ဦးဆောင်သူတစ်ဦးအနေနှင့် ဘဝမှာ အောင်မြင်မှုကို ရရှိချင်တယ်ဆိုရင် စွန့်လွှတ်ရမယ့် အချက် ၉ ချက်

အဖွဲ့အစည်းထဲမှာ အခြားသူများနဲ့ မနီးကပ်ဘဲ အထီးကျန်ဆန်သော ဦးဆောင်သူများအတွက်
June 11, 2020
လူတွေကို ဦးဆောင်နေတဲ့ သူတွေဘဲဖြစ်ဖြစ် ကိုယ့်ဘဝမှာ ထိထိရောက်ရောက် အောင်မြင်ချင်တဲ့ သူတွေပဲဖြစ်ဖြစ် ဘယ်သူမဆို လုပ်ဆောင်သင့်တဲ့ အချက်တစ်ခု
June 13, 2020

ဦးဆောင်သူတစ်ဦးအနေနှင့် ဘဝမှာ အောင်မြင်မှုကို ရရှိချင်တယ်ဆိုရင် စွန့်လွှတ်ရမယ့် အချက် ၉ ချက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

၁။ မကျေမနပ်ဖြင့် ညည်းညူခြင်း၊ တိုင်တန်းခြင်း၊

အချို့သောသူများဟာ ၎င်းတို့မကျေနပ်သည့် အခြေအနေတစ်ရပ်ကို ပြောင်းလဲဖို့ ကြိုးစားရမယ့်အစား မကျေမနပ်ရညည်းညူနေခြင်းဖြင့် အချိန်တွေကို ဖြုန်းတီးနေတတ်ကြပါတယ်။ သင်အဲဒီအထဲမှာ မပါဖို့ လိုပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်သော ယုံကြည်မှုများ ထားရှိခြင်း၊

စီးပွားရေးလုပ်ငန်းအတွက်ပဲဖြစ်ဖြစ် အခြားဘယ်အကြောင်းအရာနဲ့ ပတ်သက်ပြီးဖြစ်ဖြစ် ကိုယ့်မှာ ဟိုဟာမရှိလို့ ဒီဟာ မရှိလို့ မလုပ်နိုင်ကြောင်း၊ အတွေ့အကြုံနည်းသေးလို့၊ အသက်ငယ်သေးလို့၊ အသက်ကြီးပြီဖြစ်လို့၊ နယ်မြို့လေးမှာ နေနေရလို့ အစရှိသော အကြောင်းပြချက်ပေါင်းများစွာဖြင့် ကိုယ့်ရည်မှန်းချက်ကို စွန့်လွှတ်နေရတဲ့ အဓိက အကြောင်းရင်းကတော့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားတဲ့ ယုံကြည်မှုတွေ ဖြစ်ပါတယ်။

၃။ အခြားသူများကို အပြစ်တင်ခြင်း၊

အခြေအနေတစ်ခုကို ကြုံလာရပြီဆိုရင် သင့်မှာ ရွေးချယ်စရာ ၂ ခုရှိပါတယ်။ တစ်ခုက အခြားလူတွေကို အပြစ်တင်တာ ဖြစ်ပြီး နောက်တစ်ခုက တစ်ရာ ရာခိုင်နှုန်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတာ ဖြစ်ပါတယ်။ သင်သာ အခြားသူတွေကို အပြစ်တင်နေသမျှ ကာလပတ်လုံး အခြေအနေကို ပြောင်းလဲဖို့ အခွင့်အာဏာရလာမှာ မဟုတ်ပဲ အခြေအနေရဲ့ သားကောင်သာ ဖြစ်နေမှာ သေချာပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ် မကောင်းပြောခြင်း၊

အခုနက ကန့်သတ်ထားတဲ့ ယုံကြည်မှုနဲ့လည်း ဆက်စပ်ပါတယ်။ တစ်ခုခု လုပ်တော့မယ်ဆိုရင် လူတချို့ဟာ ကိုယ့်ကိုယ်ကိုယ်ပြောတတ်တာ မင်း ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး၊ ဒါတွေက မင်းနဲ့ မဆိုင်ဘူး၊ တခြားသူသာ ရရင် ရမယ်၊ မင်းကတော့ ဒါကို ရမှာ မဟုတ်ဘူး အဲဒါမျိုးတွေ ပြောတတ်သလို လူကြီးသူမတွေက လာဆုံးမရင်လည်း အလကားပါကွာ၊ ဒါတွေက သက်သက် ငါတို့ကို ဆရာလုပ်နေတာ၊ ငါတို့ကို ခိုင်းချင်လို့ ပြောနေတာ စသည်ဖြင့် ထင်တတ်ကြတယ်၊ အဲဒီလို မကောင်းပြောတာကို ချက်ချင်းရပ်ရင်ရပ် မရပ်ရင် အကျိုးဆက်တွေက ပိုပိုဆိုးလာတတ်ပါတယ်။

၅။ အတိတ်ကို ပြန်လည်တူးဆွနေခြင်း၊

အတိတ်ဟာ အခုစာဖတ်နေတဲ့ စက္ကန့်အတွင်းမှာပဲ ကျန်ခဲ့ပါပြီ၊ အတိတ်က သင်မှားခဲ့တာတွေပဲ ဖြစ်ဖြစ်၊ အခြားသူက သင့်အပေါ်လုပ်ခဲ့တာပဲ ဖြစ်ဖြစ်၊ အတိတ်က အောင်မြင်မှုတွေဖြစ်ဖြစ် ရှုံးနိမ့်မှုတွေဖြစ်ဖြစ် အားလုံးဟာ သင်ခန်းစာအဖြစ်နဲ့ပဲ ကျန်ခဲ့ပါပြီ၊ သင့်ရဲ့ အတိတ်ဟာ အနာဂါတ်ကို မဆုံးဖြတ်နိုင်ပါဘူး။ သင်သာ အတိတ်အကြောင်း ပြန်ပြောင်းပြောနေကြသူတစ်ဦးဖြစ်တယ်ဆိုရင် အခုချိန်ကစပြီး အနာဂါတ်အတွက် ရည်မှန်းချက်ချပြီး အဲဒီရည်မှန်းချက်ကို ရအောင် လုပ်ဖို့ ပစ္စုပ္ပန်ကို တန်ဖိုးထားပါ။

၆။ အပြောင်းအလဲလုပ်ရမှာကို ငြင်းဆန်ခြင်း၊

မပြောင်းလဲပဲ အမြဲရှိနေတာဟာ ပြောင်းလဲခြင်းပဲ ဖြစ်တယ်လို့ ပြောကြပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ စသည်ဖြင့် အရာရာဟာ ပြောင်းလဲနေပါတယ်။ ကိုယ်က မပြောင်းလဲပဲ အရင်အတိုင်းနေနေမယ်ဆိုရင် ရပ်တည်နိုင်ဖို့ မလွယ်ပါဘူး။ သင့်အနေနဲ့ တိုးတက်ပြောင်းလဲမှုကို လိုချင်တယ်ဆိုရင် ရွေးချယ်ရပါမယ်။

၇။ အခြားသူတွေ အထင်ကြီးခံရမှုကို လိုအပ်ခြင်း၊

ပတ်ဝန်းကျင်ကလူတွေရဲ့ အထင်ကြီးခံရမှ သင်ပျော်မယ်ဆိုရင် သင့်ဘဝတစ်ခုလုံးမှာ အဲဒီအတွက် ကြိုးစားရင်းနဲ့ အချိန်ကုန်သွားနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ သင့်ကိုနှစ်သက်တဲ့သူအများရှိနိုင်သလို သင့်ကို မနှစ်သက်တဲ့သူအချို့လည်း ရှိနိုင်ပါတယ်။ ကျွန်တော့် Mentor ဖြစ်တဲ့ John C. Maxwell ပြောတာကို ပြန်မျှဝေရရင် သူငယ်တုန်းက ပတ်ဝန်းကျင်ကလူတွေ သူ့ကို ဘာပြောကြမလဲ စိုးရိမ်ပူပန်ပြီး နေခဲ့ရာကနေ အသက် ၆၀ လည်း ကျော်လာရော သိလာတာက ပတ်ဝန်းကျင်က လူတွေက သူ့ကို အဲဒီလောက်လည်း ဂရုမစိုက်ကြပါဘူးလို့ ပြောပါတယ်။

၈။ အမြဲတမ်းမှန်နေဖို့ လိုအပ်ခြင်း၊

ကျွန်တော်တို့ အသစ်တစ်ခုခုလုပ်ပြီဆိုရင် အမှားအယွင်းဆိုတာ ရင်ဆိုင်ရနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့မှာ အဖြေမှန်တွေ အမြဲတမ်း မရှိနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ စူးစမ်းလေ့လာနေရမယ်။ ပိုပြီး တိုးတက်လာအောင် ကြိုးစားနေရမယ်။ အဲဒီအတွက် အမှားအယွင်း လုပ်မိမှာကို ကြောက်နေလို့ မရဘူး။ အရာအားလုံး သေချာမှသာ အလုပ်စမယ်ဆိုရင် ဘဝမှာ လုပ်စရာတောင် ရှိလာမှာ မဟုတ်ဘူး။

၉။ တစ်ခုခုလုပ်ဖို့ အခြားသူတွေရဲ့ အတည်ပြုပေးမှုကို လိုအပ်နေခြင်း၊

လူသားတွေရဲ့ လိုအင်တွေထဲက တစ်ခုက ကိုယ်တစ်ခုခု လုပ်တော့မယ်ဆိုရင် တခြားသူတွေကို ပြောပြပြီး သူတို့ရဲ့ အတည်ပြုချက်တွေကို ရမှာ စိတ်ချလက်ချ လုပ်ရဲကြပါတယ်။ ကျွန်တော် တတ်သိနားလည်တဲ့လူတွေနဲ့ တိုင်ပင်တာက သဘာဝကျပါတယ်။ ဒါပေမယ့် လူတကာကို လိုက်ပြောပြပြီး အတည်ပြုချက်ရယူနေတာကတော့ သင့်အတွက် အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ လူတိုင်းက သင့်အလုပ်အကြောင်း နားမလည်နိုင်ပါဘူး။ သင့်အခြေအနေအကြောင်းကို နားအလည်ဆုံးသူဟာ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ တခါတလေကျရင် ဘယ်သူ့အတည်ပြုချက်မှ မရပဲ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရတာတွေ ရှိနိုင်ပါတယ်။ အဲဒီအခြေအနေမျိုးကြုံလာရင် စိတ်တည်တည်ငြိမ်ငြိမ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ အကောင်းဆုံး ဆုံးဖြတ်ပြီး လုပ်ဆောင်ဖို့ အရေးကြီးပါလိမ့်မယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership #Coaching #Transformation
#NLP #Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial