လူတွေကို အကြပ်မကိုင်ဘဲ ဦးဆောင်နိုင်စေရန် လုပ်ဆောင်သင့်သည့် နည်းလမ်း (၈) ခု

ခေါင်းဆောင်မှု အယူအဆအမှား (၁၀) ခုနဲ့ ၎င်းတို့ကို ကျော်လွှားနိုင်မယ့် နည်းလမ်းများ
June 15, 2020
ဦးဆောင်သူတွေမှာ ခံယူချက်အမှန်တွေ ရှိဖို့ အရေးကြီးတဲ့ အကြောင်းရင်း (၃) ချက်
June 16, 2020

စီးပွားရေးလုပ်ငန်းတွေမှာ ဦးဆောင်သူအဆင့်ဆင့်အနေနဲ့ လုပ်ရမယ့် လုပ်ဆောင်ချက်တွေ အများကြီးရှိသလို ရှုထောင့်မျိုးစုံကနေ ရေးသား မျှဝေထားတာတွေလည်း အများကြီးရှိပါတယ်။ လုပ်ငန်းတစ်ခုဘယ်လောက်အောင်မြင်သလဲဆိုတာဟာ အဲဒီအဖွဲ့အစည်းထဲကလူတွေ ဘယ်လိုလုပ်ကိုင်နေကြသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အဖွဲ့အစည်းတစ်ခု လုပ်ဆောင်ချက်တွေ ထိရောက်လာဖို့ဆိုရင် တစ်ယောက်ချင်းစီရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအရေးကြီးသလို အဲဒီတစ်ယောက်ချင်းဆီက လုပ်ဆောင်ချက်တွေ အကောင်းဆုံးထွက်လာဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြင့်တက်လာဖို့အတွက် CEO နဲ့ ထိပ်ဆုံးက ဦးဆောင်သူတွေရဲ့ ဦးဆောင်လမ်းပြမှုတွေဟာလည်း မဖြစ်မနေ လိုအပ်ပါတယ်။ ဦးဆောင်သူများအနေနဲ့ နောက်လိုက်များကို ခြိမ်းခြောက် အကြပ်ကိုင်ခြင်းနည်းလမ်းများနဲ့ ဦးဆောင်နိုင်သော်လည်း အကောင်းဆုံး စွမ်းဆောင်မှုများ ထွက်လာအောင်တော့ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ နယ်ပယ်အသီးသီးက ဦးဆောင်သူတွေအတွက် ကျွန်တော့်အနေနဲ့ ကျွန်တော့် လေ့လာသင်ယူခဲ့သလို လက်တွေ့လည်း လုပ်ဆောင်ဖြစ်တဲ့အကြောင်းအရာတွေထဲက အကျိုးရှိမယ်လို့ ကျွန်တော်ယုံကြည်တဲ့ နည်းလမ်း ၈ ခုကို မျှဝေလိုက်ပါတယ်။

၁။ ဘုံရည်မှန်းချက်တစ်ခု ပေါ်ပေါက်လာစေခြင်း၊ လုပ်ငန်းအဖွဲ့အစည်းလို့ ဆိုလိုက်တာနဲ့ အဲဒီထဲမှာ တစ်ဦးမကတဲ့ အဖွဲ့ဝင်များ ပါဝင်နေနိုင်ပြီး အဲဒီတစ်ဦးချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင်ဘဝရည်မှန်းချက်တွေရှိနိုင်သလို အဖွဲ့အစည်းအတွက်လည်း တစ်ယောက်ချင်းစီရဲ့ သီးခြား မျှော်မှန်းချက်တွေ ရှိနိုင်တဲ့အပြင် ဦးစီးတဲ့သူတစ်ယောက်ချင်းစီအပေါ်မူတည်ပြီး ဌာနတစ်ခုချင်းမှာပါ မတူညီတဲ့ ဦးတည်ရာတွေ ရှိနေနိုင်ပါတယ်။ ကောင်းသယောင်ယောင်ရှိပေမယ့် အဲဒီလို မတူညီတဲ့ ရည်မှန်းချက်တွေ ရှိနေတာကို တစ်ခုတည်းဖြစ်အောင် မညှိနှိုင်းနိုင်ရင် အဖွဲ့အစည်းဟာ ရှေ့ကို သွားလို့ မရပဲ ရပ်တန့်လည်ထွက်နေတာမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းအဖွဲ့အစည်းရဲ့ ရည်မှန်းချက်ဟာ အဖွဲ့သားတစ်ဦးချင်းစီကို ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာကို သေသေချာချာ ထုတ်ဖော်ပြီး သူတို့သိအောင် ပြောကြားပေးဖို့လည်း လိုအပ်ပါတယ်။

၂။ လုပ်ငန်းခွင်ထဲမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြင့်တက်လာစေခြင်း၊ ရေရှည်တိုးတက်မှုတွေဖြစ်လာဖို့အတွက် တစ်ဦးချင်း အရည်အချင်းတွေ မြင့်တက်နေဖို့ လိုအပ်တာသေချာပေမယ့် စုပေါင်းလုပ်ဆောင်မှုတွေ အားနည်းရင် ဘယ်လိုမှကို ထိရောက်တဲ့ရလဒ်တွေ မရနိုင်ပါဘူး။ ကျွန်တော်စားသောက်ဆိုင်လုပ်ငန်းမှာ Operation Director အနေနဲ့ ဦးစီးတုန်းကဆိုရင် စားသောက်ဆိုင်တွေရဲ့ ထုံးစံအတိုင်း မီးဖိုးခန်းနဲ့ စားပွဲထိုးတွေ အကြားမှာ ပွတ်တိုက်မှုတွေ ကြုံတွေ့ရပါတယ်။ အဲဒီလို အငြင်းပွားနေမယ့် အစား ငါတို့အားလုံးရဲ့ တာဝန်ဟာ လာစားတဲ့ ဖောက်သည်တွေ ကျေနပ်အောင် လုပ်ပေးဖို့ ဖြစ်တယ်၊ ငါတို့ ဘယ်လိုရအောင် လုပ်ကြမလဲဆိုတာကို အဖြေရှာခိုင်းမှ လုပ်ငန်းစွမ်းဆောင်မှုတွေ ပိုပြီ အဆင်ပြေလာတာမျိုးကို မြင်ရပါတယ်။

၃။ စဉ်ဆက်မပြတ်တိုးတက်မှုအတွက် တွန်းအားပေးခြင်း၊ လုပ်ငန်းတစ်ခုရဲ့ စွမ်းဆောင်ရည်ဟာ ဦးဆောင်တဲ့သူ နှလုံးသွင်းထားတဲ့ စံနှုန်းအပေါ်မှာ အများကြီးမူတည်ပါတယ်။ ဦးဆောင်တဲ့သူအနေနဲ့ ဖြစ်သင့်တဲ့ စံနှုန်းထက်လျော့တဲ့ စွမ်းဆောင်မှုတွေကို လက်ခံခဲ့မယ်ဆိုရင် အဲဒါဟာ နောက်ထပ် စံနှုန်းအသစ်ဖြစ်လာပါမယ်။ အရည်အသွေးမမှီတဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေ၊ လုပ်ဆောင်ချက်တွေကို လက်ခံထားသရွေ့ ပိုမိုမြင့်မားတဲ့အဆင့်ကို မြှင့်တင်နိုင်မှာ မဟုတ်ပါဘူး။ အခုခေတ်လို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ခေတ်မှာ အရည်အသွေးမမှီတဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေနဲ့ ပြိုင်ဆိုင်ရမယ်ဆိုရင် သင့်အဖွဲ့အစည်းဟာ ကြီးမားတဲ့အခက်အခဲတွေ ရင်ဆိုင်လာရနိုင်ပါတယ်။ အဲဒါကြောင့် သင့်အနေနဲ့ လက်ရှိရထားတဲ့ ရလဒ်တွေကို စစ်ဆေးပြီး နောက်တစ်ကြိမ်မှာ ဒီထက်သာအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို သင့်ရဲ့ အဖွဲ့ဝင်တွေနဲ့အတူ နည်းလမ်းရှာရပါမယ်။

၄။ အစီအစဉ်ရေးဆွဲခြင်းနှင့် စီစဉ်ဖွဲ့စည်းခြင်း၊ သင့်အနေနဲ့ အလုပ်စလုပ်ကာစ ဝန်ထမ်းသာသာ အဆင့်သာဖြစ်နေတုန်းကဆိုရင် ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် ဘာလုပ်မလဲဆိုတာလောက် စဉ်းစားရင် အဆင်ပြေကောင်းပြေနိုင်ပါတယ်။ သင်ဟာ အငယ်တန်းကြီးကြပ်ရေးမှူးလောက်ဖြစ်နေတယ်ဆိုရင်တော့ တစ်ပတ်စာလောက် ကြိုပြီး အစီအစဉ်ချထားဖို့ မဖြစ်မနေ လိုလာပြီး အကယ်၍ သင်ဟာ လုပ်ငန်းရှင်တစ်ယောက် ဒါမှမဟုတ် ဌာနအကြီးအကဲတစ်ယောက်ဖြစ်လာပြီဆိုရင်တော့ လာမယ့် ၆ လ၊ ၁ နှစ်၊ ၂ နှစ်၊ ၅ နှစ် ကာလတွေမှာ ဘာတွေဖြစ်လာနိုင်လဲ၊ ဘာတွေကြိုပြင်ထားဖို့ လိုအပ်မလဲ စသည်ဖြင့် အစီအစဉ် အသေးစိတ်ရေးဆွဲထားဖို့ လိုအပ်ပြီး လုပ်ဆောင်ချက်တစ်ခုချင်းအလိုက် တာဝန်ယူမယ့်သူ၊ လိုအပ်မည့်အချိန်၊ ငွေ၊ အခြားအရင်းအမြစ်များ၊ လုပ်ဆောင်မယ့် နည်းလမ်းများ စတဲ့အချက်တွေအားလုံးကို လေးလေးနက်နက်စဉ်းစားပြီး စီစဉ်ဖွဲ့စည်းထားဖို့ လိုအပ်ပါမယ်။ စီစဉ်ထားတဲ့အတိုင်း ဖြစ်၊ မဖြစ်ကို ပြန်စစ်ဆေးဖို့လည်း လိုပါမယ်။

၅။ တိုးတက်မှုကို ထိန်းသိမ်းထားနိုင်မယ့် နည်းလမ်းတွေကို ပံ့ပိုးပေးခြင်း၊ လူတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ အမြဲတမ်းရှင်သန်နေဖို့ဆိုရင် ဖွံ့ဖြိုးတိုးတက်နေဖို့ လိုပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုရပ်တန့်တဲ့နေ့ဟာ ကျရှုံးခြင်းလမ်းစဖြစ်နိုင်ပါတယ်။ သင့်လုပ်ငန်းအဖွဲ့အစည်းတိုးတက်ရာ တိုးတက်ကြောင်းအတွက် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းများကို စဉ်းစားပြီး ပံ့ပိုးပေးဖို့ သင့်မှာ တာဝန်ရှိပါတယ်။ လူအင်အားထပ်ဖြည့်ပေးတာ၊ ကွန်ပျူတာ၊ ပရော်ဂျက်တာ၊ မော်တော်ယာဉ်အစရှိတဲ့ အသုံးအဆောင်များ ဖြည့်ပေးတာ၊ ဘက်ဂျက်ချပေးတာ၊ အကြံဉာဏ်ကောင်းများ ပေးတာ၊ ဝန်ထမ်းတွေအတွက် သင်တန်းတွေ စီစဉ်ပေးတာ၊ ပြင်ပနေ Professional Coach ငှားပြီး Team Coaching တွေ လုပ်ပေးတာ၊ Corporate Training များ စီစဉ်ပေးတာ၊ ပုံမှန် အစည်းအဝေးများ၊ Briefing များ ပြုလုပ်ပြီး သင်ကြားပေးတာ စတာတွေဟာ သင်ရွေးချယ်နိုင်တဲ့ နည်းလမ်းအချို့ပဲ ဖြစ်ပါတယ်။

၆။ အကောင်းမြင်စိတ်ကို သွတ်သွင်းပေးခြင်း၊ အောင်မြင်ဖို့အတွက် ၈၀ ရာခိုင်နှုန်းက စိတ်ပိုင်းဆိုင်ရာဖြစ်ပြီး ၂၀ ရာခိုင်နှုန်းသာ အရည်အချင်းဖြစ်တယ်လို့ Tony Robbins က ပြောပါတယ်။ သင့်လုပ်ငန်းထဲမှာ ထိပ်ဆုံးဦးဆောင်တဲ့သူတွေကနေ အောက်ခြေအထိ မကောင်းမြင်စိတ်တွေများနေမယ်ဆိုရင် လုပ်ငန်းအောင်မြင်ဖို့အတွက် အဟန့်အတားဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် လုပ်ငန်းအဖွဲ့အစည်းတစ်ခုလုံးကလူတွေကို အခြေအနေတစ်ရပ်မှာ အကောင်းဘက်ကနေ ကြည့်တတ်အောင် သင်ကြားပေးဖို့ လိုအပ်ပါတယ်။ မကောင်းတဲ့အခြေအနေကို ကောင်းတယ်လို့ မြင်ခိုင်းတာမျိုးမဟုတ်ပဲ ဒီအခြေအနေကို အကောင်းဆုံးအသုံးချပါက မည်သို့သော ကောင်းကျိုးများ ရလာနိုင်တယ်ဆိုတဲ့ဘက်ကနေ ကြည့်ခိုင်းခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲ ဆိုးတဲ့အခြေအနေမျိုးမှာမဆို ကောင်းတဲ့ဘက်အခြမ်းရှိနိုင်တာမို့ အကောင်းမြင်စိတ်ကို ပျိုးထောင်ခြင်းဟာ သာယာပျော်ရွှင်တဲ့လုပ်ငန်းခွင်တစ်ခုတည်ဆောက်ဖို့အတွက် များစွာ အရေးပါနိုင်ပါတယ်။

၇။ လူတွေကို ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် လုပ်ပိုင်ခွင့်ပေးခြင်း၊ ခေါင်းဆောင်တစ်ယောက်ရဲ့ အမြင့်မားဆုံးတာဝန်တစ်ရပ်ဟာ လူတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ ဖြစ်တယ်လို့ ကျွန်တော်လေ့လာဖူးပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကျွန်တော် ခေါင်းဆောင်မှုရာထူးတစ်ခုမှာ တာဝန်ယူလုပ်ဆောင်တဲ့အချိန်မှာ ကျွန်တော့် Chairman က ကျွန်တော့်ကို ဆူရင်းပြောရင်း အနီးကပ်သင်ကြားပြသပေးတာတွေရှိသလို ပြင်ပမှာ စီမံခန့်ခွဲမှုသင်တန်းတွေ စနစ်တကျတက်ရောက်ဖို့လည်း အားပေးခြင်းခံရတဲ့အပြင် တတ်မြောက်လာတဲ့အပိုင်းတွေမှာလည်း တဖြည်းဖြည်းချင်း လုပ်ပိုင်ခွင့်ပေးတဲ့အတွက် အတွေ့အကြုံကနေ ရတဲ့အသိပညာတွေ ပိုမိုများပြားလာခဲ့ရပါတယ်။ နောက်ပိုင်းမှာလည်း ရာပေါင်းများစွာ ချီတဲ့ဝန်ထမ်းတွေအတွက် Corporate Training များ စီစဉ်ပေးတဲ့အတွက် အဖွဲ့အစည်းဟာ ဗဟုသုတရှာမှီးရာဌာနေကြီးတစ်ခုကဲ့သို့ ဖြစ်လာတာမျိုးကို ကြုံရပါတယ်။ ငါနဲ့နေတဲ့သူတွေ မတိုးတက်တာ ငါ့တာဝန်ဖြစ်တယ်ဆိုတဲ့ ခံယူချက်ဟာ ခေါင်းဆောင်တွေ ရှိသင့်တဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။

၈။ တုံ့ပြန်မှု၊ လမ်းညွှန်မှုနှင့် ကျေးဇူးတင်စကားများ ပံ့ပိုးပေးခြင်း။ သင့်ဝန်ထမ်းတွေကို တာဝန်တစ်ရပ်ပေးထားပြီးပြီဆိုရင် တာဝန်ကို ပြန်စစ်ဖို့၊ လိုအပ်တာတွေ ထောက်ပြဖို့၊ ပိုကောင်းအောင် လမ်းညွှန်ဖို့၊ အရည်အသွေးကောင်းမွန်တဲ့ လုပ်ဆောင်ချက်များအတွက် ချီးကျူးစကားဆိုဖို့ စတာတွေကို လုပ်ပေးဖို့ သင့်မှာ တာဝန်ရှိပါတယ်။ သင်ဟာ သူတို့ကို တာဝန်တစ်ရပ်ပေးထားပြီး ပြန်မစစ်ဘူးဆိုရင် သူတို့အလုပ်ကို ကောင်းကောင်း လုပ်ချင်မှ လုပ်ပါလိမ့်မယ်။ သင်သာ သူတို့ လုပ်တာ ကောင်းတယ်၊ မကောင်းဘူး မထောက်ပြဘူးဆိုရင် သူတို့အနေနဲ့ မှန်သလား၊ မှားသလား မသိပဲ စမ်းတဝါးဝါးသွားနေရသလို ဖြစ်လာပါလိမ့်မယ်။ မှားနေတာကိုပဲ အပြစ်ပြောပြီး မှန်တာကို မပြသဘူး၊ လမ်းမညွှန်ဘူးဆိုရင်လည်း သူတို့တွေ စိတ်ညစ်လာမှာဖြစ်သလို ချီးကျူးစကားတွေ မကြားရဘူးဆိုရင်လည်း သူတို့ပျော်မှာမဟုတ်ပါဘူး။ သင့်အနေနဲ့ ဝန်ထမ်းငယ်တစ်ယောက်ဘဝကို ပြန်ပြီး မြင်ယောင်ကြည့်ပါ။ အထက်လူကြီးတွေဆီက သင်မျှော်လင့်ထားခဲ့တဲ့ ပံ့ပိုးမှုတွေကို သင့်နောက်လိုက်တွေကို ပေးပါ။ သင့်အနေနဲ့ ကောင်းမွန်တဲ့ ခေါင်းဆောင်မှုအစဉ်အလာကို အုတ်မြစ်ချထားသကဲ့သို့ ဖြစ်လာမှာ သေချာပါတယ်။

Naing Win Aung (MBA, UK)

Business & Executive Coach

Leadership Development Facilitator

Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach

#Leadership #Coaching #Transformation

#NLP #Breakthrough

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial