သင့်အဖွဲ့အစည်းထဲမှာ ကိုယ့်စည်းကမ်း ကိုယ်ထိန်းတတ်တဲ့ ဝန်ထမ်းတွေ များလာအောင် သင်လုပ်နိုင်တဲ့ အကြံပြုချက် (၅) ချက်

သင့်အဖွဲ့အစည်းထဲမှာ ကိုယ့်စည်းကမ်း ကိုယ်ထိန်းတတ်တဲ့ ဝန်ထမ်းတွေ များလာအောင် သင်လုပ်နိုင်တဲ့ အကြံပြုချက် (၅) ချက်
October 20, 2020
သင့်လုပ်ငန်းအလားအလာကို မြှင့်တင်ဖို့အတွက် အဓိကကျတဲ့ သော့ချက် (၅) ခု
October 22, 2020

သင့်အဖွဲ့အစည်းထဲမှာ ကိုယ့်စည်းကမ်း ကိုယ်ထိန်းတတ်တဲ့ ဝန်ထမ်းတွေ များလာအောင် သင်လုပ်နိုင်တဲ့ အကြံပြုချက် (၅) ချက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေက သူတို့ဘာသာသူတို့ စည်းကမ်းထိန်းနိုင်မယ်ဆိုရင် ကျွန်တော်တို့က နောက်ကနေပြီးတော့ လိုက်ပြောနေစရာ မလိုတော့ဘူး။ အဲဒီအခါကျတော့ သူတို့ကိုလည်း သင်က လိုက်ပြောစရာ မလိုသလို သူတို့လည်း စိတ်ရှုပ်စရာ မလိုဘူး။ အဲဒီအခါကျတော့ သင်နဲ့ သူတို့လည်း ဆက်ဆံရေး ပိုအဆင်ပြေနိုင်တယ်။ အလုပ်လည်း တွင်ကျယ်နိုင်တယ်။ အချိန်ကုန်လည်း သက်သာတယ်။ ဒီကိစ္စတွေကို လိုက်ပြောနေရတဲ့အတွက်ကြောင့် မလိုအပ်တဲ့ အချိန်ဆုံးရှုံးမှုတွေလည်း လျော့ပါးစေတယ်။ ဝန်ထမ်းတွေ သူတို့ဘာသာသူတို့ စည်းကမ်းတွေ ထိန်းသိမ်းတတ်လာဖို့အတွက်ကို ကျွန်တော်တို့ လုပ်သင့်တဲ့ အချက် (၅) ချက် မျှဝေချင်ပါတယ်။

(၁) လေ့လာသင်ယူမှုကို အားပေးပါ။

အကယ်၍ သင့်ဝန်ထမ်းတွေဟာ သူတို့ကိုယ်သူတို့ လုပ်ငန်းခွင်က စည်းကမ်းလည်း မထိန်းသိမ်းကြဘူး။ သူတို့ဘာသာသူတို့လည်း ထိန်းကျောင်းနိုင်တာမရှိဘူးဆိုရင် အသိပညာ လိုအပ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့အသိပညာ တိုးတက်ဖို့အတွက် ကျွန်တော်တို့ ဘာလုပ်ဖို့လိုလဲဆိုရင် ပြင်ပကနေ Trainer တွေ Speaker တွေကို ဖိတ်ခေါ်ပြီးတော့ ဟောပြောပွဲတွေ ပြုလုပ်ပေးလို့ ရပါတယ်။

ကိုယ့်ရဲ့ ကုမ္ပဏီအတွက်ကို သီးသန့် သင်တန်းတွေ လုပ်လို့ရတယ်။ ဒါမှမဟုတ်ရင် သူတို့ကို Leadership Training တွေ၊ ဒါမှမဟုတ် Personal Development လိုဟာမျိုးတွေ၊ တခြားသူတို့ စိတ်ဝင်စားနိုင်တဲ့ဘာသာရပ်တွေ သင်ပေးရပါမယ်။ သူတို့ကို သင်တန်းတွေဘာတွေ သွားပြီးတော့ တက်ခိုင်းရင် အဲဒီသင်တန်းတွေမှာ သင်ကြားပေးတဲ့ Coach တွေ၊ Trainer တွေ၊ Consultant တွေအနေနဲ့က ဒီလိုမျိုးပညာရပ်တွေကို လေ့လာတဲ့နေရာမှာ ဘယ်လိုမျိုး စည်းကမ်းတွေတော့ လိုက်နာသင့်တယ်ဆိုပြီး ပြောပြရင်၊ အဲဒါမျိုးကို သူတို့ခေါင်းထဲမှာ စွဲသွားရင် အဲဒါက သင်ကိုယ်တိုင် ပြောတာထက် ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။

ဒါမှမဟုတ်ရင်လည်း သူတို့ကို စာအုပ်တွေ ဖတ်ခိုင်းလို့ရတယ်။ အရေးကြီးတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို လေ့လာသင်ယူမှုကို အားပေးခြင်းအားဖြင့် သင်ပြောစရာ မလိုဘဲနဲ့ သူတို့ဘာသာသူတို့ အသိပညာတွေ ရလာလိမ့်မယ်။ အဲဒီအသိပညာတွေက သူတို့ရဲ့ရင်ထဲကို ရောက်သွားတဲ့အခါကျရင် သူတို့စပြီး ထိန်းသိမ်းလာကြပါလိမ့်မယ်။

(၂) ဟောပြောပွဲတွေ၊ လုပ်ငန်းခွင်အတွင်း သင်တန်းတွေ မကြာခဏ ပြုလုပ်ပါ။

သင့်ရဲ့ဝန်ထမ်းတွေဆီမှာ Invest လုပ်ပါ။ သင့်ကိုယ်ကိုယ် Invest လုပ်ပါ။ ကျွန်တော်တို့က ကျွန်တော်တို့ သိသလောက်ပဲ အောင်မြင်နိုင်တယ်။ သင့်ရဲ့ဝန်ထမ်းတွေ လုပ်နိုင်သလောက်ပဲ သင့်ရဲ့အဖွဲ့အစည်းက အောင်မြင်နိုင်တယ်။ အဲဒီအခါကျတော့ သင့်ရဲ့ဝန်ထမ်းတွေက အသိပညာတွေ အားနည်းနေတယ်ဆိုရင် သူတို့အနေနဲ့လည်း သူတို့ဘာသာသူတို့တောင် အချိန်တွေနဲ့ စည်းကမ်းတွေ မလိုက်နာတာတွေ ရှိတယ်။ အတိအကျ သင်ပေးထားပါလျက်နဲ့ မလုပ်နိုင်ဘူးဆိုရင် အင်မတန်ခက်ခဲတယ်။ အဲဒီအခါကျတော့ သူတို့တွေကို အသိပညာတွေ မြှင့်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့က လုပ်ငန်းခွင်ထဲမှာ ဟောပြောပွဲတွေ လုပ်လို့ရတယ်။

အဲဒါက အချိန်ပိုင်း ဟောပြောပွဲတွေ ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် နှစ်ရက်သင်တန်း၊ သုံးရက်သင်တန်း၊ ဒါမှမဟုတ်ရင် တစ်နှစ်လုံးစာသင်တန်း၊ အဲဒါမျိုးလေးတွေကို Online ကပဲပြောပြော၊ အပြင်မှာပဲလုပ်လုပ် လုပ်လို့ရတယ်။ အရေးကြီးတာကတော့ ဟောပြောပွဲတွေ၊ လုပ်ငန်းခွင်အတွင်း တစ်ချို့သင်တန်းမျိုးတွေကို သင့်ဘာသာ သင်ကြားပေးတာလည်း ဖြစ်နိုင်တယ်။ မန်နေဂျာတွေက သင်ပေးတာတွေလည်း ဖြစ်နိုင်ပါတယ်။ Senior တွေက သင်ပေးတာတွေလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်းခွင်အတွင်း သင်တန်းတွေ ဟောပြောပွဲတွေ လုပ်မယ်ဆိုရင် ဝန်ထမ်းတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်မှုကို မြှင့်တင်ပေးနိုင်တယ်။

(၃) စံပြဝန်ထမ်းများကို ချီးကျူးဂုဏ်ပြုပါ။

စံပြဝန်ထမ်းတွေဆိုတာ လုပ်ငန်းမှာ သူတို့ Performance တွေ ကောင်းတာလည်း ဖြစ်နိုင်တယ်။ စွမ်းဆောင်ရည်တွေ ကောင်းတာဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင် စည်းကမ်းလိုက်နာမှု အင်မတန်ကောင်းတာလည်း ဖြစ်နိုင်တယ်။ အဲဒီလိုမျိုးဖြစ်တဲ့ ဝန်ထမ်းတွေကို ဒါမှမဟုတ် ထပ်ဖြစ်နိုင်သေးတာက ပေါင်းသင်းဆက်ဆံရေး အင်မတန်ကောင်းတာလည်း ဖြစ်နိုင်သေးတယ်။ တစ်ချို့တလေ စကားပြောတာ သိပ်ချိုသာတယ်။ အဲဒီလိုမျိုး တကယ်အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ၊ တော်တဲ့ဝန်ထမ်းတွေ၊ စည်းကမ်းလိုက်နာတဲ့ ဝန်ထမ်းတွေကို ချီးကျူးဂုဏ်ပြုပေးရင် လူရှေ့သူရှေ့မှာ ချီးကျူးပေးရင် ကျန်တဲ့ဝန်ထမ်းတွေကလည်း ကောင်းလာချင်စိတ် ရှိတယ်။ ကောင်းတဲ့ဝန်ထမ်းကလည်း သူတို့စိတ်ထဲမှာ အားရှိတာပေါ့။

(၄) ခေါင်းဆောင်တွေကိုယ်တိုင်က စည်းကမ်းလိုက်နာပါ။

ဘာဖြစ်လို့လဲဆိုတော့ နောက်လိုက်တွေကို ကိုယ်က စည်းကမ်းရှိစေချင်ရင် ခေါင်းဆောင်တွေကိုယ်တိုင်ကိုယ်က စည်းကမ်းရှိရတယ်။ ခေါင်းဆောင်တွေ ကိုယ်တိုင်ကိုက ထိန်းထိန်းသိမ်းသိမ်း နေတတ်ထိုင်တတ်ရတယ်။ စံပြအနေနဲ့ နေတတ်ရတယ်။ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်ကိုက စည်းမဲ့ကမ်းမဲ့ နေတယ်ဆိုရင် ဘယ်လိုမှ နောက်လိုက်တွေက စည်းကမ်းရှိဖို့ကို မျှော်လင့်ဖို့ တော်တော်ခက်တယ်။ အရေးကြီးတာက အလယ်ခေါင်းဆောင်တွေ အရေးကြီးတယ်။ တစ်ချို့ Senior ခေါင်းဆောင်တွေ စည်းကမ်းလိုက်နာမှု အားနည်းနေတယ်ဆိုရင် ပြင်ခိုင်းဖို့လိုတယ်။

(၅) ရာထူးကြီးကြီးမားမား ယူထားပြီးတော့ စံပြ မဖြစ်သူများကို ရာထူးက ဖယ်ရှားပါ။

အဲဒီလူတွေကို ဆက်ထားနေသရွေ့ နောက်လိုက်တွေက သူတို့ကိုကြည့်ပြီးတော့ သူတို့တောင်မှမပြင်တာ ငါတို့ ဘာဖြစ်လို့ပြင်ရမှာလဲ ဆိုတာရှိတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ ရှိစရာမလိုဘူး။ အဲဒီတော့ စည်းကမ်းထက် ဘယ်သူမှ အပေါ်မှာရှိနေစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ရာထူးကြီးကြီး ယူထားတယ်။ စည်းကမ်း မလိုက်နာဘူး။ စည်းမဲ့ကမ်းမဲ့ နေတယ်။ သူ့ဘာသာ ထိန်းထိန်းသိမ်းသိမ်း မနေနိုင်ဘူး။ အဲဒီလို လူမျိုးတွေကို ဘာလုပ်သင့်လဲ။ အချိန်တစ်ခုယူ ညှိနှိုင်း။ ဘယ်လိုမှ မရတဲ့အခါကျရင် ရာထူးကနေ ဖယ်ရှားပါ။

ဒါဆိုရင်တော့ လုပ်ငန်းခွင်ထဲမှာ ကိုယ့်စည်းကမ်း ကိုယ်ထိန်းသိမ်းနိုင်တဲ့ ဝန်ထမ်းတွေ များလာဖို့အတွက် အထောက်အကူပြုမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ အဓိကကတော့ စည်းကမ်းရှိရင် ရှိသလို ချီးကျူးဖို့ လိုသလို စည်းကမ်းမရှိရင်လည်း ထိုက်သင့်တဲ့ အရေးယူမှုတွေ ကိုယ်ကလုပ်ဖို့ လိုတယ်။ မဟုတ်ရင် လုပ်ငန်းခွင်ထဲမှာ စည်းကမ်းလိုက်နာမှုတွေ ဘယ်လိုမှ အားကောင်းလာမှာ မဟုတ်ပါဘူး။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
#naingwinaungceocoach#naingwinaungexecutivecoach#Leadership#Coaching#Transformation#NLP#Breakthrough#Breakthrough_Coaching_Myanmar#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial