လာမယ့် ၁၀ နှစ်မှာ သင်နောင်တမရအောင် ကူညီပေးမယ့် ရိုးရှင်းတဲ့ အကြံပြုချက် (၁၀) ချက်

အသင်းအဖွဲ့ တည်ဆောက်မှုနဲ့ပတ်သက်ပြီး သိသင့်တဲ့ အဆိုအမိန့် (၁) ခု
January 1, 2021
စည်းကမ်းနဲ့ ပတ်သက်ပြီး မှားတတ်တဲ့ အယူအဆ (၃) ခု
January 6, 2021

လူတော်တော်များများမှာ သူတို့လိုချင်တာတွေကို ရယူနိုင်ဖို့နဲ့ အောင်မြင်ဖို့အတွက် လိုအပ်တဲ့အရာတွေ အားလုံးရှိပြီးသား ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ဟာ ဘာဆက်လုပ်ရမလဲမရှင်းတဲ့အပြင် သူတို့ကိုယ်သူတို့ ကန့်သတ်ထားတဲ့အတွက် သူတို့လိုချင်တဲ့ ပြောင်းလဲမှုတွေကို မဖန်တီးနိုင်ကြပါဘူး။
သင့်အနေနဲ့တော့ အဲဒီအဖွဲ့တွေထဲမှာ ပါစရာမလိုတော့ပါဘူး။
ဒီအချက် (၁၀) ချက်ဟာ သင့်ကို သင်လိုချင်တာရအောင် တစ်နည်းတစ်ဖုံ ကူညီပေးပါလိမ့်မယ်။
ဒါဟာ ကျွန်တော်တို့ Breakthrough Coaching, Training & Consulting ကနေ အခုလာမယ့်နှစ်သစ် ဒါမှမဟုတ် ၁၀ စုနှစ်သစ်အတွက် သင့်အတွက် ပေးချင်တဲ့ လက်ဆောင်မွန်တစ်ခုဖြစ်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
၁။ သင်ဘာကို လိုချင်တယ်ဆိုတာကို ဆုံးဖြတ်ပါ။
လူအများစုအဆင်မပြေဖြစ်နေကြတတ်တာဟာ သူတို့ဘာကို လိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မရှိကြတာကြောင့် ဖြစ်တယ်။
ပြီးတော့ သူတို့ဟာ သူတို့ဘာကို လိုချင်တယ်ဆိုတာကို ဆုံးဖြတ်ရမယ့်အစား သူတို့ဘာကို မလိုချင်တာတွေကိုပဲ ထပ်တလဲလဲပြောနေတတ်တယ်။
အဲဒီအခါမှာ သူတို့ရဲ့ စိတ်ဟာ သူတို့မလိုချင်တာတွေကိုပဲ ထပ်တလဲလဲဆွဲဆောင်နေသလိုဖြစ်လာပြီး အဆင်မပြေတဲ့ သံသရာထဲမှာ လည်ထွက်နေတတ်ကြတယ်။
အဲဒါကြောင့် သင့်အနေနဲ့ နောက်အဆင့်တစ်ဆင့်ကို သွားနိုင်ဖို့ဆိုရင် သင်ရည်ရွယ်တဲ့အကြောင်းအရာ နယ်ပယ်မှာ ဘာကို လိုချင်တယ်ဆိုတာကို တိတိကျကျသတ်မှတ်ဖို့ လိုအပ်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
၂။ ချရေးပါ။ (သင်လိုချင်တဲ့အရာကို ချရေးပါ။)
ချမရေးမချင်း သင်တစ်စုံတစ်ခုကို လိုချင်တယ်ဆိုတာဟာ စိတ်ကူးတစ်ခုအနေနဲ့ပဲ ရှိမှာသေချာပါတယ်။
အချိန်ကာလတစ်ခုမှာ ဖြစ်စေ၊ တစ်သက်လုံးအတွက်ဖြစ်စေ၊ စီးပွါးရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး စတဲ့ ဘဝရဲ့ တိကျတဲ့ အစိတ်အပိုင်းတစ်ခုခုမှာ ဖြစ်စေ သင်လိုချင်တဲ့အရာတွေကို နေ့တိုင်းလိုလိုချရေးမယ်၊ ပြန်ဖတ်မယ်ဆိုရင် အဲဒါတွေကို သင့်စိတ်ထဲမှာ စွဲစွဲမြဲမြဲဖြစ်နေနိုင်ပြီး ဘယ်နေရာကိုပဲ သွားသွား၊ ဘာကိုပဲ လုပ်လုပ်၊ ဘယ်သူနဲ့ပဲ စကားပြောပြော သင်လိုချင်တဲ့အရာကို ရဖို့အတွက် အဖြေကို ရဖို့ သင့်ဦးနှောက်က အမြဲတမ်းရှာဖွေနေမှာ ဖြစ်ပြီး ရအောင် လုပ်နိုင်မယ့် နည်းလမ်းကိုလည်း သွားရင်း လာရင်း ရုတ်တရက် ရသွားတာမျိုးကို သင်ကြုံတွေ့လာရပါလိမ့်မယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
၃။ ဘယ်ရက် (အချိန်) မှာ ရရမယ်ဆိုတာကို သတ်မှတ်ပါ။
လူတွေဟာ ပြီးရမယ့်အချိန်သတ်မှတ်ရမှာကို တွန့်ဆုတ်တတ်တယ်။
အကယ်၍များ တစ်စုံတစ်ယောက်က ဘယ်နေ့မှာ ပြီးအောင် လုပ်ရမယ်ပြောရင် ဆန့်ကျင်တတ်တဲ့ သဘောရှိတယ်။
ငယ်စဉ်က ဘယ်နေ့မှာ ဘယ်စာကို ပြီးအောင် ကျက်ရမယ်ပြောရင် သဘောမကျတတ်သလို လုပ်ငန်းခွင်ဝင်တဲ့အချိန်မှာလည်း ဘယ်အလုပ်ကို ဘယ်ရက်မှာ ပြီးအောင် လုပ်ပေးပါ ပြောရင် မကြိုက်တတ်ကြဘူး။
ရလဒ်ကတော့ ကိုယ့်ဟာကိုယ်တစ်စုံတစ်ခုကို ရည်ရွယ်လုပ်ဆောင်တဲ့အခါမှာ ပြီးရမယ့်/ ရရမယ့်ရက်ကို မသတ်မှတ်ပဲ ထားတတ်တယ်။
အဲဒါဟာ မထိရောက်တဲ့ ဘဝနေနည်းပဲ ဖြစ်တယ်။
ထိရောက်တဲ့ ရလဒ်ကိုလိုချင်ရင် တွန်းတွန်းတိုက်တိုက်လုပ်ဖို့ လိုတယ်။
အဲဒီအတွက် ဘယ်ရက်မှာတော့ ငါဒါကို ရကိုရရမယ်ဆိုတာမျိုးကို တိတိကျကျသတ်မှတ်ပြီး ချရေးတာဟာ သင့်အတွက် အကျိုးရှိနိုင်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
၄။ သင်လိုချင်တဲ့အရာကို သင်ဘာကြောင့် ရအောင် လုပ်သင့်တယ်ဆိုတဲ့ အကြောင်းရင်းတွေကို ရှာဖွေပါ။
ကျွန်တော်တို့ အလုပ်တစ်ခုခုလုပ်ရတော့မယ်ဆိုရင် ငါဒါကို ဘာကြောင့် လုပ်ရမှာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ လိုတယ်။
ဘာဖြစ်လို့လဲဆိုတော့ အကြောင်းရင်းမခိုင်လုံသရွေ့ မလုပ်ဖြစ်သလို လုပ်မယ်ဆိုရင်တောင် တွန်းတွန်းတိုက်တိုက် မလုပ်တတ်ကြပါဘူး။
အကယ်၍ ဒါကို လုပ်မယ်ဆိုရင် သင်ရယ် သင့်မိသားစုရယ် သင့်ပတ်ဝန်းကျင်ကလူတွေရယ် ရင်ဆိုင်နေရတဲ့ ဘယ်လိုအခက်အခဲတွေကို ကျော်လွှားနိုင်မလဲ။ ဘယ်လိုအဆင်ပြေမှုတွေကိုရော ရရှိလာနိုင်မလဲဆိုတာကို ရှာဖွေခြင်းဟာ အဲဒါကို မရရအောင် လုပ်ဖို့အတွက် စိတ်အားတက်ကြွမှုတွေကို ရရှိစေနိုင်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
၅။ သင့်ရဲ့ပန်းတိုင်ကို ရဖို့အတွက် လုပ်သင့်သမျှအရာအားလုံးကို စာရင်းပြုစုပါ။
ကမ္ဘာတစ်လွှားက Coach တွေ သူတို့ရဲ့ Client တွေဆီက ကြားရတတ်တဲ့ အဖြေတစ်ခုကတော့ ကျွန်တော်/ ကျွန်မမသိဘူးဆိုတာ ဖြစ်ပါတယ်။
တကယ်တော့ သူတို့ဟာ သူတို့သိတာတွေကို ထုတ်ပြောရမယ့်အစား အလွယ်တကူမသိဘူးလို့ ပြောလိုက်ကြတာဖြစ်တယ်။
သင့်အနေနဲ့ သင်လေ့လာဖူးသမျှအသိပညာတွေကို အခြေခံပြီး သင်လိုချင်တဲ့အရာကို ရနိုင်ဖို့ ဖြစ်နိုင်သမျှသော နည်းလမ်းတွေအကုန်လုံးကို ချရေးကြည့်ပါ။
တခြားသူတွေရော ဘာတွေလုပ်ကြလဲ။
သင်ပိုသိလာအောင် ဘာတွေကို ထပ်လေ့လာသင့်လဲချရေးကြည့်ပါ။
သင်လုပ်နိုင်တာ မလုပ်နိုင်တာထက် များနိုင်သမျှများများ ချရေးဖို့ကိုပဲ အဓိကထားပြီး လုပ်ဆောင်ပါ။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
၆။ လုပ်ဆောင်ရန်စာရင်းကို ဦးစားပေးအဆင့်သတ်မှတ်ပြီး အသေးစိတ်လုပ်ဆောင်ချက် အစီအစဉ်ရေးဆွဲပါ။
သင့်မှာ သင်လိုချင်တာကို ရအောင် လုပ်ဖို့အတွက် သိသမျှသော ဖြစ်နိုင်သမျှနည်းလမ်းတွေကို အကုန်ချရေးထားပြီးသွားပြီ။
ဆက်လုပ်ရမယ့်အဆင့်ပတော့ သင်ချရေးထားတဲ့နည်းလမ်းတွေ အကုန်လုံးကို ပြန်ဖတ်ပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းတွေ၊ သင့်အနေနဲ့ တန်းပြီးစလို့ရတာတွေ၊ အရင်ဆုံးလုပ်သင့်တာတွေကို ရွေးချယ်ပြီး ဦးစားပေးအစီအစဉ်ကို ရေးဆွဲရမှာဖြစ်ပါတယ်။
သင့်အနေနဲ့ အရာအားလုံးကို တစ်ပြိုင်တည်း မလုပ်နိုင်ပါဘူး။
မိုင်ထောင်ချီတဲ့ခရီးကို ပထမခြေလှမ်းနဲ့ စရမယ်ဆိုတဲ့စကားရှိပါတယ်။
သင့်အနေနဲ့ လုပ်ရမှာက ဘာတွေကို စလုပ်မလဲဆိုတာကို သေသေချာချာရွေးချယ်ဖို့ ဖြစ်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
၇။ သင့်ကို လမ်းညွှန် သင်ကြားပေးနိုင်မယ့် နည်းပြ (Coach) တစ်ယောက်ငှါးပါ။
အရာအားလုံးကို သင်တစ်ယောက်တည်း မလုပ်နိုင်သလို အရာအားလုံးကိုလည်း သင်သိပြီးသားဖြစ်မနေနိုင်ပါဘူး။
သင့်ကို လမ်းပြပေးမယ့်သူလိုပါတယ်။
အဲဒီသူဟာ အကျင့်စာရိတ္တကောင်းမွန်ပြီး ရလဒ်ကောင်းတွေကို သူကိုယ်တိုင်ကို ရရှိအောင် လုပ်ဆောင်ခဲ့ဖူးတဲ့သူဖြစ်ရပါမယ်။
ဒါ့အပြင် သင်နဲ့သူနဲ့ဟာ သတ်မှတ်အချိန်ကာလအတွင်း အချိန်မှန်မှန်တွေ့ပြီး လိုချင်တဲ့ ရလဒ်တစ်ခုတည်းကို ဦးတည်ကာ မရောက်ရောက်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။
သင့်ဟာသင် စဉ်းစားလို့ မရတာတွေကို အစပေါ်လာအောင် သင့်ရဲ့ Coach က ကူညီပေးနိုင်မှာ ဖြစ်တဲ့အတွက် Coach နဲ့တွေ့ပြီးတိုင်း သင့်မှာ အမြင်ရှင်းလင်းမှုတွေ ရရှိလာမှာ ဖြစ်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
၈။ အကြီးအကျယ် အကောင်အထည်ဖော် လုပ်ဆောင်ပါ။
လူတွေ သူတို့လိုချင်တဲ့ ရလဒ်ကို ရအောင် မလုပ်နိုင်ကြတာဟာ ဘာလုပ်ရမလဲဆိုတာကို မသိလို့မဟုတ်ပဲ သိနေပြီးသားအရာတွေကို အကောင်အထည်မဖော်ကြလို့ ဖြစ်ပါတယ်။
အလုပ်များနေလို့၊ ပင်ပန်းနေလို့၊ ခရီးသွားစရာရှိလို့၊ သင်တန်းတက်နေလို့ စသဖြင့် အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲနေသရွေ့တော့ သင်လိုချင်တဲ့အရာတွေကို ရလာမှာ မဟုတ်ပါဘူး။
သင့်မှာ သင်ဘာလုပ်ရမယ်ဆိုတဲ့စာရင်းရှိနေပြီဖြစ်တဲ့အတွက် ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ နေ့ရွှေ့ ညရွှေ့လုပ်နေမယ့်အစား အသားကုန်ဝုန်းဖို့ လုပ်ဖို့လိုအပ်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
၉။ သင့်ရဲ့ ရလဒ်တွေကို ပြန်ကြည့်ပြီး လုပ်ဆောင်ချက်အစီအစဉ်ကို လိုအပ်သလို ပြင်ဆင်ရေးဆွဲပါ။
သင့်အနေနဲ့ လုပ်ဆောင်ရမယ့်အစီအစဉ်တွေကို ဦးစားပေးအစီအစဉ်အတိုင်း အကောင်အထည်ဖော်နေပြီဆိုရင် အဲဒါဟာ ဝမ်းသာစရာကောင်းတဲ့အရာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် သင်လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တိုင်းကတော့ အဆင်ပြေနေမယ်လို့ ပြောလို့မရနိုင်ပါဘူး။
အဆင်မပြေလို့လည်း သင်ရှုံးနိမ့်သွားတာ မဟုတ်ပါဘူး။
သင်လုပ်လိုက်တဲ့အရာဟာ ပန်းတိုင်နဲ့ ပိုနီးလာစေတယ်ဆိုရင် ဘာပိုကောင်းအောင် လုပ်နိုင်မလဲကြည့်ပြီး ဆက်လုပ်ရမှာဖြစ်ပြီး နီးမလာဘူးဆိုရင် ပိုမိုကောင်းမွန်တဲ့တခြားနည်းလမ်းတစ်ခုကို အစားထိုးပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
၁၀။ သင့်ရဲ့ပန်းတိုင်ကို ဦးတည်သွားစေမယ့် တစ်စုံတစ်ခုကို နေ့စဉ်နေ့တိုင်း လုပ်ပါ။
အချို့သောသူတွေဟာ ကောက်ရိုးမီးလိုမျိုး စိတ်ပါတုန်း ခဏလုပ်ပြီးရင် ပြီးသွားပြီ၊ လုံလောက်ပြီလို့ ထင်တတ်ကြတယ်။
လေ့လာသင်ယူမှုပဲဖြစ်ဖြစ် ကြိုးစားအားထုတ်မှုပဲ ဘယ်အရာကမှ ပြီးသွားတယ်ရယ်လို့ မရှိဘူး။
မှန်မှန်နဲ့ စည်းကမ်းရှိရှိ လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တွေကသာ လူတွေကို တာရှည်ခံတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် ကူညီပေးနိုင်တယ်။
အဲဒါကြောင့် ကျွန်တော့်ရဲ့ ဆရာ John C. Maxwell က လူတစ်ယောက်အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ဟာ သူနေ့တိုင်း ဘာလုပ်နေသလဲဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ပြောတာဖြစ်ပါတယ်။
သင်လိုချင်တဲ့အရာကို ရအောင် ပံ့ပိုးပေးနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုခုကို မှန်မှန်လုပ်ဆောင်ခြင်းဟာ သင့်ကိုယ်သင်လေးစားမှုကို မြှင့်တင်ပေးနိုင်သလို သင့်ကိုလည်း စစ်မှန်တဲ့ အောင်မြင်မှုတွေ ဖြစ်ပေါ်လာအောင် ကူညီပေးမှာ ဖြစ်ပါတယ်။
Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial