သင်မကြိုက်တဲ့ အခြေအနေတစ်ခုကို သည်းခံနေရတာတွေ ရပ်ချိန်တန်ပါပြီ

ဦးတည်ရာမဲ့ဖြစ်နေတာကို ရပ်ရမယ့်အချိန်ရောက်ပြီ။
August 23, 2020
လုပ်ငန်းခွင်မှာ ပိုထိရောက်ဖို့ လုပ်ပိုင်ခွင့် ရချင်သူများအတွက်
August 25, 2020

လုပ်ငန်းက ၀င်ငွေမကောင်း မတိုးတက်ဘူး။ ပြိုင်ဖက်တွေက များလာတယ်။ ပုံတူကူးချကြတယ်။ စရိတ်တွေတက်တယ်။ ၀န်ထမ်းတွေက မကြိုးစားဘူး။ တက်တာနဲ့ ထွက်တာပဲ။

ဟုတ်တယ် အဲဒါက တော်တော်ဆိုးတယ်။

အလုပ်မှာ အဆင်မပြေဘူး။ လစာမတိုးတာ ကြာပြီ။ တခြားသူတွေသာ ရာထူးတိုးသွားတယ်။ ငါကျတော့ မတိုးဘူး။ အလုပ်ကလူတွေနဲ့ ဆက်ဆံရတာလည်း အဆင်မပြေဘူး။ မန်နေဂျာကလည်း တော်တော်ရင့်တယ်။

ဟုတ်တယ်။ အဲဒါက တော်တော်ဆိုးတယ်။

အချိန်မရဘူး။ ခရီးသွားချင်တယ်။ အလုပ်မှာက ကိုယ်ပဲ အဓိက လုပ်နေရတာ။ သာရေးနာရေးတွေလည်း မသွားနိုင်။ လေ့ကျင့်ခန်းလည်း မလုပ်နိုင်၊ မိသားစုကိုလည်း အချိန်မပေးနိုင်ဘူး။ တရားလည်း မလုပ်နိုင်ဘူး။

ဟုတ်တယ်။ အဲဒါက တော်တော်ဆိုးတယ်။

အိမ်လေး ဝယ်ချင်တယ်။ ကား၀ယ်ချင်တယ်။ ဖုန်းဝယ်ချင်တယ်။ နာမည်ကြီး ပစ္စည်းကောင်းကောင်းတွေ ဝယ်ချင်တယ်။ နိုင်ငံခြား ခရီးမပြောနဲ့ ပြည်တွင်းမှာတောင် မသွားနိုင်ဘူး။ စိတ်ကူးပဲ ရှိတယ်။ ပိုက်ဆံက မရှိဘူး။

ဟုတ်တယ်။ အဲဒါက တော်တော်ဆိုးတယ်။

အိမ်ထောင်ရေး/ အချစ်ရေး အဆင်မပြေဘူး။ ချစ်သူ အိမ်ထောင်ဘက်က သူ့ဆန္ဒကြီးပဲ။ လေ့လာသင်ယူမှုလည်း မရှိဘူး။ ပြောရင်လည်း မကြိုက်ဘူး။ ဒေါသလည်း ကြီးတယ်။ Negative ကလည်း တော်တော်များတယ်။ ပျော်စရာ မကောင်းဘူး။

ဟုတ်တယ်။ အဲဒါက တော်တော်ဆိုးတယ်။

အသက်သာ မကြီးသေးတာ ကျန်းမာရေးမကောင်းဘူး။ မကြာခဏ ခေါင်းမူးလိုက်၊ ဖျားလိုက်၊ အိပ်လို့လည်း သိပ်မပျော်ဘူး။ စိတ်ဖိစီးမှုလည်း အရမ်းများတယ်။ နည်းနည်းလောက် လှုပ်ရှားပြီးတာနဲ့ တော်တော်ပင်ပန်းတယ်။

ဟုတ်တယ်။ အဲဒါက တော်တော်ဆိုးတယ်။

လမ်းပျောက်နေသလိုဖြစ်နေတယ်။ အခုလုပ်နေတဲ့အလုပ်ကို မကြိုက်ဘူး။ ဘာလုပ်ရမလဲဆိုတာလည်း မသိဘူး။ ဘဝ အဓိပ္ပာယ်မရှိသလို ဖြစ်နေတယ်။ စိတ်မချမ်းသာဘူး။ လူတွေနဲ့လည်း ဆက်ဆံရေး အဆင်မပြေဘူး။ ငါ့ကို ဘယ်သူမှာ နားမလည်ပေးကြဘူး။

ဟုတ်တယ်။ အဲဒါက တော်တော်ဆိုးတယ်။

ဒါပေမယ့် မေးစရာရှိတာက ဒီအတိုင်းပဲ နေသွားတော့မှာလား။ နေသွားဖို့ ဆုံးဖြတ်လိုက်ပြီလား။ အဲဒါဆိုရင်တော့ လူဖြစ်ရှုံးခြင်းလို့ပဲ သတ်မှတ်ရတော့မယ်။

သင်မှတ်ထားတာမှာက အခက်အခဲတွေဆိုတာ သင်တစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူး။ အင်တာနက်မှာ ရှာကြည့်ရင် ကမ္ဘာပေါ်က သန်းပေါင်းများစွာသောသူတွေမှာလည်း ဒီလိုမျိုးဆန်ဆန်ပဲ ဒီထက်လည်း မကတဲ့ အခက်အခဲတွေ ရှိတတ်ကြတယ်။

အရေးကြီးတာက ပြောင်းလဲဖို့ပဲ။ ပိုပြီးအရေးကြီးတာက သင့်မှာ ပြောင်းလဲချင်စိတ်ရှိသလားဆိုတာပဲ။

အခြေအနေတစ်ခုကို မကြိုက်ရင် ပြောင်းလဲပါ။ သင်ဟာ သစ်ပင်မဟုတ်ဘူးလို့ Jim Rohn က ပြောတယ်။

ခွေးဆိုတာက မွေးကတည်းက ခွေးပဲ။ ဘာမှ ပြောင်းလဲလို့ မရဘူး။ ကြောင်ဟာလည်း ကြောင်ပဲ။ ဘာမှပြောင်းလဲလို့ မရဘူး။

ဒါပေမယ့် သင်ကကျတော့ လူ။ လူဆိုတာ စဉ်းစားနိုင်တယ်။ သင်ယူနိုင်တယ်။ ပြောင်းလဲနိုင်တယ်။ သင်အခု အဆင်မပြေဘူးဆိုတာ သင်တွေးပုံခေါ်ပုံ လုပ်ပုံ ကိုင်ပုံတွေ လိုအပ်နေလို့ ဖြစ်နိုင်တယ်။

ဆင်ခြေတွေကို စွန့်လွှတ်ရမယ်။ အတွေးအခေါ်တွေ ပြောင်းရမယ်။ လုပ်ပုံကိုင်ပုံတွေ ပြောင်းရမယ်။ ဘယ်နေရာမှာ ငါသိဖို့ လိုနေသလဲဆိုတာကို သိအောင်လုပ်ရမယ်။ အဲဒီအပိုင်းမှာ လေ့လာရမယ်။

သင်လိုချင်တဲ့အရာတွေကို ရအောင် မလုပ်ရင် မလိုချင်တာတွေနဲ့ တစ်သက်လုံးနေသွားရမယ်။ အဲဒါဟာ သင့်အတွက် မထိုက်တန်ပါဘူး။

အကန့်အသတ်တွေက သင့်ကို တားဆီးမှာကို လက်မခံပါနဲ့။ သာမန်ဘဝဟာ ပျော်စရာ မကောင်းဘူး။ သင် ဒီထက်မက လုပ်နိုင်ပါတယ်။

ဘယ်သူမဆို ပြောင်းလဲနိုင်တယ်။

သူ့ကိုယ်သူတင်မကပဲ ပတ်၀န်းကျင်ကိုပါ တိုးတက်ပြောင်းလဲနိုင်စေတဲ့ လူသားတစ်ယောက် ဖြစ်နိုင်တယ်။

အဲဒါ ကျွန်တော်လက်ခံထားတဲ့ ယုံကြည်မှုဖြစ်တယ်။

အဲဒီယုံကြည်မှုကို ကျွန်တော်ဆုပ်ကိုင်ထားတယ်။

Naing Win Aung (MBA, ACC)

CEO Coach & NLP Master Trainer

Leadership Development Facilitator

#naingwinaungceocoach

#naingwinaungexecutivecoach

#Leadership #Coaching #Transformation

#NLP #Breakthrough #TLJ

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial