လုပ်ငန်းထဲမှာ သင်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ သင်လုပ်သင့်တဲ့ အရာ (၄) ခု

လုပ်ငန်းထဲမှာ သင်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ သင်လုပ်သင့်တဲ့ အရာ (၄) ခု
November 20, 2020
လုပ်ငန်းတိုးတက်မှု အစီအစဉ်ရေးဆွဲခြင်းအတွက် အရေးပါတဲ့ အချက် (၃) ချက်
November 23, 2020

လုပ်ငန်းခွင်မှာ ဦးဆောင်နေရတဲ့ နယ်ပယ်အသီးသီးမှာ ဦးဆောင်သူတွေ ဖြစ်ရင် ဖြစ်မယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ရင် ဖြစ်မယ်။ ဘယ်သူမဆို လုပ်ငန်းခွင်မှာ ကိုယ်လိုချင်တဲ့ အချက်တွေ ဖြစ်လာအောင် ဘယ်လို လုပ်မလဲဆိုတာနဲ့ ပတ်သက်တဲ့ အချက် (၄) ချက်ကို မျှဝေပေးသွားပါမယ်။

(၁) ဘာကို လိုချင်တယ်ဆိုတာကို သိဖို့လိုတယ်။

ကိုယ်က လုပ်ငန်းခွင် တစ်ခုမှာ ဒါမှမဟုတ် Branch တစ်ခုမှာ ဦးဆောင်ရတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ကုမ္ပဏီတစ်ခုလုံးကို ဦးဆောင်ရတာပဲ ဖြစ်ဖြစ် အရေးကြီးတာက ကိုယ်က ဘာလိုချင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ ကိုယ် ဘာလိုချင်လဲဆိုတဲ့အရာက ပြောရရင် ကျယ်ပြန့်ပါတယ်။ အောင်မြင်တာ လိုချင်တယ်။ ပိုက်ဆံများများ လိုချင်တယ်။ ဒါတွေထက် အရေးကြီးတဲ့အချက်က ဘာလဲဆိုရင် တိကျတဲ့ ရည်မှန်းချက် ပန်းတိုင် ရှိရမယ်။ တိကျတဲ့ ရည်မှန်းချက် ပန်းတိုင်ဆိုတာ ကိုယ်လုပ်ငန်းကို လာမယ့် ၆ လ၊ ၁ နှစ်အတွင်း ဘယ်လို Result မျိုး လိုချင်တာလဲ ဆိုတာမျိုးပါ။

ကျွန်တော်ဆိုရင် ကျွန်တော့် Team က လူတွေနဲ့ ”၂၀၂၀ မှာ နဂိုရည်မှန်းထားတဲ့ အရာတွေက မဟုတ်တော့ဘူး။ COVID ကာလမှာ အကုန်လုံး ကသောင်းကနင်း ဖြစ်သွားတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ ဥပမာ အမေရိကန်လို နိုင်ငံမှာတောင် တစ်ရက်ကို လူ ၄ သောင်း၊ ၅ သောင်းလောက် ကူးနေတာဆိုတော့ COVID အလွန်ဆိုပြီး ပြောရမှာလည်း ခက်နေလို့ COVID နဲ့အတူ ဘယ်လို နေနိုင်ကြမှာလဲ” လို့ ပြောပါတယ်။ ဒီကာလအတွင်း ကျွန်တော်တို့ လုပ်ငန်းကို ပြန်ပြီး နလန်ထူအောင် Online Program တွေလိုမျိုး လုပ်လာတာတွေ ရှိတယ်။ ဘာကြောင့်ပဲပြောပြော ကျွန်တော်တို့ ဒီတစ်နှစ် အတွင်းမှာ ဘာကို လိုချင်သလဲဆိုပြီး တိတိကျကျ သတ်မှတ်နိုင်သလား ဆိုတော့လည်း မသတ်မှတ်နိုင်ဘူး။ များသောအားဖြင့် လုပ်ငန်း ရှင်သန်နိုင်ဖို့ကိုသာ အရင်ဆုံး စဉ်းစားကြပါတယ်။

အရေးကြီးတာက အဲဒါနဲ့ မလုံလောက်ဘူး။ ၂၀၂၀ အတွင်းမှာ ကိုယ့်အနေနဲ့ ဘာကို လိုချင်တာလဲ ဆိုတာ သေချာ သတ်မှတ်ရမယ်။ ဒါကြောင့် အခုဆို ၂၀၂၀ ခုနှစ်ရဲ့ အနည်းငယ်သာ ကျန်ရှိတော့တဲ့ ကာလတွေမှာ လိုချင်တဲ့ အရောင်းနဲ့ အမြတ်ရယ်ကို သေသေချာချာ သတ်မှတ်ရပါမယ်။ ဒါမှမဟုတ် လိုချင်တဲ့ ဈေးကွက် ရှယ်ယာတို့လိုမျိုးလည်း သတ်မှတ်လို့ရတယ်။ ဒါမှမဟုတ် ဘယ်နယ်မြေတွေကို ထပ်ပြီး တိုးချဲ့မယ်။ ဘယ်လို New Product တွေ Service တွေ ထပ်ပြီး ချဲ့မယ်။ ဒီလိုမျိုးတွေကို မိတ်ဆွေတို့ရဲ့ လုပ်ငန်းပေါ်မှာ မူတည်ပြီး ကိုယ်ဘာကို လိုချင်တာလဲလို့ တိတိကျကျ သတ်မှတ်နိုင်ပါတယ်။

အကယ်၍ မန်နေဂျာတွေဆိုရင် ကိုယ့်ရဲ့လုပ်ငန်းမှာ၊ ကိုယ်ကိုင်နေတဲ့ Branch မှာ ဘယ်လို Progress တွေ၊ ဘယ်လို တိုးတက်မှုတွေကို လိုချင်နေလဲ ဆိုတာတွေကို သိဖို့လိုပါတယ်။ ကုမ္ပဏီတစ်ခုလုံး အတိုင်းအတာနဲ့ သိဖို့လိုသလို Department အတိုင်းအတာနဲ့ပါ သိဖို့လိုပါတယ်။ အဓိက Key Person တစ်ယောက်ချင်းစီကနေလည်း သူတို့ဆီက ကိုယ် ဘာကို လိုချင်လဲ၊ ကိုယ့်ရဲ့ မျှော်လင့်ချက်က ဘာတွေလဲ ဆိုတာကို သိဖို့လိုပါတယ်။ ဒါတွေကိုလည်း ပြောပြထားရပါမယ်။

(၂) ကိုယ်လိုချင်တာတွေကို ဝန်ထမ်းတွေ သိအောင် သင်ကြားပေးဖို့ လိုတယ်။

ကိုယ်လိုချင်တာတွေ၊ မိတ်ဆွေတို့အနေနဲ့ လိုချင်တာတွေ၊ Leader အနေနဲ့ လိုချင်တာတွေကို ဝန်ထမ်းတွေ သိအောင် သင်ကြားပေးဖို့ လိုပါတယ်။ ရှင်းပြပေးဖို့ လိုတယ်။ နားလည် သဘောပေါက်အောင် ပြောပြပေးဖို့ လိုတယ်။ ဒါတွေကို ကိုယ့်အနေနဲ့ ဘာကြောင့်လိုချင်ရတာလဲ၊ ဘာတွေကို လိုချင်တာလဲ၊ သူတို့ဆီက ဘာတွေ မျှော်လင့်ထားတာလဲ၊ သူတို့အနေနဲ့ ဘာတွေကို လုပ်ပေးဖို့ လိုတာလဲ ဆိုတာတွေကို သေသေချာချာ ပြောပြထားရပါမယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေအနေနဲ့ သူတို့လူကြီးတွေရဲ့ ဘာကိုလိုချင်လဲ ဆိုတာ သိဖို့လိုအပ်သလို အဲဒါနဲ့ပတ်သက်ပြီး သူတို့ရင်ထဲ ကူးစက်သွားအောင် လုပ်ပေးနိုင်ဖို့က Leader တွေမှာ တာဝန်ရှိပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

(၃) သူတို့ သိတဲ့အတိုင်း လုပ်ကြရဲ့လားဆိုတာကို ပြန်လည် စစ်ဆေးနေဖို့ လိုတယ်။

သူတို့သိတဲ့အတိုင်း ပြန်ပြီး လုပ်နေရဲ့လားဆိုတာ စစ်ဆေးနေဖို့ လိုပါတယ်။ ဆိုလိုတာက တချို့ မန်နေဂျာတွေအနေနဲ့ အောက်ကလူတွေကို ပြောလိုက်ပြီးရင် သူတို့တာဝန် ပြီးပြီလို့ ထင်နေတတ်ကြပါတယ်။ ”ကျွန်တော် ပြောထားပါတယ်” ဆိုတဲ့စကားက လုပ်ငန်းရှင်တွေ အနေနဲ့ ခဏခဏ ကြားဖူးပါလိမ့်မယ်။ ”ကျွန်တော် ပြောထားတယ် ဆိုတဲ့အတိုင်းသာ ဖြစ်လို့ရှိရင် ငါဆိုင် ၁၀၀၀ လောက်ဖြစ်နေပြီ” လို့ ကျွန်တော့်ရဲ့ ဦးလေးတော်သူ YKKO ရဲ့ Chairman ဖြစ်သူ ကွယ်လွန်သူ အန်ကယ် ဦးဉာဏ်လင်းက ပြောပြခဲ့ဖူးပါတယ်။ တစ်ခုခုဆိုရင် ကျွန်တော်အပါအဝင် သူ့ရဲ့လက်အောက်က လူတွေက ”ကျွန်တော် ပြောထားပါတယ်” လို့ပြောလာရင် ပြောထားတယ်နဲ့ မရဘူး ပြီးလား၊ မပြီးလားဆိုတာ ပြန်စစ်ဖို့ လိုတယ်။ ပြန်စစ်တာ မရှိရင် ”ပြောထားတယ်”ဆိုတဲ့ကိစ္စက ကိုယ်တောင် သတိမရတော့တဲ့အခါ ကိုယ့်အောက်က လူတွေအနေနဲ့လည်း သတိရမယ်ဆိုတာ တော်တော်အဓိပ္ပာယ် မရှိပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့က တစ်ခုခု ပြောထားပြီးပြီဆိုရင် သူတို့ လုပ်ကြရဲ့လား ဆိုတာ ပြန်ပြီးတော့ စစ်ဆေးရပါမယ်။

(၄) ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ အတွက် အသိအမှတ်ပြုဖို့ လိုတယ်

အဲဒီလို သူတို့ လုပ်ကြတဲ့အခါမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်တာတွေ၊ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ၊ ကိုယ်ခိုင်းစရာ မလိုဘဲ လုပ်ပေးတာမျိုးတွေရှိရင် အဲဒီလုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ အဲဒီလိုဆိုရင် လူတွေက ကောင်းတာလုပ်တဲ့သူက ထပ်ပြီးတော့ ကောင်းအောင် လုပ်ချင်လာမယ်။ တချို့ကျတော့ သူကိုယ်တိုင်က အဲဒီလောက် ကောင်းအောင်မလုပ်နိုင်သေးပေမယ့် တခြားသူတွေကို ကိုယ့်ရဲ့ အလုပ်ရှင်က ကောင်းတာလုပ်လို့ ချီးကျူးပေးတာကို ကြားရတဲ့အခါ သူ့အနေနဲ့ ကောင်းအောင် လုပ်ချင်လာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အားလုံးအနေနဲ့ အရေးကြီးတာက ဘာလိုချင်လဲ ဆိုတာကို သိဖို့လိုတယ်။ ကိုယ်လိုချင်တာကို ဝန်ထမ်းတွေ သိလာအောင် သင်ကြားပေးဖို့ လိုတယ်။ သူတို့တွေ သိကြတဲ့အတိုင်းရော လုပ်ကြရဲ့လားဆိုတာ ပြန်စစ်ဆေးပေးဖို့ လိုတယ်။ နောက်ဆုံးအချက်က ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ရှိလာရင် အသိအမှတ် ပြုပေးရမယ်။ မိတ်ဆွေတို့အနေနဲ့ ငယ်ငယ်တုန်းက ကိုယ်တစ်ခုခု လုပ်တဲ့အခါ ဘယ်လောက်ပဲ ကောင်းကောင်း ချီးကျူးပေးခြင်း မရှိတဲ့ အဖွဲ့အစည်းမျိုးမှာ လုပ်ချင်ကြရဲ့လား ဆိုတာ ကိုယ်တိုင် စဉ်းစားကြည့်ကြလို့ ရပါတယ်။ အဲဒီလိုမျိုးဆို လုပ်ချင်ကြမှာ မဟုတ်ကြဘူး။ ဒါကြောင့် ကောင်းတာလေးတွေ ရှိလာတဲ့အခါ ချီးကျူးပေးဖို့ လိုတယ်။ အသိအမှတ်ပြုပေးဖို့ လိုတယ်။ ဒါတွေကြောင့် လုပ်ငန်းခွင်ထဲမှာ အထောက်အကူ ပြုနိုင်တာ အများကြီး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်မိပါတယ်။

CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial