှိမယ်၊ ၃ ခုရှိမယ်၊ ၄ ခုရှိမယ်၊ ဒါမျိုးခွဲထားရင် အဆင်ပြေနိုင်မယ်။ ခွဲထားတဲ့ တစ်ခုချင်းရဲ့ အောက်မှာလည်း ဥပမာ ဌာနခွဲ ၁ ရဲ့အောက်မှာ အလုပ်တာဝန် ၅ ခုရှိမယ်ဆိုရင် အဲဒီလိုဆို တစ်ခုခုအားနည်းခဲ့ရင် ဘယ်ဌာနခွဲရဲ့အောက်က ဘယ်အလုပ်တာဝန်မှာ အားနည်းနေတာလဲဆိုတာ ကျွန်တော်တို့အနေနဲ့ ပြန်ပြီး ခွဲခြမ်းလို့ရနိုင်ခဲ့ရင် ပြဿနာကို အဖြေရှာလို့ရပါမယ်။ အဲဒီလို မဟုတ်ဘဲ လုံးထွေးပြီး ပြောနေပါရင် ဒီပြဿနာကို ရှာဖွေဖို့၊ ဖြေရှင်းဖို့နဲ့ ပိုပြီး ကောင်းသွားအောင် ဦးဆောင်ခန့်ခွဲဖို့အတွက် အဆင်ပြေမှာမဟုတ်ပါဘူး။

(၃) အလုပ်တစ်ခုချင်းအလိုက် ဘယ်လိုလုပ်ရမလဲဆိုတဲ့ လုပ်ငန်းစဉ်တွေ သတ်မှတ်ပေးလို့ရတယ်။

ဆိုလိုတဲ့သဘောက Standard Operation Procedure (SOP) လိုမျိုး အလုပ်တာဝန်တစ်ခုချင်းစီအလိုက် ဘယ်လိုလုပ်ရမှာလဲဆိုတာ တစ်ဆင့်ပြီး တစ်ဆင့် သာမာန်လူ၊ အပြင်လူတစ်ယောက်ဖတ်ရင်တောင် နားလည်လွယ်မယ့်ပုံစံမျိုးကို ရေးထားဖို့ လိုပါတယ်။ ဥပမာ Marketing Department ရဲ့အောက်မှာ အလုပ်တာဝန် ဘယ်နှစ်ခုရှိသလဲ၊ ပြီးရင် တစ်ခုချင်းအလိုက် အသေးစိတ်လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်တွေက ဘယ်လိုမျိုးရှိသလဲ ဆိုတာမျိုးကို သတ်မှတ်ထားရင် ဘယ်သူမဆို ဒီအလုပ်ကို ဝင်လုပ်တဲ့အခါ အဲဒီ SOP ကိုကြည့်ပြီး အင်မတန် အဆင်ပြေနိုင်ပါတယ်။

(၄) အလုပ်တစ်ခုချင်းအလိုက် ဝန်ထမ်းတွေကို တာဝန်ခွဲပေးလို့ရတယ်။

အလုပ်တစ်ခုချင်းအလိုက် ဝန်ထမ်းတွေကို တာဝန်ခွဲပေးလို့ရပါတယ်။ အလုပ်တာဝန်တစ်ခုကို ဝန်ထမ်းတစ်ယောက်ကိုပဲ ပေးရမယ်ဆိုတာ မဟုတ်သလို ဝန်ထမ်းတစ်ယောက်ကို အလုပ်တာဝန်တစ်ခုပဲ ပေးရမယ်လို့လည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့ လုပ်ငန်းမှာ ကိုယ့်ဘာသာကိုယ် အဆင်ပြေသလို သတ်မှတ်လို့ရတယ်။ ဒါပေမယ့် ဘယ်အလုပ်တွေကတော့ ဘယ်သူတွေရဲ့ အောက်မှာရှိတယ်၊ ဘယ်သူတွေမှာ ဘယ်တာဝန်တွေရှိတယ် ဆိုတာတွေကို တိတိကျကျ သတ်မှတ်ပေးထားပါက အဲဒီဝန်ထမ်းရဲ့ အရည်အချင်း ကောင်းလား၊ မကောင်းလားဆိုတာကို ကြည့်ချင်တဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ ပြန်ကြည့်လို့ရနိုင်တယ်။ ဒါမှမဟုတ် ဘယ်နေရာမှာ အားနည်းချက်၊ အားသာချက်ရှိသလဲ၊ ဒါက ဘယ်သူနဲ့ ဆိုင်သလဲဆိုတာကို ပြန်ကြည့်ချင်ရင် ကြည့်လို့ရနိုင်ပါတယ်။

(၅) အလုပ်တစ်ခုချင်းအလိုက် စွမ်းဆောင်ရည်တွေကို ပြန်လည်လေ့လာ အကဲဖြတ်လို့ရနိုင်တယ်။

ဒီအချက်မှာ ဝန်ထမ်းတွေရဲ့ အရည်အချင်းကိုလည်း အကဲဖြတ်လို့ရသလို ကျွန်တော်တို့လုပ်နေတဲ့ လုပ်ငန်းရဲ့ ဘယ်နေရာမှာ အဆင်ပြေလဲ၊ ဘယ်နေရာမှာ အဆင်မပြေသလဲ ဆိုတာကိုလည်း ပြန်ပြီး ကြည့်တဲ့အခါ အလုပ်တွေကို ခွဲခြမ်းထားတဲ့အတွက်ကြောင့် လုပ်ရတာအဆင်ပြေနိုင်မှာပါ။

ဒါကြောင့် လုပ်ငန်းတစ်ခုလုံးကို ခြုံငုံ၊ လုံးထွေးပြီး ပြောနေမယ့်အစား အပိုင်း တစ်ပိုင်းချင်းစီခွဲပါ။ ခွဲပြီးရင် တိုးတက်အောင် လုပ်သင့်တဲ့ အရာတွေကိုလည်း ဘယ်နေရာမှာ တိုးတက်အောင် လုပ်သင့်လဲဆိုတာ အဲဒီတစ်ပိုင်းချင်းစီမှာ ပြန်ပြီးရှာဖွေပါ။ ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ တစ်နေရာချင်းစီမှာ တစ်ခုချင်းစီကို ပြင်လိုက်ရင် လုပ်ငန်းကြီးတစ်ခုလုံးမှာလည်း ခြုံငုံပြီးတော့ ပိုပြီး တိုးတက်လာလိမ့်မယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial