အရေးပါတဲ့ ဝန်ထမ်းတစ်ယောက် ထွက်သွားလို့ လုပ်ငန်းခါးဆက်ပြတ်တာမျိုး မဖြစ်အောင် ဘယ်လိုလုပ်မလဲ?

သင့်ရဲ့ လုပ်ငန်းဦးဆောင်မှု ထိရောက်ဖို့အတွက် အကြံပြုချက် (၅) ချက်
November 28, 2020
ဝန်ထမ်းတွေနဲ့ ရင်းနှီးမှုတွေ မတည်ဆောက်ထားရင် ဘာတွေဖြစ်လာနိုင်မလဲ?
November 30, 2020

လုပ်ငန်းတော်တော်များများမှာ အဓိကကျတဲ့ ဝန်ထမ်းတွေရှိတယ်။ သူတို့က အဓိကကျတယ်ဆိုထဲက ကျွမ်းကျင်နေလို့ ဖြစ်ရင်ဖြစ်မယ်၊ လုပ်သက်ကြာတဲ့အတွက် လုပ်ငန်းသဘာဝ တော်တော်များများကို သိနေလို့လည်း ဖြစ်ရင်ဖြစ်မယ်။ အဲဒီအခါမှာ ဒီဝန်ထမ်းကို လုပ်ငန်း ဒါမှမဟုတ် ဦးဆောင်သူက အားကိုးနေရပါတယ်ဆိုမှ သူကထွက်သွားတဲ့အခါ လုပ်ငန်းမှာ အခက်အခဲတွေ ကြုံရနိုင်ပါတယ်။ ဒီလို လုပ်ငန်းထိခိုက်တာ၊ လုပ်ငန်းမှာ ခါးဆက်ပြတ်တာမျိုးကို ရှောင်ရှားနိုင်ဖို့ ဒီအချက်တွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

(၁) ရာထူး တစ်ခုချင်းစီမှာ လူနှစ်ယောက်လောက် အရံထားပါ။

ဆိုလိုတာက ဝန်ထမ်း နှစ်ယောက်လောက် အရံထားပါ။ စုစုပေါင်းဆိုရင် သုံးယောက်လောက်ဖြစ်သွားမှာပါ။ မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဘာသာကိုယ် ဒီအတိုင်းတောင် အနိုင်နိုင် လုပ်နေရတာ ဘယ်လိုလုပ် အရံလူထားမလဲဆိုတာမျိုး စိုးရိမ်နိုင်ပါတယ်။ ဒါပေမယ့် ဝန်ထမ်းအပိုမထားဘဲ ကွက်တိလုပ်ထားတဲ့အခါ အဲဒီဝန်ထမ်း ထွက်သွားတဲ့အချိန် အခက်အခဲကြုံလာနိုင်ပါတယ်။ ဖြစ်နိုင်လို့ ၂ယောက်လောက်အထိ အရံထားမယ်ဆိုပါက လုပ်ငန်းအတွက် အများကြီး အထောက်အကူပြုနိုင်မှာပါ။ အဲဒီတော့ ကျွန်တော်တို့လုပ်နိုင်တာက ရာထူးတစ်ခုမှာ ဝန်ထမ်းသုံးယောက်လောက် ခန့်ထားမယ့်အစား အလုပ်တစ်ခုနဲ့ ပတ်သက်ပြီး တတ်မြောက်ကျွမ်းကျင်တဲ့သူ စုစုပေါင်း သုံးယောက်လောက် ထားမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။

(၂) ရာထူး တစ်ခုချင်းစီရဲ့ လုပ်ပုံကိုင်ပုံကို သာမန်လူနားလည်နိုင်လောက်တဲ့ အဆင့်အထိ အသေးစိတ်မှတ်တမ်းတင်ထားပါ။

ဒီအချက်မှာ ဆိုလိုတာက ချက်နည်းပြုတ်နည်းစာအုပ်တွေကို ဖတ်တဲ့အခါ ၁ က ဘာထည့်ပါ၊ ၂ က ဘာထည့်ပါ၊ ၃ က ဘာထည့်ပါဆိုပြီး ရေးထားသလိုမျိုး ရာထူးတစ်ခုချင်းစီမှာ သူလုပ်ရတဲ့အလုပ်တာဝန် တစ်ခုချင်းစီကို ဘယ်လိုလုပ်ရလဲဆိုတာကို စာနဲ့လည်း တစ်ကြောင်းချင်း ရေးထားမယ်၊ လိုအပ်ရင် ဓာတ်ပုံလည်း ရိုက်ထည့်ထားမယ်၊ ဒီထက်ပိုပြီး ဗီဒီယိုတွေဘာတွေရိုက်ထားမယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ လူသစ်တွေကို ပြန်သင်ရတဲ့အချိန်မှာ ပိုပြီးလွယ်ကူနေမှာ ဖြစ်ပါတယ်။

(၃) ရာထူးတစ်ခုချင်းစီအတွက် လေ့ကျင့်သင်ကြားမှုကို လွယ်ကူအောင် လုပ်ထားပါ။

ခုနက ပြောတဲ့ သင်ကြားတာနဲ့ ဆက်စပ်ပါတယ်။ ရာထူးတစ်ခုချင်းစီအတွက် လေ့ကျင့်သင်ကြားမှုကို လွယ်ကူအောင် လုပ်ထားရပါမယ်။ တချို့လုပ်ငန်းက အထက်အရာရှိတွေက သူတို့လုပ်ငန်းမှာ အပေါ် Level လောက်အထိ တက်ဖို့မလွယ်ဘူး ဆိုတာမျိုးကို သူတို့အနေနဲ့ ဂုဏ်ယူနိုင်ကောင်း ဂုဏ်ယူကြပါလိမ့်မယ်။ ဒါကလည်း ဂုဏ်ယူချင်စရာပါပဲ။ ဒါပေမယ့် ဒီလိုအပေါ်တက်ဖို့ အင်မတန် ခက်ခဲနေရင် ဘာဖြစ်နိုင်လဲဆိုတော့ အကယ်၍ အပေါ်ကလူတွေ ထွက်သွားခဲ့ရင် အောက်ကလူတွေအနေနဲ့ လွယ်လွယ်ကူကူ ဖြည့်လို့ မရဖြစ်လာပါလိမ့်မယ်။

ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ရေးထားတာလေးကို မျှဝေချင်ပါတယ်။ ”ကိုယ့်ရဲ့ လုပ်ငန်းမှာ သိပ်တော်တဲ့ ဝန်ထမ်းတွေ ခန့်စရာမလိုအောင် ထားပါ ” သိပ်တော်တဲ့ ဝန်ထမ်းတွေ လိုအပ်နေတဲ့ လုပ်ငန်းမျိုးဆို ပြန်ဖြည့်ရတာ ခက်ပါတယ်။ ဒီတော့ စနစ်ကို သေချာကျအောင်လုပ်ထားမယ်၊ သာမန်အရည်အချင်းလောက် ရှိရုံနဲ့ ဝင်လုပ်နိုင်မယ့် စနစ်မျိုးဖြစ်အောင် သေချာလုပ်ထားမယ်ဆိုရင် သင်ကြားပေးရတာလဲ လွယ်နိုင်မှာပါ။ ဒီလိုဆိုလိုထားတာ ဖြစ်ပါတယ်။

(၄) ဝန်ထမ်းတွေရဲ့ တတ်မြောက်မှုကို မကြာခဏစစ်ဆေးပါ။

အဲဒီတော့ ရာထူးတစ်ခုမှာ သူတတ်ထားရမယ့် အရည်အချင်း ဘယ်နှစ်ခုရှိလဲ၊ သူတတ်ထားရမယ့် ကျွမ်းကျင်မှု ဘယ်နှစ်ခုရှိလဲ၊ ဒါတွေကို သေချာမှတ်သားထားပြီး အဲဒီဝန်ထမ်းတစ်ယောက်ချင်းစီက ဒီဟာနဲ့ပတ်သက်ပြီး တတ်မြောက်တာ ဘယ်နှစ်ယောက်လောက်ရှိနေပြီလဲ၊ လက်ရှိမှာ သူ့ကို ဘယ်သူက သင်ပေးနေလဲ၊ အနာဂတ်မှာ သူ့ကို ဘယ်သူက ဆက်သင်ပေးမှာလဲ ဆိုတာတွေကို သေသေချာချာ လုပ်ထားရပါမယ်။ ဒါဆို မကြာခဏ ပြန်ပြီး စစ်ဆေးမယ်ဆိုရင် သူ့ဘာသာသူ တတ်တတ်၊ မတတ်တတ် ဒီအတိုင်း လွှတ်ထားတာနဲ့ ယှဉ်ရင် တတ်မြောက်နိုင်ချေ အများကြီး ပိုများပါတယ်။

(၅) ဖြစ်နိုင်မယ်ဆိုရင် ဝန်ထမ်းတွေရဲ့ အလုပ်တွေကို လှည့်ပြီး အခါအားလျော်စွာ လုပ်ခိုင်းကြည့်ပါ။

ဆိုလိုတာက ဒီဘက်ဌာနကလူကို ဟိုဘက်ဌာန၊ ဟိုဘက်ဌာနကလူကို ဒီဘက်ဌာန ဒီလိုမျိုး လှည့်ပြီး လုပ်ခိုင်းတာ ဖြစ်ရင် ဖြစ်မယ်။ ဒါမှမဟုတ် Department တစ်ခုထဲမှာပဲ ဌာနစိတ် Section တွေကို လှည့်ပြီး လုပ်ခိုင်တာလည်း ဖြစ်ရင် ဖြစ်နိုင်ပါတယ်။ အဲဒီအခါ ဒီအလုပ်ကို ဟိုဘက်ဌာနကလူလည်း လုပ်တတ်နေမယ်၊ ဟိုဘက်ဌာနကအလုပ်ကို ဒီဘက်ဌာနကလူလည်း လုပ်တတ်နေမယ်ဆိုရင် အများကြီးအဆင်ပြေနိုင်ပါတယ်။ ကျွန်တော်ရဲ့ စားသောက်ဆိုင်အတွေ့အကြုံကို ပြန်ပြောရရင် အကင်ကောင်တာကလူတွေကို အအေးကောင်တာ၊ အအေးကောင်တာကလူတွေကို ကြေးအိုးကောင်တာ၊ ကြေးအိုးကောင်တာက လူတွေကို အကင်ကောင်တာ ဒီလိုအခါအားလျော်စွာ လှည့်ပြီး ခိုင်းနေမယ်ဆိုပါက ဝန်ထမ်းအင်အား လျော့သွားတာပဲဖြစ်ဖြစ် တစ်ခုခု အရေးပေါ်အခြေအနေမှာပဲ ဖြစ်ဖြစ် ဝင်ဖြည့်ပြီးတော့ ကူညီလို့ရသွားပါတယ်။

လုပ်ငန်းဆိုတာ ဝန်ထမ်းတွေနဲ့လုပ်ရတာပါ။ Team Member တွေနဲ့ လုပ်ရတာပါ။ သူတို့ကို ကျွန်တော်တို့က တစ်သက်လုံး ကိုယ်နဲ့ပဲ နေပါလို့ ပြောဖို့ အင်မတန် ခဲယဉ်းပါတယ်။ ဒါပေမယ့် သူတို့ထွက်သွားတဲ့အချိန်မှာ သူတို့ကိုလည်း မထိခိုက်အောင် လုပ်ငန်းကိုလည်း မထိခိုက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေပြီး လုပ်ကြမယ်ဆိုရင် အများကြီး အဆင်ပြေနိုင်ပါလိမ့်မယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial