(၁) ကိုယ့်စည်းကမ်း ကိုယ်ထိန်းတယ်ဆိုတာ ပြောတာသာ လွယ်ပြီး လုပ်တာ ခက်ပါတယ်။
ပြောတာက အင်မတန်လွယ်တယ်၊ လက်တွေ့ လုပ်တာက အင်မတန်ခက်ပါတယ်။ ပြောတာက လွယ်တယ်ဆိုတာ “ကိုယ့်စည်းကမ်း ကိုယ်ထိန်းလေကွာ၊ ဒါလိုက်ပြောနေရမယ့် ကိစ္စမှမဟုတ်တာပဲ” ဆိုပြီး ပြောလိုက်တာက လွယ်တယ်။
ဒါပေမယ့် မနက်မိုးလင်းလာလို့ Alarm မြည်တာနဲ့ ချက်ချင်း ငေါက်ကနဲ ထပြီးတော့ ရေမိုးချိုး၊ မျက်နှာသစ် လုပ်စရာရှိတာ လုပ်ပြီးတော့ ကိုယ့်ရဲ့တစ်နေ့တာကို စတင်ဖို့ကိစ္စက ထင်သလောက် မလွယ်နိုင်ပါဘူး။
ပြီးတော့ မကောင်းတဲ့အရာတွေကို ရပ်ပါ ဆိုတာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဥပမာ – ဆေးလိပ်သောက်တဲ့သူကို “ဆေးလိပ်သောက်တာ မကောင်းဘူး၊ ရပ်ပါ” လို့ ပြောတဲ့အရာက ပြောတဲ့လူဘက်က လွယ်ပြီး သူ့ဘက်ကတော့ ရပ်ဖို့ မလွယ်လှပါဘူး။
အဲဒီအတိုင်းပဲ “အရက်တွေ ယမကာတွေ လုံးဝ မသောက်ရင်ကောင်းတယ်။ လုံးဝ မဖြတ်နိုင်ရင်လည်း လျှော့တာကောင်းတယ်” လို့ ပြောတဲ့သူဘက်က ပြောတာကသာ လွယ်တယ်။ လုပ်တဲ့သူဘက်က ဖြတ်ဖို့ ခက်တယ်။
အဲဒီလိုပဲ ကိုယ့်ဟာကိုလည်း ပြောတာ လွယ်တယ်၊ တကယ်လုပ်ရတဲ့အခါမှာ ခက်တယ်။ ကျွန်တော်ပြောချင်တာက ဘာဖြစ်လို့ လူတွေက ကိုယ့်စည်းကမ်း ကိုယ်မထိန်းသိမ်းဖြစ်ကြလည်းဆိုရင် အပြောသာ လွယ်ပြီးတော့ အလုပ်ခက်တဲ့အတွက်ကြောင့် မလုပ်ကြတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
(၂) လူတွေက ရေရှည်ထက်စာရင် ရေတိုအကျိုးခံစားခွင့်ကို ပိုပြီးတော့ လိုချင်ကြတယ်။
ယခု ဒီနေ့ညမှာ ပျော်လိုက်တာနဲ့ မနက်ဖြန်မှာ ဒုက္ခရောက်တာနဲ့ဆို ဒီနေ့ညမှာ ပျော်ရတာကို ပိုပြီးတော့ လိုချင်တယ်။ မနက်ဖြန် ဒုက္ခရောက်တာကို သူတို့ခေါင်းထဲမှာ သိပ်မရှိဘူး။ ဒါမှမဟုတ်ရင် လက်တလောကနေ စပြီး တစ်နှစ်လုံး ပျော်ပျော်ရွှင်ရွှင်နေမယ်။ အဲဒါကို ပိုပြီးတော့ သဘောကျပြီးတော့ နောက်တစ်နှစ်မှာ ဒုက္ခရောက်မယ့်ကိစ္စကို ခေါင်းထဲမှာ သိပ်မရှိကြပါဘူး။
အဲဒီအခါကျတော့ ရေတိုနဲ့ ရေရှည်ဆိုရင် ရေတိုမှာရတဲ့ အကျိုးခံစားခွင့်ကို သူတို့ပိုပြီးတော့ လိုချင်ကြတဲ့ အနေအထားမျိုးရှိတယ်။ အဲဒီလို အနေအထားမျိုးမှာ ကျွန်တော်တို့က သူတို့ကို ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် လာမယ့်တစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်မှာ သူတို့ဘယ်လိုတွေ ဒုက္ခရောက်လာမလဲဆိုတာ သူတို့မြင်လာအောင် သူတို့ဘာသာသူတို့ ပြန်ပြီးသိလာအောင် ကျွန်တော်တို့တွေအနေနဲ့ ပြန်ပြီး လှုံ့ဆော်ပေးနိုင်ဖို့က အရေးကြီးတယ်။ သူတို့သိလာအောင် ကူညီပေးနိုင်ဖို့ သိပ်ကိုအရေးကြီးတယ်။
(၃) ကိုယ့်စည်းကမ်းကိုယ် ထိန်းကြရင် ရေရှည်မှာရလာမယ့် အကျိုးကျေးဇူးတွေကို သူတို့ မသိကြဘူး။
စာအုပ်တစ်အုပ် ကျွန်တော်ဝယ်ထားတာ ရှိပါတယ်။ ဘာလဲဆိုတော့ (Discipline) စည်းကမ်းက ဘာပေးလဲဆိုရင် Freedom ကိုပေးတယ်။ ဘာဖြစ်လို့လဲဆိုရင် Freedom က လွတ်မြောက်မှု။ ဆိုလိုတဲ့သဘောက လူတွေက စိတ်ထဲမှာ ထင်တာ စည်းကမ်းဆိုတာ ချုပ်တည်းထားတဲ့အရာတွေလို့ မြင်တာ။ အဲဒီအတိုင်းနေရင် ကိုယ်လိုချင်တာတွေကို ရပြီ။ ကိုယ်လိုချင်တာရတယ်ဆိုတာ လွတ်မြောက်မှုပဲ။ အဲဒီ လွတ်မြောက်မှုကို တကယ်စစ်မှန်တဲ့ လွတ်မြောက်မှုကို ရဖို့ဆိုရင် လွတ်မြောက်မှု အတုအယောင်တွေ၊ စည်းကမ်းမထိန်းဘဲနဲ့ လုပ်ချင်ရာလုပ်တာတို့၊ ပေပေတေတေနေတာတို့ ကိုယ့်ရဲ့ အစားအသောက် အနေအထိုင်တွေ ဂရုမစိုက်တာတို့ ဒီလိုဟာမျိုးတွေကို ကျွန်တော်တို့က စွန့်လွှတ်မှပဲ တကယ်စစ်မှန်တဲ့ Freedom ကို ရနိုင်ပါလိမ့်မယ်။
ကျွန်တော်တို့ ဦးဆောင်တဲ့လူတွေအနေနဲ့က ကိုယ့်ရဲ့ Team Member၊ ကိုယ့်ရဲ့ လုပ်ငန်းထဲက လူငယ်တွေ၊ သူတို့တွေကို ကိုယ့်အနေနဲ့ သေချာရှင်းပြပေးနိုင်တယ်ဆိုရင် သူတို့အနေနဲ့ ပြုပြင်လာနိုင်တယ်ဆိုရင် လုပ်ငန်းခွင်မှာ ပိုပြီးတော့အောင်မြင်လာမယ်။ ပိုပြီးတော့ ပျော်စရာကောင်းလာမယ်။ သူတို့တွေကလည်း နောင်တစ်ချိန်မှာ ကိုယ့်ရဲ့လုပ်ငန်းထဲမှာ အားကိုးရတဲ့ ခေါင်းဆောင်လေးတွေလည်း သူတို့ ဖြစ်လာနိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီဆောင်းပါးလေးက မိတ်တွေတို့အတွက် အကျိုးရှိမယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
naingwinaungceocoach
naingwinaungexecutivecoach
Leadership #Coaching #Transformation
NLP #Breakthrough
Breakthrough_Coaching_Myanmar
Make_Myanmar_A_Better_Place