လုပ်ငန်းစွမ်းဆောင်မှု သတ်မှတ်ထားခြင်းဟာ အရေးပါရတဲ့ အကြောင်းအရင်း (၅) ခု

အသင်းအဖွဲ့တွေမှာ ပန်းတိုင်သတ်မှတ်ထားသင့်တဲ့ အကြောင်းရင်း (၅) ခု
December 11, 2020
သင့်ပါတနာရဲ့ လိုလားချက်ကို သိရှိရန် အရေးကြီးရသည့် အကြောင်းအရင်း (၄) ခု
December 12, 2020

လုပ်ငန်းနဲ့ ပတ်သက်ပြီး အနာဂတ် စွမ်းဆောင်မှုဆိုတာ လာမယ့် တစ်နှစ်အတွင်းမှာ ကိုယ်လိုချင်တဲ့ Performance က ဘာလဲ၊ လာမယ့် သုံးနှစ်အတွင်းမှာ ဘာကို လိုချင်တာလဲ၊ လာမယ့် ငါးနှစ်အတွင်းမှာ ဘာကို လိုချင်တာလဲ ဆိုတာမျိုးတွေ သတ်မှတ်ထားတာ ဖြစ်တယ်။ ဒါမှမဟုတ် အနည်းငယ် ပြန်လျှော့ပြီး လာမယ့် ခြောက်လမှာ ဘယ်လို လိုချင်သလဲ၊ လာမယ့် သုံးလမှာ ဘယ်လို လိုချင်သလဲ ဆိုတာမျိုးတွေ သတ်မှတ် ထားရပါမယ်။ ဒီလို သတ်မှတ်ထားတာက ဘာအတွက် ကောင်းသလဲဆိုရင် –

(၁) သင်ကိုယ်တိုင်ကို စိတ်အားတက်ကြွစေတယ်။

ကိုယ့်ကိုယ်ကိုယ် စိတ်အား တက်ကြွစေတယ်။ ဘာလို့လဲဆိုတော့ လာမယ့် ငါးနှစ်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းက ဘယ်လိုမျိုး ဖြစ်လာပြီ ဆိုပြီး စိတ်အား တက်ကြွစေပါတယ်။ ဟိုတလောက Business Coaching လုပ်တဲ့ Client ညီမတစ်ယောက်ဆိုရင် နောက်တစ်နှစ်မှာ သူ့ရဲ့လုပ်ငန်းက ကိုယ်ပိုင် အဆောက်အုံကြီးနဲ့ ရှိနေပြီး ကိုယ်ပိုင် ရုံးခန်းတွေပါ ဘယ်လို တည်မယ်ဆိုပြီး လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရေးခဲ့ပြီးတော့ အခုဆို သူက အဲဒီရုံးခန်းအတွက် ပြင်ဆင်မှုတွေ လုပ်နိုင်တဲ့ အဆင့်ကို ရောက်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို သတ်မှတ်ထားတာက ကိုယ်တိုင်အတွက် စိတ်အားတက်ကြွစေပါတယ်။

(၂) သင့်အဖွဲ့သားတွေကို စိတ်အားတက်ကြွစေမယ်။

ဒါအပြင် ဒီလို အနာဂတ်မှာ ဘယ်လိုဖြစ်ရမယ်ဆိုပြီး ကိုယ့်ရဲ့ Team Member တွေကို ပြောတဲ့နေရာမှာလည်း နံပါတ် (၂) အနေနဲ့ ကိုယ့်လုပ်ငန်းက လမ်းပျောက်နေတာမျိုး မဟုတ်ဘူးဆိုပြီး ကိုယ့်ရဲ့ အဖွဲ့သား တွေကို စိတ်အား တက်ကြွစေပါတယ်။ တစ်ခါတလေ ဝန်ထမ်းတွေက ဘယ်ကို ဆက်သွားရမယ်၊ သူတို့ ဘာဆက်ဖြစ်မှာလဲလည်း မသိဘဲ စိတ်ညစ်နေတတ်ပါတယ်။ ဒါကြောင့် ကိုယ်က အနာဂတ်ကာလမှာ ဘယ်လိုတွေ လုပ်မလဲဆိုတာကို ပြောပြထားရင် အဖွဲ့သားတွေကိုလည်း စိတ်အား တက်ကြွစေပါမယ်။ ဒီလိုဆိုရင် ကျွန်တော်တို့အတွက် အများကြီး ကောင်းမွန်လာပါလိမ့်မယ်။

(၃) ဘာဆက်လုပ်ရမလဲဆိုတာ ဝေဝါးမနေဘဲ အမြင်ရှင်းလင်းမှု ရှိရမယ်။

ဘာဆက်လုပ်ရမယ် ဆိုတာကို ဝေဝါးနေတာမျိုး မရှိတော့ဘဲ အမြင်ရှင်းလင်းဖို့ Clarity ရှိတယ်။ ဦးဆောင်သူ ကိုယ်တိုင်က မှုန်ဝါးဝါး ဖြစ်နေပြီးတော့ အောက်က လူတွေ အကုန်လုံးကလည်း မှုန်ဝါးဝါးနဲ့ ကြည့်လုပ်နေကြရပြီး နိစ္စဓူဝကိစ္စမှာပါ အချိန်ကုန်နေကြတဲ့ လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ အဲဒီလို မဖြစ်ဖို့အတွက် ဦးဆောင်သူ ကိုယ်တိုင်က ဘယ်ကို သွားချင်တယ် ဆိုတဲ့ Clarity ရှိရပါမယ်။ အဲဒီအတိုင်း Top Management Team/ Top Leadership Team က လူတွေကလည်း ဘယ်ကို သွားချင်တယ် ဆိုတာ Clarity ရှိမယ်။ ဝန်ထမ်းတွေ အားလုံးအနေနဲ့လည်း လာမယ့် ခြောက်လအတွင်း ကိုယ်တို့ ဘယ်ကို သွားမယ်ဆိုတာ သေချာ ရှင်းသွားတဲ့အတွက် ရင်ထဲမှာ ရှုပ်ထွေးနေတာမျိုးနဲ့ မရှင်းမလင်း ဖြစ်တာမျိုးတွေ ရှိလာမှာ မဟုတ်တော့ပါဘူး။

(၄) မဟာဗျူဟာတွေ၊ အသေးစိတ် အစီအစဉ်တွေ ဆွဲလို့ရမယ်။

ဘယ်သွားချင်တာလဲ ဆိုတာ သေချာ ရှင်းလင်းပြီ ဆိုတဲ့အခါ ကျွန်တော်တို့ ဘာဆက်လုပ်လို့ ရမှာလဲဆိုရင် အဲဒီကို ရောက်အောင် ဘယ်လိုသွားမှာလဲ ဆိုတဲ့ မဟာဗျူဟာတွေ၊ အသေးစိတ် နည်းဗျူဟာတွေနဲ့ အသေးစိတ် Action Plan တွေကို ဆက်ဆွဲလို့ ရပါပြီ။ တစ်ခါတလေ ရှယ်ယာများတဲ့ လုပ်ငန်းတွေမှာ ပိုဆိုးပါတယ်။ Founder ဒါမှမဟုတ် CEO Chairman က လုပ်ချင်တာ တစ်မျိုး၊ အောက်က တစ်ယောက်ချင်းစီက လုပ်ချင်တာတွေက တစ်မျိုး ဖြစ်နေပြီး ဒီလိုမျိုးတွေကိုလည်း စုပေါင်း သတ်မှတ်ထားတာမျိုး မရှိဘဲ Business တစ်ခုချင်းမှာ တစ်ယောက်ကို တစ်မျိုးစီနဲ့ အောက်က လူတွေကို ပြောနေကြတဲ့အခါ အောက်က လူတွေအနေနဲ့လည်း စိတ်ညစ်ရပါတယ်။

ကျွန်တော် Coaching လုပ်ပေးရတဲ့ အစ်ကိုတစ်ယောက်ဆိုရင် သူက လုပ်ငန်းဒါရိုက်တာ၊ သူ့ရဲ့ ရှယ်ယာရှင် တစ်ယောက်က MD ဖြစ်ပြီး အဲဒီနှစ်ယောက်ကလည်း ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်နေပေမယ့် သိပ်မတည့်ကြပါဘူး။ မတည့်တော့ စကားလည်း သိပ်မပြောဖြစ်ဘူး။ တစ်ယောက်ကလည်း သူတာဝန်ယူတဲ့ အပိုင်းကို သူ့ဘာသာသူ အဆင်ပြေသလို လုပ်နေသလို နောက်တစ်ယောက်ကလည်း သူ့အပိုင်းကို သူ့ဘာသာသူ အဆင်ပြေသလို လုပ်နေတယ်။ ပြဿနာက ဘာလဲဆိုရင် သူတို့ နှစ်ယောက်ပေါင်းပြီး လုပ်ငန်းကို ဘယ်ကို သွားမှာလဲ ဆိုတာ သေချာ ညှိနှိုင်းတာမျိုး မရှိပါဘူး။

အဲဒီတော့ ကျွန်တော်အနေနဲ့ အဲဒီအစ်ကိုကို “ကျွန်တော်က အစ်ကို့ကို Coach လုပ်ပေးလို့ မရဘူး။ အစ်ကိုတို့ အချင်းချင်း သေချာညှိနိုင်မှ ရမယ်”လို့ သေချာ ပြောပြခဲ့တယ်။ သူတို့ နှစ်ယောက်ကြားကို ဝင်ပြီး ပြဿနာကို ညှိပေးဖို့ကလည်း ကျွန်တော့်အနေနဲ့ အတော်ခက်ပါတယ်။ ဒါကြောင့် လုပ်ငန်းက ဘယ်ကို သွားမှာလဲ ဆိုတာကို အားလုံးသဘောတူ သေသေချာချာ သတ်မှတ်ထားနိုင်မှသာ ရှေ့ဆက်သွားမယ့် မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေနဲ့ Action Plan တွေကို ဆွဲလို့ရပါမယ်။

(၅) ရည်မှန်းထားတဲ့ စွမ်းဆောင်ချက်အတိုင်း ဖြစ်၊ မဖြစ်ကို ပြန်လည် တိုင်းတာလို့လည်း ရလာမယ်။

ရည်မှန်းထားတဲ့ စွမ်းဆောင်ချက်အတိုင်း ဖြစ်၊ မဖြစ်ကို ပြန်ပြီး တိုင်းတာလို့ ရတယ်ဆိုတာ ကျွန်တော်တို့က အရင်က ဒီအတိုင်း အဆင်ပြေသလို လုပ်နေတဲ့အခါ ခြောက်လ၊ တစ်နှစ်လောက်သာ ကုန်သွားပြီး တိုးတက်မှုကို ဘာနဲ့မှ တိုင်းစရာ မရှိခဲ့ဘူး။ ဘက်ဂျက် ဘယ်လောက် ဝင်လဲ ဆိုတာလောက်သာ ရှိခဲ့ပါမယ်။ အခုချိန်မှာကျ လာမယ့် ခြောက်လ၊ တစ်နှစ်မှာ ဘယ်ကိုသွားမှာလဲ၊ ဘာဖြစ်ချင်တာလဲ ဆိုတာ အတိအကျ သတ်မှတ်ထားတော့ အဲဒီအချိန် ပြည့်သွားရင် နှစ်ဆန်းတုန်းက သတ်မှတ်ခဲ့တဲ့အတိုင်း တကယ် ဖြစ်ရဲ့လားဆိုတာ ကျွန်တော်တို့က ပြန်ပြီး ကြည့်လို့ရမယ်။ အဲဒီလို ကြည့်လိုရရင် ကိုယ့်အနေနဲ့ ဖြစ်ခဲ့တာတွေက ဘာတွေ မှန်လို့ ဖြစ်ခဲ့တယ်၊ မဖြစ်တာတွေက ဘာတွေ အားနည်းလို့ မဖြစ်ခဲ့ဘူး ဆိုတာနဲ့ ပတ်သက်လို့ သင်ခန်းစာယူပြီး လာမယ့် တစ်နှစ်မှာ ဘယ်လို ပိုကောင်းအောင် လုပ်မယ်၊ ဘာတွေကို ရှောင်ကြဉ်လို့ ရမယ် ဆိုတာတွေကို သိရပါမယ်။

ဒါကြောင့် အနာဂတ်မှာ ဘယ်ကို သွားချင်တာလဲဆိုတဲ့ Future Performance ကို သေသေချာချာ သတ်မှတ်ပါ။ တစ်ညီတစ်ညွတ်ထဲ သတ်မှတ်ပါ။ သတ်မှတ်ပြီးတဲ့အခါ ဝန်ထမ်းတွေကို ပြောပြပါ။ ဒါဆိုရင် ကိုယ်တိုင် စိတ်အား တက်ကြွလာမယ်။ ဝန်ထမ်းတွေလည်း စိတ်အားတက်ကြွလာမယ်။ အမြင်ရှင်းလင်းမှုတွေ ရှိလာမယ်။ ပြီးတော့ မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေကို ဆွဲလို့ရမယ်။ ကိုယ့်ရဲ့ စွမ်းဆောင်မှုတွေ
ကို သုံးသပ်တိုင်းတာပြီး လိုအပ်တာတွေကို ပြုပြင်လို့ရတဲ့ အနေအထားမျိုးတွေ ဖြစ်လာပါမယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial