“စိတ်ခံစားမှုနဲ့ယှဉ်ရင် ဆင်ခြင်တုံတရားက ပိုပြီးသာပါစေ”

လုပ်ငန်းခွင်မှာ ရလဒ်ကောင်းတွေ ထွက်လာစေမယ့် အကြောင်းရင်း (၃) ခု
February 2, 2021

“စိတ်ခံစားမှုနဲ့ယှဉ်ရင် ဆင်ခြင်တုံတရားက ပိုပြီးသာပါစေ”

By Naing Win Aung (CEO Coach & NLP Master Trainer)

ကျွန်တော့်ဆရာ Alex Mandossian နဲ့ T. Harv Eker တို့က အမြဲပြောကြတယ်။ Emotion ခံစားမှုမြင့်လာရင် Intelligence ဆင်ခြင်တုံတရားကျသွားတတ်တယ်တဲ့။ အခုအချိန်လိုမျိုး ပြောင်းလဲမှုမြန်ဆန်လွန်းပြီး မတည်ငြိမ်မှုများလွန်းတဲ့လူ့အဖွဲ့အစည်းမှာ စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ရင် ရူးတောင်ရူးသွားနိုင်သလားပါပဲ။

အဲဒီလိုအခြေအနေဆိုးမျိုးကို ကာလရှည်ကြာရင်ဆိုင်နိုင်ဖို့ဆိုရင် ကျွန်တော်တို့မှာ စိတ်ခံစားမှုပိုင်းဆိုရင် ခံနိုင်ရည် (Resilience) ရှိဖို့အရေးကြီးပါတယ်။ မဟုတ်ရင် အရာရာကို အပျက်သဘော (Negative) မြင်နေမယ်၊ အနာဂတ်အတွက် စိုးရိမ်ပူပန်မှု( Worry) တွေများနေမယ်။ ပတ်ဝန်းကျင်ကလူတွေနဲ့ ဆက်ဆံရေး (Relationship) တွေ အဆင်မပြေဖြစ်လာမယ်။ ဒါတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ လုပ်ငန်းနဲ့ ကိုယ်ရေးကိုယ်တာဘ၀မှာ အောင်မြင်မှု၊ ပျော်ရွှင်မှုတွေကို ထိခိုက်စေနိုင်တဲ့အပြင် ကိုယ်နဲ့နီးစပ်သူတွေကိုပါ ကိုယ့်ကြောင့်ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ပါတယ်။

ဒါဆိုရင် စိတ်ခံစားမှုပိုင်းဆိုင်ရာအရ ခံနိုင်ရည်မြင့်လာအောင်ဘယ်လိုတွေလုပ်ရင်ကောင်းမလဲ။ အဲဒီလိုလုပ်နိုင်တဲ့သူတွေရောရှိနိုင်မလားဆိုရင် ရှိတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ သတိထားကြည့်ကြည့်ပါ၊ မိမိကိုယ်တိုင်အတွက်ဖြစ်စေ၊ လူ့အဖွဲ့အစည်းအတွက်ဖြစ်စေ အပြစ်တင်ပြောဆိုမှုတွေမလုပ်ပဲ လုပ်သင့်လုပ်ထိုက်တာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်နေကြသူတွေအများကြီးရှိပါတယ်။ ကျွန်တော် NLP လို့ခေါ်တဲ့ Neuro Linguistic Programming ကို Master Trainer အဆင့်အထိ လေ့လာတဲ့အခါမှာလည်း စိတ်ခံစားမှုကို နည်းစနစ်ကျကျထိန်းချုပ်နိုင်မယ့်နည်းလမ်းအများကြီးကို သင်ယူရဖူးပါတယ်။

အခုလိုမျိုး ခက်ခဲတဲ့ကာလမှာ စိတ်ဖိစီးမှုဒဏ်ကို ခံစားရတဲ့မိတ်ဆွေတွေအတွက် ခံစားမှုကို ထိန်းချုပ်ရာမှာ အသုံးဝင်မယ့်နည်းလမ်းလေးအချို့ကို ဒီဆောင်းပါးမှာ မျှဝေချင်ပါတယ်။ တစ်ခုရှိတာက ဘယ်ပညာရပ်ကိုမဆို သိဖို့လေ့လာရသလို လေ့လာထားတာတွေကိုလည်း အမြဲအသုံးချနေမှသာ ပညာရပ်တွေက အကျိုးပြုနိုင်မှာပါ။ ခံစားမှုနဲ့ယှဉ်ရင် ဆင်ခြင်တုံတရားက အမြဲသာနေဖို့ကိုတော့ သင်မမေ့ဖို့လိုပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းမြင့်သူများရဲ့ လက္ခဏာ ၇ ချက်

၁။ နယ်နမိတ် (Boundary) တွေကို သိခြင်း၊

စိတ်ခံစားမှုဆိုင်ရာ ခံနိုင်ရည်မြင့်တဲ့သူများဟာ သူတို့ရဲ့ အဓိကအားသာချက်တွေကို နားလည်ကြသလို အဲဒါတွေကို ယာယီအဆင်မပြေမှုတွေနဲ့ ခွဲခြားပြီးမြင်တတ်ကြပါတယ်။ ခက်ခဲတဲ့ကာလအချို့ဟာ အချို့အရာတွေကို မလုပ်နိုင်တာဟာ ယာယီမျှသာဖြစ်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖိုး (Value) နိမ့်ကျသွားတာမဟုတ်ဘူးလို့ သူတို့က မြင်ကြတဲ့အပြင် ဆက်လက်တိုးတက်နိုင်မယ့်နည်းလမ်းတွေကို ရယူနိုင်ဖို့လည်း တံခါးဖွင့်ထားတတ်ကြပါတယ်။ ခဏတာ ကျရှုံးမှုဟာ အပြီးသတ်ရလဒ်မဟုတ်ဘူးဆိုတာကို နားလည်ရင်ကို ပြောင်းလဲမှုများစွာ ဖြစ်လာစေနိုင်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၂။ မိတ်ဆွေကောင်းများရှိခြင်း၊

သင့်မှာသာ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းမြင့်တဲ့မိတ်ဆွေအပေါင်းအသင်းတွေများတယ်ဆိုရင် သင်လည်း စိတ်ခံစားမှုဆိုင်ရာ ခံနိုင်ရည်မြင့်လာနိုင်ချေများပါတယ်။ လူတွေမှာရှိတဲ့ အပြုအမူတွေကို ကူးစက်စေနိုင်တဲ့ ဗီဇတွေရှိပါတယ်။ သင့်ရဲ့ တန်ဖိုးရှိတဲ့မိတ်ဆွေတွေဟာ သင့်ကိုစိတ်ဖိစီးမှုတွေ လျှော့ချဖို့ရော၊ ပြန်ပြီးပျော်ရွှင်လာဖို့၊ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ကို ကူညီပေးနိုင်သလို သင်ရင်ဖွင့်တာတွေကိုလည်း သင့်ကိုဝေဖန်ခြင်းမပြုပဲ နားထောင်လိုစိတ်ရှိကြပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၃။ မိမိကိုယ်ကိုယ် သိမှုကို ပျိုးထောင်ခြင်း၊

မိမိကိုယ်ကိုယ်မသိခြင်းလောက် ဆိုးဝါးတဲ့အရာမရှိပါဘူး။ သင်သာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ (Psychology) အခြေအနေနဲ့ ဇီ၀ကမ္မ (Physiology) အခြေအနေတွေကို သိနေပြီဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်အနေအထား (Body Posture) နဲ့ အာရုံစိုက်မှု(Attention)၊ သင့်ကိုယ်သင်ပြောဆိုတဲ့စကား Language (ဘာသာစကား) တွေကို ပြောင်းလဲရင်း သင့်ရဲ့Emotional State ကို ပြောင်းလဲလို့ရလာနိုင်ပါတယ်။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သိမှသာ တိုးတက်အောင်လုပ်နိုင်မှာပါ။ မလိုချင်တာတွေကို အာရုံစိုက်မယ့်အစား၊ လိုချင်တာကို အာရုံစိုက်ခြင်း၊ သင့်မှာရှိတဲ့အရာတွေအတွက် Gratitude ကျေးဇူးတင်တတ်ခြင်းတွေဟာ သင့်ရဲ့ စိတ်ခံစားမှုကို သိသိသာသာ ကောင်းမွန်စေနိုင်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၄။ လက်ခံတတ်အောင်လေ့ကျင့်ခြင်း၊

အဆင်မပြေမှုတွေအတွက် နာကျင်ရတဲ့ခံစားမှုဟာ အရမ်းကို ခံရခက်တတ်ပါတယ်။ စိတ်ဖိစီးမှုကိုလည်း သိသိသာသာများစေနိုင်ပြီး ကုသဖို့အတွက် အချိန်ယူရနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေဟာ ဖြစ်တတ်တဲ့သဘောဖြစ်ပြီး အသက်ရှင်ခြင်းရဲ့လက္ခဏာဖြစ်သလို ပိုမိုမြင့်မားတဲ့အောင်မြင်မှု ဒါမှမဟုတ်ရင် အသိတရားမြင့်တက်မှုအတွက် အထောက်အကူပြုဖို့အတွက် ဖြစ်လာတယ်ဆိုတာကို သင်လက်ခံနိုင်လာချိန်မှာ အဲဒါကိုကျော်လွှားဖို့ အဆင်သင့်ဖြစ်လာနိုင်ပါတယ်။ လူတွေမှာ ပျော်ရွှင်တဲ့ခံစားချက်ရှိသလို မပျော်ရွှင်တဲ့ခံစားချက်လည်း ရှိတတ်ပါတယ်။ ဒါဟာ သဘာ၀တရားဖြစ်ပြီး ဘယ်အရာမှ အကြာကြီးတသမတ်တည်း တည်မြဲနေမှာ မဟုတ်ပါဘူး။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၅။ တရားအားထုတ်ခြင်း၊

ဘာသာရေးဆိုင်ရာတရားအားထုတ်မှုဖြစ်စေ၊ စိတ်ကိုသိအောင်လုပ်တဲ့ Mindfulness တရားထိုင်ခြင်းဖြစ်စေ သင့်ရဲ့စိတ်ခံစားမှုဆိုင်ရာ ခံနိုင်ရည်ရှိမှုကို မြင့်တက်စေနိုင်ပါတယ်။ တိတ်ဆိတ်တဲ့တစ်နေရာမှာ သက်တောင့်သက်သာထိုင်ရင်း နှာသီးဖျားမှာ အာရုံကို ထားကာ လေဝင်သွားတိုင်း ဝင်တယ်၊ ထုတ်သွားတိုင်း ထွက်တယ်စသဖြင့် စူးစိုက်မှတ်ရင်း အတွေးပေါ်ရင် တွေးတယ်၊ ယားရင်ယားတယ် စသဖြင့်မှတ်နေခြင်းဖြင့် သင့်ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ဒေါသထွက်နေရင် ဒေါသထွက်ရတဲ့အကြောင်းရင်းကို မလိုက်ပဲ စိတ်တိုတယ်၊ စိတ်တိုတယ်နဲ့ မှတ်နေခြင်းကို ဆိုလိုပါတယ်။ ကျွန်တော်တော့ နေ့တိုင်း တစ်ရက် ၁ နာရီ ၂ ကြိမ်ထိုင်ဖြစ်တာ တစ်နှစ်ခွဲလောက်ရှိပါပြီ။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၆။ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊

စိတ်၊ ခံစားမှု၊ ခန္ဓာကိုယ် အကုန်လုံးဟာ အပြန်အလှန်ဆက်စပ်ပါတယ်။ သင့်စိတ်ဟာ မကောင်းတာတွေကို အာရုံစိုက်နေရင် ခန္ဓာကိုယ်မှာ နှုန်းသလိုဖြစ်လာတတ်သလို ခန္ဓာကိုယ်က အိပ်ရေးမ၀ရင်၊ ကြံ့ခိုင်မှုမရှိရင်၊ မကျန်းမာရင်လည်း မကောင်းတဲ့စိတ်ခံစားမှုတွေ ဝင်လာတတ်ပါတယ်။ သင်သာ နေ့စဉ်နေ့တိုင်း အချိန်တစ်ခုသတ်သတ်မှတ်မှတ်ပေးပြီး ချွေးထွက်စေတဲ့ လေ့ကျင့်ခန်းတစ်ခုခုကို ပြုလုပ်မယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်ကျန်းမာဖို့အပြင် စိတ်ခံစားမှုတွေ ကောင်းမွန်လာဖို့ကိုပါ အထောက်အပံ့ဖြစ်လာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ရာမှာ အိပ်ရေး၀အောင် အိပ်ဖို့နဲ့ အစားအသောက်ဆင်ခြင်ဖို့ကိုလည်း မမေ့ဖို့ သတိပေးချင်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၇။ ဆိုရှယ်မီဒီယာအသုံးပြုမှုကို လျှော့ချခြင်း၊

သတင်းများကို အလွန်အကျွံကြည့်ခြင်း၊ ဆိုရှယ်မီဒီယာအသုံးလွန်ခြင်းတွေဟာ သင့်ရဲ့စိတ်ခံစားမှုအခြေအနေကို သိသိသာသာကို ဆိုးဝါးစေနိုင်ပါတယ်။ သတင်းအများစုဟာ ခံစားမှုပိုင်းဆိုင်ရာကို လှုံ့ဆော်တဲ့ဘက်ကို ဦးစားပေးတတ်ကြပါတယ်။ သင်က သင့်ရဲ့ အဆင်ပြေမှုကိုရော၊ အဆင်မပြေမှုတွေကိုရော သိနေတဲ့အချိန်မှာ အခြားသူတွေရဲ့ အဆင်ပြေကြောင်းကိုပဲ မြင်ရတဲ့ ဆိုရှယ်မီဒီယာပို့စ်တွေဟာ ဆင်ခြင်တုံတရားလွတ်သွားချိန်မှာ မကောင်းတဲ့စိတ်ခံစားမှုတွေ ပိုပြီးများလာစေနိုင်ပါတယ်။ သတင်းအချက်အလက်နဲ့ ဗဟုသုတရဖို့၊ လူတွေနဲ့ ဆက်သွယ်ဖို့အတွက် သတင်းကြည့်ခြင်း၊ ဆိုရှယ်မီဒီယာအသုံးပြုခြင်းတွေကို လုပ်ဆောင်ဖို့လိုပေမယ့် အလွန်အကျွံမဖြစ်အောင် သင့်ကိုယ်သင် ထိန်းကျောင်းဖို့လိုပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၈။ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်း၊

သက်တောင့်သက်သာဖြစ်တဲ့နယ်ပယ်ကို ကျော်သွားချိန်မှာ ဘ၀စတယ်ဆိုတဲ့ အဆိုအမိန့်လိုပါပဲ၊ ခက်ခဲတဲ့အချိန်တွေမှာ သင်ဟာ တကယ်တော့ Expand ဖြစ်လာတာပါ။ သင်သာ ၅ မိနစ်ပြေးနေကျဆိုရင် ၁၀ မိနစ်ပြေးရတဲ့အချိန်မှာ သိသိသာသာ မောလာနိုင်ပါတယ်။ သင့်အနေနဲ့ ပင်ပန်းနေတာကို အာရုံစိုက်မိနေနိုင်ပေမယ့် သင့်ရဲ့ ခံနိုင်ရည်မြင့်တက်လာတာ၊ အရည်အချင်းတွေ တိုးတက်လာတာကို သတိမမူပဲဖြစ်နေနိုင်ပါတယ်။ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်တက်မှုကို အထောက်အပံ့ဖြစ်ဖို့အတွက် စာဖတ်ပါ၊ သင်တန်းတွေ တက်ပါ၊ ဟောပြောမှုတွေနားထောင်ပါ၊ ဒါဆိုရင် ခက်ခဲတဲ့ကာလကို ကျော်သွားချိန်မှာ သင်သာ အရင်ကနဲ့ ဘာမှကို မဆိုင်တဲ့သူတစ်ဦးဖြစ်လာမှာပါ။

Naing Win Aung (MBA, UK)

CEO Coach & NLP Master Trainer

Business Leadership Facilitator

#naingwinaungexecutivecoach

#Breakthrough_Coaching_Myanmar

#NLP#Coaching#Transformation

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အကယ်၍ အခုစာဖတ်နေတဲ့မိတ်ဆွေဟာ အချိန်တိုအတွင်း လုပ်ငန်းနဲ့ ဘဝတိုးတက်ပြောင်းလဲမှုကို လက်တွေ့ကျကျလုပ်ဆောင်နိုင်ဖို့အတွက် စိတ်အားထက်သန်နေတယ်ဆိုရင် Breakthrough Coaching, Training & Consulting စာမျက်နှာကို သွားရောက်၍ ဖြစ်စေ 09765222102, 09765222104, 09765222107 တို့ကို ဆက်သွယ်၍ ဖြစ်စေစုံစမ်းမေးမြန်းနိုင်ပါတယ်။

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial