အဖွဲ့ဝင်ကောင်းများမှာ ရှိသင့်တဲ့ အရည်အချင်း (၅) ခု

အသင်းအဖွဲ့တည်ဆောက်ဖို့ အရေးကြီးရတဲ့ အကြောင်းအရင်း (၃) ခု
November 3, 2020
အသင်းအဖွဲ့တွေ မညီညွတ်တဲ့ အကြောင်းအရင်း (၃) ခု
November 5, 2020

အဖွဲ့ဝင်ကောင်းများမှာ ရှိသင့်တဲ့ အရည်အချင်း (၅) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Team Member ကောင်းတွေမှာ ရှိသင့်တဲ့ အရည်အချင်းက (၅) ချက် မကဘူး၊ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီအပိုင်းမှာတော့ ကျွန်တော့်အနေနဲ့ အရေးကြီးတယ်လို့ ယူဆတဲ့ အချက်လေး (၅) ချက်ကို မျှဝေချင်ပါတယ်။

Team တစ်ခုက အရမ်းကို အရေးကြီးပါတယ်။ Team တစ်ခုကို ကောင်းကောင်းတည်ဆောက်ထားမှသာ သင်သွားချင်တဲ့နေရာကို ဝေးဝေးသွားလို့ရနိုင်ပါမယ်။

သင့်မှာ Team တစ်ခု ကောင်းကောင်းရှိဖို့လိုသလို သင်ကလည်း Team ကြီးကြီး ကောင်းကောင်းတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ဖို့ လိုပါလိမ့်မယ်။ အရာအားလုံးကို သင်တစ်ယောက်တည်း ဦးဆောင်နေဖို့က မလွယ်လှပါဘူး။ အဲဒါက ဖြစ်လည်း မဖြစ်နိုင်ပါဘူး။

အဲဒီအတွက် သင်က ဦးဆောင်နေရတဲ့သူတွေ ရှိနေနိုင်သလို သင်က ပိုကောင်းတဲ့ Leader နောက်ကို လိုက်နေရတာလည်း ဖြစ်နိုင်တယ်။ တစ်ကိုယ်ကောင်းဆန်ရင် တိုးတက်သင့်သလောက် တိုးတက်မှာ မဟုတ်ဘူး။

(၁) အလိုက်သင့် ပြောင်းလဲနိုင်မှုရှိရမယ်။

Team တစ်ခုက အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲရတာတွေ ရှိတတ်ပါတယ်။ အဲဒီအခါမှာ သင်က အပြောင်းအလဲမလုပ်ဘဲ လုပ်နေကျအတိုင်းပဲ လုပ်မယ်ဆိုရင် သင်က Team မှာ အဆင်မပြေ ဖြစ်လာနိုင်တယ်။ သင်က သင့်ရဲ့ Team မှာ လိုအပ်ချက်အရ ပြောင်းလဲရမယ့်ဟာတွေ ရှိတဲ့အခါမှာ ပြောင်းလဲရမယ်။ တစ်ခါတစ်လေ အလုပ်တာဝန်တွေ ပြောင်းသွားတာမျိုးတွေ ရှိနိုင်ပါတယ်။

ကျွန်တော့် Team မှာဆိုရင် အရင်က အပြင်မှာ Event တွေလုပ်တုန်းက အပြင်မှာ ပွဲတွေစီစဉ်ပေးရတဲ့ Team ဆိုရင် အခုပွဲတွေ လုပ်မရတဲ့ COVID ကာလရောက်တော့ သူတို့ Team က တစ်ချို့ကို Marketing ကို ပြောင်းပြီး ကူတာဖြစ်ဖြစ် အရောင်းဘက်ကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် လုပ်ရတယ်။ မဟုတ်ရင် လူလျှော့ရမယ့်အနေအထားဖြစ်နေတော့ ကျွန်တော်က လူမလျှော့ချင်တော့ အဲဒီလိုမျိုး ဌာနပြောင်းပေးရတယ်။ သူတို့တတွေကလည်း လိုလိုလားလားပဲ ပြောင်းပေးကြတယ်။ အဲဒီလိုမျိုး ပြောင်းလဲသင့်တာကို ပြောင်းလဲရမယ်။ ခေါင်းမာနေမယ်ဆိုရင် သူ့အတွက်ရော သင့်အတွက်ရော ဝန်ထုတ်ဝန်ပိုး ဖြစ်စေနိုင်ပါတယ်။

(၂) အရည်အချင်း ရှိရမယ်။

အရည်အချင်မရှိတဲ့ Team Member ကို ခန့်ထားမယ်ဆိုရင် ဥပမာအနေနဲ့ ချိန်းကြိုးကြီးတစ်ခု ဘယ်လောက်ကြီးပြီး သန်မာပါစေ သံချေးတက်နေတဲ့ ကွင်းဆက်တစ်ခု ရှိမယ်ဆိုရင် အသုံးပြုစရာရှိလို့ ဆွဲလိုက်တဲ့အခါမှာ သံချေးတက်နေတဲ့ကွင်းက ပြတ်သွားနိုင်ပါတယ်။ အဲဒီအတွက် ချိန်းကြိုးကြီးက အသုံးမတည့်ဘူး ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော်တို့ Team တစ်ခုမှာ ဘယ်လောက်ပဲ အရည်အချင်းရှိတယ်ပြောပြော တစ်ယောက်က အရည်အချင်းမရှိဘူးဆိုရင် အဲဒီ Team Member ရဲ့ အရည်အချင်းကို မြှင့်တင်ပေးဖို့ လိုမယ်။ လဲသင့်ရင် လဲရမယ်။ ဒီလိုမျိုး စဉ်းစားဖို့ လိုပါတယ်။

(၃) လူမှုဆက်ဆံရေး ကောင်းရမယ်။

Team မှာ အထက်အောက် အပြန်အလှန် လေးစားဖို့လိုတယ်။ သင့်တစ်ကိုယ်တည်းအတွက် မကြည့်ဘဲ တစ်ခြားသူဘက်ကိုလည်း မျှဝေကြည့်ပေးတာ။ သူ့ရဲ့ အကျိုးကျေးဇူးကို ကြည့်ပေးတာ။ သင့်ကို ဆက်ဆံစေချင်တဲ့ ပုံစံအတိုင်း သူ့ကို ဆက်ဆံပေးတာ။ သူက ဆက်ဆံစေချင်တဲ့အတိုင်း ဆက်ဆံပေးရမယ်။ လူမှုဆက်ဆံရေးကောင်းရင် အလုပ်မှာ အများကြီးအကျိုးရှိစေမှာပါ။

(၄) ယုံကြည်စိတ်ချရမှု ရှိရမယ်။

အလုပ်တစ်ခုကို ပြီးရမယ့်အချိန်မှာ ပြီးအောင် လုပ်ပေးရမယ်။ သင့်ကို တစ်ခုခုခိုင်းတယ်။ ပြီးရမယ့်အချိန်မှာ မပြီးဘူး၊ ကောင်းသင့်သလောက် မကောင်းဘူးဆိုရင်လည်း ယုံကြည်စိတ်ချမှု မရနိုင်ဘူး။ ဒါက အလုပ်နဲ့ပတ်သက်တဲ့ ယုံကြည်စိတ်ချရမှု ဖြစ်တယ်။ တစ်ဖက်မှာက ကိုယ်ကျင့်တရားပါ။ သင်ပြောတာတွေကို ယုံကြည်နေကြဖို့ လိုပါတယ်။

သင်က စကားကို အမြဲလှည့်ပတ်ပြီး ပြောနေမယ်ဆိုရင် ယုံကြည်မှုက ရမှာမဟုတ်ဘူး။ ယုံကြည်မှု မရရင် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ အဲဒီအတွက် သင်က တစ်ခြားလူတွေအတွက် ယုံကြည်စိတ်ချရမှု ရှိရဲ့လားဆိုတာကို Team Member ကောင်း ဖြစ်ချင်တဲ့သူတွေ၊ Leader ကောင်း ဖြစ်ချင်တဲ့သူတွေ အနေနဲ့ အမြဲသုံးသပ်နေရပါမယ်။

(၅) ပူးပေါင်းဆောင်ရွက်တတ်မှု ရှိရမယ်။

Team ထဲမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ရင် တစ်ယောက်ချင်းစီရဲ့ အရည်အချင်းထက် သာလွန်ကောင်းမွန်အောင် ဘယ်လိုမျိုး လုပ်လို့ရနိုင်မလဲ။ ဘယ်လိုမျိုးလုပ်ကြမလဲ ဆိုတာတွေကို ပြောရမယ်။ အဲဒီလိုမလုပ်ရင် ဘယ်လိုမှ Team Member ကောင်းတစ်ယောက်အနေနဲ့ အဆင်ပြေမှာ မဟုတ်ဘူး။ အဲဒီအချက်လေးတွေကို သတိထားပြီး လုပ်မယ်ဆိုရင် Team Member ကောင်းဖြစ်ဖို့ အများကြီး အထောက်အကူပြုပါလိမ့်မယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach #naingwinaungexecutivecoach #Leadership #Coaching #Transformation #NLP #Breakthrough_Coaching_Myanmar #Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial