“ခေါင်းဆောင်မှုနဲ့ရင့်ကျက်မှု”

စီးပွားရေးလုပ်ငန်းရှင်တွေ Goal ထက် Growth ကို အာရုံစိုက်သင့်တဲ့ အကြောင်းအရင်း (၃) ခု
September 3, 2020
တစ်ကိုယ်ကောင်းဆန်တဲ့ ခေါင်းဆောင်တွေကြောင့် ဖြစ်လာတတ်တဲ့ အကျိုးဆက် (၅) ချက်
September 5, 2020

ခေါင်းဆောင်မှုဆိုတဲ့ စကားလုံးဟာ တော်တော်ကို ရေပန်းစားတဲ့စကားလုံးဖြစ်ပါတယ် …
ဘာဖြစ်လို့လဲဆိုတော့
လူတိုင်း ဦးဆောင်သူဖြစ်ချင်ကြတယ် …
ကိုယ့်အတွက်နဲ့ အများအတွက်ဆိုပြီး ရည်မှန်းချက်တွေနဲ့ စိတ်ကူးယဉ်ကြမယ် …
လက်အောက်မှာ တပည့်တပန်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်ကြရင်း အရေးပါ အရာရောက်တဲ့ အခြေအနေတစ်ရပ်မှာ ကိုယ့်ကိုယ်ကိုယ် မြင်ချင်ကြတယ် …
ဒါပေမယ့် တကယ့်တကယ်တန်းမှာ နေရာလေး တစ်နေရာရသွားပြီဆိုရင် သူတို့စိတ်ပြောင်းသွားတတ်ကြတယ် …
လက်အောက်ကလူတွေကို နှိမ်ချင်လာမယ် …
အောက်ခြေလွတ်ချင်လာမယ် …
ငါသိ ငါတတ် ထင်လာမယ် …

သင့်ကိုယ်သင် စစ်ဆေးကြည့်ရမယ် …

ခေါင်းဆောင်တစ်ယောက်မှာ လိုအပ်တဲ့ ရင့်ကျက်မှု သင့်မှာ ရှိနေရဲ့လား …
ရင့်ကျက်မှု ဆိုတာက ဘာလဲ
၁။ တခြားသူတွေကို ဦးမဆောင်ခင်မှာ ကိုယ့်ကိုယ်ကိုယ် ဦးဆောင်တာ ဖြစ်တယ်။ (ရင့်ကျက်မှု မရှိတဲ့သူတွေဟာ သူ့ကိုယ်သူ အရင်ဦးဆောင်ရမယ့်အစား တခြားသူတွေကို ဦးဆောင်ဖို့ပဲ အာရုံစိုက်ချင်ကြတယ်။)
၂။ Big Picture ကို မြင်ရမယ်။ ကိစ္စသေးသေးလေးတွေထက် အနာဂါတ်မှာ ဘာဖြစ်လာမလဲဆိုတာကို အာရုံစိုက်နိုင်ရမယ်။ လက်ရှိလုပ်နေတာတွေဟာ ဘယ်ကို ဦးတည်နေသလဲဆိုတာကို သင်သိဖို့ လိုပါတယ်။ ရေရှည်အတွက် ရေတိုကို စတေးချင်စိတ်လည်း ရှိဖို့ လိုပါတယ်။
၃။ သင့်အဖွဲ့သားတွေကို တန်ဖိုးတက်လာအောင် လုပ်ပေးရင်း အဖွဲ့အစည်းရဲ့ တန်ဖိုးကို တက်လာအောင် လုပ်ပေးရမယ်။ သင်လက်ရှိဘာတွေ လုပ်ပေးနေလဲ၊ ဘာတွေလုပ်ပေးရင် ကောင်းမလဲ ပြန်သုံးသပ်ကြည့်ပါ။
၄။ မှန်ကန်တဲ့ အကြောင်းရင်းတွေအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရမယ်။ ဆုံးဖြတ်ချက်ချဖို့ဆိုတာ အပြောလွယ်သလောက် လုပ်ရတာ ခက်ခဲတတ်ပါတယ်။ ရင့်ကျက်တဲ့ ခေါင်းဆောင်တစ်ယောက်ကတော့ အဲဒီလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရင်း ရင့်ကျက်ကြောင်းကို ပြသကြပါတယ်။

၅။ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရင်း၊ အပြောင်းအလဲတွေကို ပြုလုပ်ရင်း ရှေ့ကို ဆက်လက်ချီတက်ရမယ်။ ခေါင်းဆောင်တွေဟာ ပြောင်းလဲမှုတွေ၊ ဟန်ချက်ညီအောင် အလိုက်သင့်ပြောင်းလဲတာတွေကို အမြဲတမ်းပြုလုပ်တတ်ကြတယ်။ ပြောင်းလွယ် ပြင်လွယ်ဖြစ်ပြီး ပြောင်းလဲနိုင်တဲ့အရည်အချင်းဟာ ခေါင်းဆောင်မှုကို ပိုပြီး အားကောင်းလာဖို့အတွက် မဖြစ်မနေ အရေးကြီးတဲ့ကိစ္စဖြစ်တယ်။

ရင့်ကျက်တဲ့ ခေါင်းဆောင်ဖြစ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။
၁။ ကိုယ့်အတွက် ခံစားပိုင်ခွင့်ကိုပဲ ခေါင်းထဲ မထည့်ထားပါနဲ့။ သင့်အတွက်ပဲ စဉ်းစားနေသရွေ့ သင့်လူတွေက သင့်ကို ခေါင်းဆောင်လို့ လက်ခံမှာ မဟုတ်ဘူး။ အဖွဲ့အစည်းနဲ့ အဖွဲ့သားတွေအတွက် စဉ်းစားပေးပါ။
၂။ သင်အစစအရာရာ မသိဘူးဆိုတာကို လက်ခံပါ။ ဒါဆိုရင် သင့် Team Member တွေကို ပိုအလေးထားလာလိမ့်မယ်။ တစ်ချို့သူတွေကျတော့ အရာရာကို သူသိသူတတ်လို့ ဟန်ဆောင်နေတာ၊ ဒါမှမဟုတ် မှားယွင်းစွာ ယူဆနေတာတွေကြောင့် အောက်ခြေလွတ်တဲ့သူတွေ ဖြစ်လာတတ်ကြပါတယ်။
၃။ ဖိအားများတဲ့အချိန်မှာ အလုပ်ကို ပိုကြိုးစားပါ။ လုပ်ငန်းခွင်နဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ ဖိအားတွေဟာ သင့်အရည်အချင်းနဲ့ ရင့်ကျက်မှုကို ပိုပြီး တက်လာပါစေလိမ့်မယ်။ ပိုပြီး ကြိုးစားပါ။ သင့်ထက်အရင် အောင်မြင်ခဲ့တဲ့သူတွေ အားလုံး ဒီအတိုင်း တိုးတက်သွားကြတာဆိုတာ သင်သိပါတယ်။ အဲဒါကြောင့် ဖိအားများတဲ့အချိန်ဟာ သင်ပိုပြီး ကြိုးစားရတော့မယ်ဆိုတဲ့ လက္ခဏာပါပဲ။
၄။ သင့်ပတ်ဝန်းကျင်မှာ သူ့နယ်ပယ်နဲ့သူ သင့်ထက် ပိုပြီး အရည်အချင်းရှိတဲ့သူတွေနဲ့ ဝန်းရံထားပါ။ အဲဒါဆိုရင် အောင်မြင်ဖို့ အခွင့်အလမ်းပိုများလာမယ်။ အရည်အချင်းရှိတဲ့သူတွေဟာ သင့်ကို အရည်အချင်း ပိုရှိလာစေလိမ့်မယ်။ မေးခွန်းကို ထိုင်ဖြေနေတာကနေ မေးခွန်းတွေ မေးတဲ့အနေအထားကို ပြောင်းလဲပါ။ Team က ပိုကောင်းလာလေလေ မေးတဲ့ မေးခွန်းတွေက ပိုပြီး အရည်အသွေးရှိလာလေလေ ဖြစ်တယ်။
၅။ စဉ်ဆက်မပြတ် တိုးတက်ရမယ့် လုပ်ငန်းစဉ်ကို ပို၍ ပို၍ ကြိုဆိုပါ။ ဘယ်လောက်ဝေးဝေးသွားရမှာလဲဆိုတာကို မမေးပါနဲ့။ သင်ဘယ်လောက်ဝေးဝေးသွားနိုင်သလဲဆိုတာကိုပဲ မေးပါ။ ခေါင်းဆောင်မှုကို တိုးတက်ချင်ရင် နေ့တိုင်း လုပ်သွားရပါတယ်။ ခေါင်းဆောင်မှုမှာ Finish Line မရှိဘူး။ အဆုံးသတ်မရှိဘူး။ အဆုံးသတ်ဆိုတာဟာ ကျနော်တို့ သေဆုံးသွားတဲ့အချိန်ပဲ ဖြစ်တယ်။

၆။ ရှုံးနိမ့်မှုတွေနဲ့ ပတ်သက်ရင် အကောင်းမြင်ပါ။ ရှုံးနိမ့်မှုတွေနဲ့ ပတ်သက်ရင် ရွေးချယ်စရာ ၂ ခုရှိတယ်။ ဒီအတိုင်း ထားလိုက်မလား။ လေ့လာသင်ယူပြီး တိုးတက်လာအောင် လုပ်မလား။ ပညာရှိတယ်ဆိုတာ ရှုံးနိမ့်မှုကနေ လေ့လာသင်ယူတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။

ရင့်ကျက်တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အောင်မြင်မှု သံသရာ ဘယ်လိုလည်လဲ။
၁။ စမ်းသပ်လုပ်ကြည့်ခြင်း၊
အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် သေချာပြင်ဆင်မှု မရှိပဲ လုပ်လို့ မရဘူး။ သေချာ ပြင်ဆင်ရမယ်။ ပြီးရင်တော့ လုပ်စရာရှိတာကို စမ်းသပ်ပြီး လုပ်ကြည့်ဖို့ လိုပါတယ်။ မလုပ်ကြည့်မချင်းတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။
၂။ ရှုံးနိမ့်ခြင်း၊
အလုပ်တစ်ခုခုကို စမ်းလုပ်ကြည့်ပြီဆိုရင် ရှုံးနိမ့်မှုဆိုတာဟာ မျှော်လင့်ထားရမယ့် ကိစ္စဖြစ်ပါတယ်။ အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်မှာ သေချာပေမယ့် ရှုံးနိမ့်နိုင်တယ်ဆိုတာကို မျှော်လင့်ထားရမယ်။
၃။ သင်ခန်းစာယူခြင်း၊
ဘဝမှာ စိုးရိမ်စရာကောင်းတာက အမှားတွေ ဘယ်နှစ်ခုမှားသလဲ မဟုတ်ဘူး။ တူညီတဲ့အမှားအယွင်း ဘယ်နှစ်ခု မှားသလဲဆိုတာ ဖြစ်တယ်။ သင်ခန်းစာ မယူတဲ့သူဟာ အမှားတွေ ထပ်တလဲလဲ မှားနေကြလိမ့်မယ်။
၄။ တိုးတက်လာခြင်း၊
သင်သာ သင်ခန်းစာမယူပဲ အရင်အတိုင်း လုပ်နေရင် အရင်အတိုင်း ပြန်ဖြစ်နေမှာ သေချာပေမယ့် သင်သာ သင်ခန်းစာယူပြီး ပြောင်းလဲမယ် ကြိုးစားမယ်ဆိုရင် အရင်အခြေအနေကနေ တိုးတက်မှုတွေကို စတင်ခံစားသိရှိလာပါလိမ့်မယ်။
၅။ ထပ်မံလုပ်ကိုင်ခြင်း၊

ဒီအဆင့်မှာတော့ သင်ဟာ နောက်တစ်ဆင့်ကို တိုးတက်မှုအတွက် ထပ်မံလုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ ထပ်မံလုပ်ကိုင်တဲ့အလျောက် စမ်းသပ်လုပ်ကိုင်ရတာ၊ ရှုံးနိမ့်တာ၊ သင်ခန်းစာယူရတာ၊ တိုးတက်လာတာတွေကို ထပ်မံတွေ့ရှိရမှာပဲ ဖြစ်ပါတယ်။

တစ်ချို့ကတော့ မိုက်မဲမှု သံသရာလည်ချင်ကြတယ်။
၁။ ရှုံးနိမ့်ခြင်း
အလုပ်တစ်ခုခုလုပ်လို့ ရှုံးနိမ့်မှုကို တွေ့ရမယ်။
၂။ ထပ်လုပ်ခြင်း
အရင်အတိုင်း ဆက်လုပ်မယ်။
၃။ ထပ်မံရှုံးနိမ့်ခြင်း
ထပ်ပြီး ရှုံးနိမ့်မယ်။

ပြီးရင် ငါဘာဖြစ်လို့ ရှုံးနိမ့်နေတာလဲလို့ သူတို့မေးကြလိမ့်မယ်။

အခြေအနေအသစ်တစ်ခုကို ဝင်ရောက်တဲ့နေရာမှာ လူနှစ်မျိုးရှိပါတယ်။
တစ်မျိုးက
ဒီကိစ္စ အဆင်ပြေသွားဖို့ မျှော်လင့်တယ်ဆိုတဲ့ လူမျိုးနဲ့
နောက်တစ်မျိုးက ဒီကိစ္စအဆင်ပြေကြောင်း ကျွန်တော် သက်သေပြမယ်ဆိုတဲ့ လူမျိုးဖြစ်ပါတယ်။
သင်ကတော့ ရင့်ကျက်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက် သက်သေပြမယ့်လူအမျိုးအစားမှာ ပါဝင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial