အနာဂတ်တွင် ဦးဆောင်သူဖြစ်လိုတဲ့လူငယ်တွေ ဒီနေ့ လုပ်သင့်တဲ့ အချက် ၉ ချက်

အဆင်မပြေတာနဲ့ ထွက်ပြေးမယ်ဆိုရင် နေစရာနေရာတောင်ရှိမှာ မဟုတ်ဘူး။
May 4, 2020
test
June 5, 2020

ခေါင်းဆောင်မှုဆိုတာဟာ အခြားသူက လက်ဆောင်ပေးလို့လည်း မရ၊ အမွေပေးလို့လည်း မရတဲ့ အရာ တစ်ခုဖြစ်ပါတယ်။

ရာထူးကို တစ်စုံတစ်ယောက်က သင့်ကို ပေးအပ်ဖို့အဆင်သင့်ရှိတယ်ထားဦး လူတွေရဲ့ လေးစားခံရမှုကိုတော့ သင့်ဟာသင် ကြိုးစားမှပဲ ရယူနိုင်ပါတယ်။

ဒီနေ့မှာ လူငယ်လုပ်နေတဲ့သူတွေဟာ တစ်နေ့မှာ နယ်ပယ်အသီးသီးမှာ ဦးဆောင်တဲ့သူတွေ ဖြစ်လာရမှာ ဖြစ်ပါတယ်။

အဲဒီလိုဖြစ်လာဖို့အတွက် သင့်အနေနဲ့ ဒီအတိုင်းထိုင်နေလို့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပဲ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။

အကယ်၍ သင်သာ ဘယ်အလုပ် ဘယ်နယ်ပယ်မှာမဆို လာမယ့်နှစ်အနည်းငယ်အတွင်းမှာ လူအများကို ဦးဆောင်မှုပေးပြီး ကောင်းမွန်တဲ့ရလဒ်တွေကို ဖော်ဆောင်နိုင်ချင်တယ်ဆိုရင် အခုဖော်ပြလိုက်တဲ့ အချက် ၉ ချက်ဟာ သင့်ကို များစွာအထောက်အပံ့ပေးမယ်လို့ ယုံကြည်ပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ နယ်ပယ်တစ်ခုခုမှာ ကျွမ်းကျင်အောင် လုပ်ပါ။

သင့်အနေနဲ့ နယ်ပယ်အားလုံးကို အတိုင်းအတာတစ်ခုအထိ သိဖို့ လိုအပ်သော်လည်း နယ်ပယ်တစ်ခုခုမှာ အာရုံစူးစိုက်ဖို့ကို မ​မေ့ဖို့ လိုပါတယ်။ သင့်အဖွဲ့အစည်းမှာ သင့်နာမည်ကို ပြောလိုက်တာနဲ့ သင်ဟာ ဘာကို ကျွမ်းကျင်တဲ့သူဖြစ်တယ်ဆိုတာကို အားလုံးတန်းပြီး သိသွားတာမျိုးဖြစ်ဖို့ လိုသလို သင်ကျွမ်းကျင်တဲ့နယ်ပယ်နဲ့ ပတ်သက်ပြီး အဖွဲ့အစည်းထဲမှာ ပြောမိတာနဲ့ သင့်ကို တန်းပြီး သတိရသွားဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ဆိုရင် Leadership နဲ့ Coaching ကို အဓိက အာရုံစိုက်လုပ်တဲ့အတွက် Leadership နဲ့ Coaching ကို လေ့လာမယ်ဆိုရင် ကျွန်တော်တို့ကို တန်းပြီး သတိရကြတယ်ဆိုတဲ့စကားလေးတွေ ကျွန်တော်တို့ သင်တန်းသားတွေဆီကနေ ပြန်ပြီးကြားရတတ်ပါတယ်။ သင်လည်း သင်ဝါသနာလည်းပါ၊ ပင်ကိုယ်အားသာချက်လည်းရှိပြီး စျေးကွက်လိုအပ်ချက်လည်း အားကောင်းတဲ့ နယ်ပယ်တစ်ခုခုကို ရွေးချယ်ပြီး တစိုက်မတ်မတ်တိုးတက်လာအောင်လုပ်ဖို့အတွက် တိုက်တွန်းလိုပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၂။ လူအမျိုးမျိုးနဲ့ ဆက်ဆံနိုင်အောင် လေ့ကျင့်ပါ။

သင်ရာထူး၊ အသက်ကြီးလာတာနဲ့အမျှ လူအမျိုးမျိုး၊ ပုံစံအထွေထွေနဲ့ ပြောဆိုဆက်ဆံရမှာ ဖြစ်ပါတယ်။ အဲဒီလိုဆက်ဆံတဲ့နေရာမှာ ပြောရဆိုရ လွယ်ကူသူတွေနဲ့ တွေ့ဆုံရနိုင်သလို ခက်ခဲသူတွေနဲ့လည်း တွေ့ကြုံရနိုင်ပါတယ်။ သင့်အနေနဲ့ သင်နဲ့ ဆက်ဆံတဲ့သူတွေဟာ ဘယ်လိုစရိုက်လက္ခဏာရှိသူဖြစ်တယ်၊ သူတို့ကို ဘယ်လိုဆက်ဆံသင့်တယ်ဆိုတာမျိုးကို လေ့လာထားမယ်ဆိုရင် ဘယ်လိုလူမျိုးပဲလာလာ သူတို့ကို ကောင်းမွန်စွာ ဆက်ဆံနိုင်လာမှာ ဖြစ်ပါတယ်။ အနာဂါတ်မှာ အောင်မြင်တဲ့ဦးဆောင်သူ ဖြစ်ချင်တယ်ဆိုရင် အသက်အရွယ်၊ ပညာ၊ ရာထူးအဆင့်အမျိုးမျိုး၊ ကြိုက်နှစ်သက်မှု၊ အတွေးအခေါ်အမျိုးမျိုးသော လူပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံနိုင်ဖို့လိုပါတယ်။ လူတွေရဲ့ အပြုအမူတွေအကြောင်းကို နားလည်နိုင်အောင်သင်ကြားပေးတဲ့ Extended DISC, Neuro Linguistic Programming (NLP) သင်တန်းတွေကိုသာ လေ့လာမယ်ဆိုရင် သင့်အနေနဲ့ ပင်ကိုယ်စရိုက်အမျိုးမျိုးရှိတဲ့လူတွေအကြောင်းကို နားလည်ပြီး သူတို့ကို ဆက်ဆံနိုင်မယ့် နည်းလမ်းတွေကိုလည်း ပိုမိုသိရှိလာနိုင်ပါတယ်။

အဆိုပါ သင်တန်းတွေအကြောင်းကို သိချင်တယ်ဆိုရင် Breakthrough Coaching, Training & Consulting 09765222107, 09765222108, 09765222109 တွေကို ဆက်သွယ်နိုင်ပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၃။ သင့်ရဲ့ အသိုင်းအဝိုင်းကို တိုးချဲ့ပါ။

သင်ဘာအလုပ်ကိုပဲ လုပ်သည်ဖြစ်ပါစေ၊ အဆက်အသွယ်လိုပါတယ်။ သင့်ကို လူတွေ သိနေဖို့ လိုနိုင်သလို သင်ကလည်း လူတွေကို သိဖို့ လိုပါတယ်။ သင်သာ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တာဆိုရင် စွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်းလိုမျိုးတွေ ဝင်နိုင်ပြီး သင်သာ နယ်ပယ်တစ်ခုခုမှာ ပညာရှင်လိုင်းကို လိုက်ဖို့ ရည်ရွယ်တာသာဆိုရင် အဲဒီလို ပညာရှင်တွေ စုစည်းထားတဲ့အသင်းတွေမှာ ဝင်နိုင်ပါတယ်။ ကျွန်တော်ဆိုရင် ၂၀၁၆ နှစ်ဆန်းမှာ Breakthrough Coaching, Training & Consulting ကို စတင်တည်ထောင်ကတည်းက ကျွန်တော်ဝါသနာပါပြီး ဇောက်ချလုပ်နေတဲ့ Coaching လိုင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပညာရှင်များစွာနဲ့ အသိအကျွမ်းမိတ်ဆွေဖွဲ့ခဲ့ပြီး မြန်မာနိုင်ငံက နာမည်ကျော်ကြားတဲ့ သင်တန်းဆရာများ၊ စီးပွားရေးအကြံပေးများနဲ့လည်း ရင်းနှီးအောင် နေခဲ့ပါတယ်။ သင်သာအဲဒီလို အဆက်အသွယ်တွေ ကောင်းအောင် နေမယ်ဆိုရင် သင့်ဆီကနေလည်း သူတို့အသိပညာ၊ ဗဟုသုတတွေ ရနိုင်သလို သင်မသိတဲ့အရာတွေကိုလည်း သိတဲ့သူတွေဆီမှာ မေးမြန်းပြီး သိအောင် လုပ်လို့ ရလာနိုင်ပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၄။ စကားပြောကောင်းသူဖြစ်အောင် ကြိုးစားပါ။

ခေါင်းဆောင်လုပ်ချင်တဲ့သူဟာ စကားပြောရပါမယ်။ စင်ပေါ်မှာ ဖြစ်စေ၊ အစည်းအဝေးမှာ ဖြစ်စေ၊ နှစ်ယောက်တည်းဖြစ်စေ ကောင်းကောင်းမွန်မွန်စကားမပြောရဲပဲ သင့်အနေနဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ မလွယ်ကူနိုင်ပါဘူး။ အဲဒီလို ပြောပြီဆိုရင်လည်း စကတည်းက သူတို့ရဲ့ စိတ်ဝင်စားမှုကို ဖမ်းဆုပ်နိုင်ဖို့ လိုပါတယ်။ သင်စိတ်ဝင်စားတဲ့အရာတွေထက် သူတို့စိတ်ဝင်စားတဲ့အရာတွေက ပိုအရေးကြီးပါတယ်။ သင်တော်ကြောင်း၊ တတ်ကြောင်းတွေကို ဖော်ပြဖို့ထက် သူတို့ကို သင်ဘယ်လိုကူညီမလဲဆိုတာက ပိုအရေးကြီးပါတယ်။ ဒါ့အပြင် သင်ဟာ အရာအားလုံးပြီးပြည့်စုံသူတစ်ယောက်ဆိုတာထက် သင့်မှာလည်း အားနည်းချက်တွေ ရှိခဲ့ကြောင်း၊ ရှိနေသေးကြောင်း ဖော်ပြဖို့ လိုပါတယ်။ သင်ပြောတာကို လူတွေ နားထောင်ချင်သလား၊ နားမထောင်ချင်ဘူးလားဆိုတာမှာ သင်ဘယ်လောက်စကားပြောကောင်းသလဲဆိုတာထက် သင့်ရဲ့ အကျင့်စာရိတ္တ၊ သင်ရဲ့ အဆက်အသွယ်အသိုင်းအဝိုင်း၊ သင့်ရဲ့ ဗဟုသုတ၊ သင်ကျော်ဖြတ်ခဲ့တဲ့အခက်အခဲတွေ၊ သင့်အတွေ့အကြုံ၊ သင်ရရှိခဲ့တဲ့အတွေ့အကြုံတွေ၊ သင့်ရဲ့ လုပ်နိုင်စွမ်းတွေ အဲဒါတွေကလည်း အရေးပါတယ်ဆိုတာကို မမေ့စေချင်ပါဘူး။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၅။ စိတ်ရှည်တတ်ဖို့ကို လေ့ကျင့်ပါ။

သင်တစ်ယောက်တည်း ခရီးသွားမယ်ဆိုရင် သင်မြန်မြန်သွားလို့ ရပေမယ့် အများနဲ့ သွားမယ်ဆိုရင်တော့ စိတ်ရှည်တတ်အောင် လေ့ကျင့်ဖို့ လိုတယ်လို့ John C. Maxwell က ပြောပါတယ်။ ခေါင်းဆောင်တွေဟာ စိတ်မြန်လက်မြန်ရှိတတ်ကြတဲ့အခါမှာ သင့်အဖွဲ့သားတွေထက် အနည်းငယ် မြန်မြန်သွားတာ သိပ်ပြဿနာမရှိပေမယ့် ခြေလှမ်းအရမ်းပြတ်သွားတဲ့အခါမှာ သင်လည်း သူတို့ကို မကူညီနိုင်၊ သူတို့ကလည်း သင့်ကို မကူညီနိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ဟာ မြန်မြန်ပန်းဝင်ဖို့ မဟုတ်ပဲ အဖွဲ့သားတွေနဲ့ အတူတူ ပန်းဝင်ဖို့ ဖြစ်တယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ သင်မြင်သလို သူတို့ မြင်ချင်မှ မြင်တယ်၊ သင်တွေးတတ်သလို သူတို့ တွေးတတ်ချင်မှ တွေးတတ်မယ်၊ သင်ခံစားတတ်သလို သူတို့ ခံစားတတ်ချင်မှ ခံစားတတ်မယ်။ အဲဒါကြောင့် သင့်နေရာကို သူတို့ဝင်ကြည့်ဖို့ထက် သူတို့နေရာကနေ သင်မြင်ကြည့်နိုင်ဖို့ကို အရင်ကြိုးစားပါ။ သူတို့ ဘာဖြစ်နေသလဲသိလာပြီဆိုရင် သင်သိသလိုပဲ သူတို့သိလာဖို့အတွက် သူတို့ကို မျှဝေသင်ကြားပေးပါ။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၆။ အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာမှုရှိပါစေ။

ဒါကလည်း အထက်ကပြောခဲ့တဲ့ စိတ်ရှည်တတ်ဖို့ကို လေ့ကျင့်ပါနဲ့ ဆက်စပ်ပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့ ဆက်စပ်လာရင် ခေါင်းဆောင်တွေ မှားတတ်ကြတဲ့ အမှား ၂ မျိုး ရှိပါတယ်။ တစ်မျိုးကတော့ လက်အောက်ကလူတွေ သိသင့်တဲ့ကိစ္စတွေကို တမင်တကာကို လျှိုထားချင်စိတ်နဲ့ အသိမပေးခြင်း ဖြစ်ပါတယ်။ သတင်းအချက်အလက်တွေ ကြိုသိထားတယ်၊ မပြောဘူး။ ရောင်းအားနဲ့ ရှေ့ဆက်မယ့် မဟာဗျူဟာတွေကို စီစဉ်တယ်၊ သိသင့်တဲ့သူတွေကိုတောင် မပြောပဲထားပြီး အနားကပ်မှ အသိပေးမယ် စဉ်းစားတယ်။ အဲဒါတွေကို လူတွေကို စိတ်ပျက်တတ်ကြပါတယ်။။ နောက်တစ်မျိုးကတော့ မအားလို့ဆိုတဲ့အကြောင်းပြချက်နဲ့ လူတွေကို စကားမပြောတာ၊ မရှင်းပြတာဖြစ်ပါတယ်။ သင့်လူတွေကို မအားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မတွေ့ချင်ဟာ သူတို့ကို သင်တန်ဖိုးမထားဘူးဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။ သင်သာ သူတို့နဲ့ ချစ်ချစ်ခင်ခင် နေမယ်၊ သင့်ရဲ့ ပျော်ရွှင်မှုတွေကို ရှင်းပြမယ်၊ သင့်ရဲ့ ကျရှုံးမှုတွေကို သင်ခန်းစားယူခိုင်းမယ်၊ ဘာတွေဖြစ်နေတယ်၊ ဘာတွေဖြစ်လာနိုင်တယ်၊ ဘာတွေဆက်လုပ်ကြမယ်ဆိုတာကိုရှင်းပြမယ်ဆိုရင် အားလုံးအတွက် အကျိုးများနိုင်ပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၇။ မှန်ကန်တဲ့အလုပ်တွေကို လုပ်ပါ။

သင့်လူတွေကို ရိုးသားစေချင်တယ်ဆိုရင် သူတို့ကို ရိုးသားပါလို့ ပြောမယ့်အစား သင်က စပြီး ရိုးသားပြဖို့ လိုပါတယ်။ ဘယ်လောက်ပဲ ရိုးသားပါလို့ တဖွဖွပြောနေပါစေ၊ သင်ကိုယ်တိုင်က စပြီး မရိုးသားဘူးဆိုရင် သင့်လူတွေဆီမှာလည်း မရိုးသားမှုတွေကိုပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ စကားကို လွယ်လွယ်ပြောပြီး ကိုယ့်စကားကိုယ် မလေးစားတာ၊ အပြောနဲ့ အလုပ်နဲ့ မညီတာ၊ ကတိမတည်တာ၊ လူတွေကို လှည့်ပတ်ပြီး အဲဒီလို လှည့်ပတ်နိုင်မှုကို ကြံဖန်ဂုဏ်ယူတာ၊ ဖြတ်လမ်းကို လိုက်တာ၊ စည်းမျဉ်းစည်းကမ်းတွေကို လက်တစ်လုံးခြားလုပ်တာ၊ ကိုယ့်အကျိုးစီးပွားကိုပဲကြည့်ပြီး အများကို ဘယ်လောက်ထိခိုက်နိုင်တယ်ဆိုတာကို မကြည့်တာ စတဲ့အချက်တွေဟာ သင့်ကို ရုတ်တရက်ရှေ့ကို တိုးတက်သွားစေနိုင်သော်လည်း အောက်ပြုတ်ကျရင် ကြီးကြီးမားမား အထိနာနိုင်တာမို့ အလေးအနက် ဂရုပြုဖို့ လိုအပ်ပါတယ်။ သင်ကောင်းမွန်စွာ ရှာဖွေကြိုးစားခဲ့တဲ့အရာတွေဟာ ပမာဏအားဖြင့် နည်းနေစေကာမူ သင့်ဘ၀ရဲ့ နေဝင်ချိန်မှာ သင့်ကို စိတ်အေးချမ်းမှုတွေ ပေးနိုင်တယ်ဆိုတာကိုလည်း နှလုံးသွင်းထားဖို့ လိုအပ်ပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၈။ သင့်ရဲ့ ခရီးလမ်းဆုံးကို အမြဲတမ်း အမှတ်ရနေပါ။

များသောအားဖြင့် အချို့သောသူတွေဟာ နိစ္စဓူ၀ ကိစ္စရပ်တွေနဲ့ပဲ အချိန်ကုန်နေတတ်ကြပါတယ်။ သူတို့ထက် ပိုပြီး အသိပညာမြင့်သူတွေကတော့ ရေတို၊ ရေရှည်ပန်းတိုင်တွေကို ချမှတ်ပြီး လုပ်ဆောင်တတ်ကြပါတယ်။ ပုံမှန်လုပ်ဆောင်ချက်တွေပဲ လုပ်နေတဲ့သူဟာ ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်ကြီးထဲမှာ ဦးတည်ရာမဲ့ လှော်ခတ်နေကြတာနဲ့ တူပါတယ်။ အချိန်သာ ကြာလာပေမယ့် သူတို့ဘယ်ကိုမှ သေသေချာချာ ရောက်ဖို့ မလွယ်ကူပါဘူး။ ပန်းတိုင်ချပြီး သွားတဲ့သူတွေကတော့ ပိုမိုကောင်းမွန်ပြီး အကျိုးရှိတဲ့နေရာကို ရောက်ရှိနိုင်ပါတယ်။ ပိုပြီး အရေးကြီးတာတစ်ခုကျန်နေပါသေးတယ်။ အဲဒါကတော့ သင့်ဘ၀ရဲ့ နေဝင်ချိန်မှာ သင်အဓိက ပြီးမြောက်အောင်မြင်ပြီး ဖြစ်ချင်တဲ့အရာတွေကို စာရင်းပြုစုပြီး လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ကွယ်လွန်ခါနီး ဘယ်လူနာမှ ကျွန်တော်/ ကျွန်မတော့ အလုပ်တွေ ပိုလုပ်ချင်သေးတယ်လို့ ပြောမှာ မဟုတ်ပါဘူး။ သင့်ရင်ထဲမှာ အမှန်တကယ်ကိန်းအောင်းနေတဲ့ ဖြစ်ချင်စိတ်တွေကို သင်နားလည်ဖို့ လိုပါတယ်။ ပြီးရင် အဲဒါတွေကို အခုကတည်းက အကောင်အထည်ဖော်နေဖို့ လိုပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၉။ သင့်ရဲ့ ဦးခေါင်းနဲ့ နှလုံးသား နှစ်ခုလုံးကို အသုံးပြုပါ၊ ဒါပေမယ့် မရောထွေးပါနဲ့။

ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ ဦးခေါင်းကို အသုံးပြုဖို့ လိုပါတယ်။ ဒါပေမယ့် အကောင်အထည်ဖော်တဲ့နေရာမှာတော့ နှလုံးသားကို အသုံးပြုဖို့ လိုပါတယ်။ ဒါက လွယ်ကူအောင် ပြောတာ ဖြစ်ပေမယ့် အချိန်တိုင်းမှာ ဦးခေါင်းရယ်၊ နှလုံးသားရယ် နှစ်မျိုးလုံးကို လိုသလို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အကယ်၍ သင့်အနေနဲ့ ခေါင်းကို သုံးကို ပြတ်ပြတ်သားသား လုပ်ရမယ့်နေရာမှာ နှလုံးသားကို သုံးပြီး လုပ်မယ်ဆိုရင် ထိရောက်မှာ မဟုတ်သလို နှလုံးသားနဲ့ ဂရုဏာထား လုပ်ဆောင်ရမယ့်နေရာမှာ ခေါင်းကို သုံးပြီး ကိန်းဂဏန်းတွေပဲ စဉ်းစားလုပ်ဆောင်နေမယ်ဆိုရင် ဘယ်လိုမှ မထိရောက်နိုင်ပါဘူး။ လုပ်ငန်းရဲ့ ရှေ့အလားအလာကို ဆုံးဖြတ်တာ၊ ဘဏ္ဍာရေးအစီအစဉ်တွေချမှတ်တာ၊ မဟာဗျူဟာတွေကို စဉ်းစားတာ၊ စည်းကမ်းပိုင်းတွေ ထိန်းသိမ်းတာ၊ အဖွဲ့အစည်းအကျိုးစီးပွားကို ကာကွယ်တာ၊ ပြတ်ပြတ်သားသား လုပ်ရမယ့်နေရာတွေမှာ ပြတ်သားတာ စတဲ့နေရာတွေဟာ ဦးခေါင်းနဲ့ စဉ်းစားရမှာ ဖြစ်ပြီး ကိုယ်လုပ်တဲ့အလုပ်ကြောင့် ကိုယ့်အဖွဲ့သားတွေကို ထိခိုက်နိုင်ခြင်းရှိ၊ မရှိ၊ ပတ်ဝန်းကျင်/ လူ့အဖွဲ့အစည်းကို ထိခိုက်နိုင်ခြင်းရှိမရှိတွေမှာတော့ နှလုံးသားနဲ့ စဉ်းစားဖို့ကို မမေ့ဖို့ လိုအပ်ပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

သင့်စီးပွားရေး၊ အလုပ်အကိုင်နဲ့ စီးပွားရေးလုပ်ငန်းတိုးတက်မှုအတွက် လက်တွေ့ကျတဲ့ ခေါင်းဆောင်မှု အိုင်ဒီယာများ ရယူချင်တယ်ဆိုရင် TLJ, TLP, PBCA, NLP သင်တန်းများ၊ Business & Executive Coaching ဝန်ဆောင်မှုများကို ရယူနိုင်ရန်အတွက် Myanmar 1st Business & Executive Coaching Firm ဖြစ်တဲ့ Breakthrough Coaching, Training & Consulting 09765222107, 09765222108, 09765222109 တွေကို ဆက်သွယ်နိုင်ပါတယ်။

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial