သင်ရွေးချယ်နိုင်တဲ့ ကမ္ဘာ (၂) ခု

အကျင့်စာရိတ္တဟာ ဦးဆောင်သူတွေအတွက် အရေးကြီးတဲ့အကြောင်းအရင်း (၅) ခု
October 29, 2020
ကောင်းမွန်တဲ့ အပြောင်းအလဲတွေဖန်တီးဖို့ လုပ်နိုင်တဲ့အချက် (၅) ချက်
October 31, 2020

သင်ရွေးချယ်နိုင်တဲ့ ကမ္ဘာ (၂) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ကျွန်တော်တို့မှာ ကမ္ဘာနှစ်ခုရှိတယ်လို့ ဆိုကြပါစို့။ တစ်ခုက အပြစ်တင်တဲ့ကမ္ဘာ၊ နောက်တစ်ခုက တာဝန်ယူတဲ့ကမ္ဘာ။ အဲဒီတော့ ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာက မတူကြဘူး။

တစ်ချို့လူတွေက အပြစ်တင်တဲ့ကမ္ဘာမှာ နေကြပြီးတော့ တစ်ချို့လူတွေက တာဝန်ယူတဲ့ကမ္ဘာမှာ နေထိုင်ကြပါတယ်။ အပြစ်တင်တဲ့ကမ္ဘာမှာ နေတဲ့လူတွေက သူတို့ဘဝမှာ နေထိုင်ရင်းနဲ့ အဆင်မပြေတာတွေ ဖြစ်လာပြီဆိုရင် အရင်ဆုံး သူ့ကိုယ်သူ အပြစ်တင်တယ်။ ငါတော်တော် အသုံးမကျတဲ့လူပဲဆိုပြီး သူ့ကိုယ်သူ အပြစ်တင်တော့ စိတ်ဓာတ်တွေ ကျလာတယ်။ အဲဒီလိုမျိုး နေရင်းနဲ့ အချိန်တစ်ခုရောက်လာတော့ သူ့ကိုယ်သူ အပြစ်တင်တာတွေ ရပ်ပြီးတော့ ဘယ်သူ့ကို ငါအပြစ်တင်လို့ရဦးမလဲ လိုက်စဉ်းစားတယ်။ အဲဒီအခါမှာ သူနဲ့ အိမ်မှာအတူတူနေတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အဲဒီလို လူတွေကိုလိုက်ပြီး အပြစ်တင်တယ်။ ဒါမှမဟုတ် သူလုပ်နေတဲ့ အဖွဲ့အစည်းကို အပြစ်တင်တယ်။ သူလုပ်နေတဲ့ Company ကို အပြစ်တင်တယ်။ သူ့အပေါ်က အထက်အရာရှိကို အပြစ်တင်တယ်။ သူမတိုးတက်တဲ့ အကြောင်းအရင်းက အဲဒီလူတွေကြောင့်ဆိုပြီး လိုက်ပြီးအပြစ်တင်တယ်။

ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းရှင်ဆိုရင်လည်း သူ့ဘဝမှာ အဆင်မပြေတာ၊ လုပ်ငန်းမှာ အဆင်မပြေတာဆိုရင် မိသားစုကို အပြစ်တင်မယ်။ သူ့သားသမီးတွေကို အပြစ်တင်မယ်။ သူ့လက်အောက်က ဝန်ထမ်းကို အပြစ်တင်မယ်။ ဒါမှမဟုတ် သူနဲ့ဆက်စပ်နေတဲ့ အဖွဲ့စည်းတွေ၊ လူတွေကို အပြစ်တင်မယ်။ မဟုတ်ရင်လည်း သူကိုယ် အုပ်ချုပ်နေတဲ့ နိုင်ငံအစိုးရကို အပြစ်တင်မယ်၊ ရာသီဥတုကို အပြစ်တင်မယ်။ “ငါလိုလူမျိုး ဒီလိုနိုင်ငံမှာ လူလာဖြစ်တာ အလကားပဲ ပိုပြီးတော့ တိုးတက်တဲ့နိုင်ငံမျိုးကိုသာ ငါရောက်နေရင် ဒီထက်မက လုပ်နိုင်မှာသေချာတယ်” လို့ သူ့စိတ်ထဲမှာ အဲဒီလိုမျိုး မြင်နိုင်တယ်။

အဲဒါက မှန်ကောင်းလည်း မှန်နိုင်ပါတယ်။ အဓိကက ကာယကံရှင်ကိုယ်တိုင်က မကြိုးစားဘူ၊း အပြစ်တင်တဲ့စိတ်ပဲ ရှိတယ်။ တာဝန်ကို ရှောင်ချင်တယ်ဆိုရင် ဘယ်လောက်ပဲ တိုးတက်တဲ့ နိုင်ငံကိုပဲ သွားသွား အောင်မြင်မှာ မဟုတ်ဘူး။ တိုးတက်နိုင်မှာ မဟုတ်ပါဘူး။ အဓိကက Mindsets ပဲ။ သင့်ရဲ့ Mindsets က အပြစ်တင်တာကနေ တာဝန်ယူတဲ့ဘက်ကို ရွှေ့လိုက်ဖို့လိုတယ်။

ကျွန်တော်ရဲ့ဆရာ John C. Maxwell က ပြောတယ်။ “လူတစ်ယောက်က ရှုံးနိမ့်မူကနေ အောင်မြင်မူဘက်ကို သွားလို့ရချင်ရမယ်၊ ဆင်ခြေကနေ အောင်မြင်မူကို သွားလို့ မရဘူး” ပြောတယ်။ အဲဒီအတွက်ကြောင့် အပြစ်တင်နေလို့ မဖြစ်ပါဘူး။

သင့်ဘဝမှာ ကြုံနေတဲ့အရာတွေ၊ သင့်ရဲ့လုပ်ငန်းမှာ အဆင်မပြေတာတွေ အဲဒါတွေ အကုန်လုံးနဲ့ပတ်သတ်ပြီး “ငါ့မှာ တာဝန်ရှိတယ်။ ငါဖန်တီးထားတာ ဖြစ်တယ်” လို့ ခံယူဖို့ လိုပါတယ်။ ဆိုလိုတာက မိုးရွာတာ သင်ဖန်တီးတာမဟုတ်ဘူး။ မိုးရွာတာကို ဘယ်လိုတုံ့ပြန်မလဲက သင့်တာဝန်ဖြစ်တယ်။ လူတွေအများကြီး စီးပွားရေးကျတယ်။ သူတို့ စီးပွားရေးကျတာ သင့်စီးပွားရေးပါ ကျရမယ်လို့ မဆိုလိုဘူး။ အဲဒီအခြေအနေကို တတ်နိုင်သမျှ ရုန်းကန်ကြိုးစားနေရမှာက သင့်တာဝန်ပဲ။

ကျွန်တော့်ဆရာ Les Brown ပြောတဲ့ စကားပြောရရင် “သင်အနိုင်မရမချင်း ပွဲမပြီးသေးဘူး။” ဆိုလိုတာက ကိုယ်လိုချင်တဲ့ Result တစ်ခု မရမခြင်း အလျှော့မပေးဘူး။ ဒါက ငါ့တာဝန် ငါ့မှာ တာဝန်ရှိတယ်ဆိုတဲ့ ဒီလိုစိတ်မျိုးနဲ့မှပဲ သင်လိုချင်တဲ့ ရလဒ်တွေကို ထိုက်ထိုက်တန်တန် ရယူနိုင်မှာဖြစ်ပါတယ်။

ကမ္ဘာကြီးပေါ်မှာ တာဝန်ယူတဲ့အခြမ်းနဲ့ အပြစ်တင်တဲ့အခြမ်းဆိုပြီး နှစ်ခြမ်းရှိတယ်။ ဒီမှာရှိတဲ့ မိတ်ဆွေတွေ ဘယ်ကမ္ဘာမှာ နေချင်လဲ။ သင့်ဟာသင် ရွေးချယ်လို့ ရတယ်။ သင်ရွေးချယ်တဲ့အတိုင်း ရလဒ်တွေကို ဖန်တီးလာနိုင်လိမ့်မယ်။ ဒီစာဖတ်နေတဲ့ မိတ်ဆွေတွေ သင့်အနေနဲ့ ဘယ်ကမ္ဘာမှာနေမလဲ စဉ်းစားပြီး ရွေးချယ်နိုင်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
#naingwinaungceocoach #naingwinaungexecutivecoach #Leadership #Coaching #Transformation #NLP #Breakthrough_Coaching_Myanmar #Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial