စီးပွားရေးလုပ်ငန်းတစ်ခုဆိုတာ ရေရှည်တည်တံ့ဖို့လိုပါတယ်။ ကျွန်တော်အရင်က ရှယ်ယာပါပြီးလုပ်ခဲ့တဲ့ လုပ်ငန်းတစ်ခုမှာ Chairman ကပြောတယ် “ငါတို့လုပ်ငန်းက ရာစုနှစ်ပေါင်းများစွာတည်တံ့ရမယ်” တဲ့။ သူပြောတဲ့စကားလေးကအရမ်းကို Heart ထိတယ်။ ဘာလို့လဲဆိုတော့ လုပ်ငန်းတွေကို ကျွန်တော်တို့ တည်ထောင်ကြတယ်။ အချိန်တစ်ခုရောက်တော့ ပျက်သွားတယ်ဆို ဘယ်လိုလုပ်ဆက်သွားမလဲ။ လုပ်ငန်းတွေ ရေရှည်တည်တံ့ရင်တော့ အများကြီးကောင်းတယ်။ နောက်ထပ် ကျွန်တော့်ရဲ့ဆရာ Leadership ကိုအဓိကသင်တဲ့ John Maxwell ကလည်း Legacy ဆိုတာ အမြဲတမ်းပြောတယ်။ Legacy ဆိုတာ အမွေပေးတာခေါ်တယ်။ အဲဒီအတွက်ကြောင့် လုပ်ငန်းတွေ မတည်တဲ့ရတဲ့ အဓိက အချက် (၃)ချက် ကို မျှဝေချင်ပါတယ်။
(၁) ဆက်ခံမယ့်သူ မရှိခြင်း။
Owner ရှိတယ်။ Owner ရဲ့အနောက်မှာ ဆက်ခံတဲ့သူ မရှိတော့ဘူး။ ရပ်ကွက်ထဲက စတိုးဆိုင်လေးတွေမှာ ရုတ်တရက် အဖေမရှိတော့လို့ အမေမရှိတော့လို့ ပိတ်သွားတာမျိုးတွေ မြင်ဖူးလိမ့်မယ်။ အဲဒီပုံစံအတိုင်းပဲ ကုမ္ပဏီတွေလည်း ဖြစ်နေတယ်၊ ဆိုင်တွေလည်း ဖြစ်နေတယ်၊ စက်ရုံတွေလည်း ဖြစ်နေတယ်။ နေရာတကာမှာ ဖြစ်နေတယ်။ ဆက်ခံတဲ့သူမရှိလို့ လုပ်ငန်းပျက်စီးတာက ငွေမလည်လို့ပျက်စီးတာရဲ့နောက်မှာ ဒုတိယလိုက်တယ်။ ဒါကြောင့် ဆက်ခံတဲ့သူမရှိရင် လုပ်ငန်းတွေ ရေရှည်မတည်တံ့ဘူး၊ ပျက်စီးနိုင်တယ်။
(၂) ဆက်ခံတဲ့သူတွေက အရည်အချင်းမပြည့်ဝတာ။
အဖေအမေကလုပ်တယ်၊ သားသမီးတွေက အရည်အချင်းမပြည့်ဘူး။ အဲဒီတော့ မပြည့်တာ (၂)နည်းရှိတယ်။ သားသမီးတွေက ပျင်းလို့မပြည့်တာဖြစ်နိုင်တယ်။ အဖေအမေတွေက သင်ပေးသင့်တဲ့အချိန်မှာ မသင်ပေးလို့၊ နေရာပေးသင့်တဲ့အချိန်မှာ နေရာမပေးလို့ သူတို့အနေနဲ့ အဆင်သင့်မဖြစ်တာ ဖြစ်နိုင်တယ်။ ရုတ်တရက်တစ်ခုခုဖြစ်တော့မှ၊ နေမကောင်းတော့မှ၊ မကျန်းမာတော့မှ မင်းတို့ဒါလုပ်ကြဆို သူတို့က Ready မဖြစ်ဘူး။ ဒါမှမဟုတ်ရင် အဲဒီအချိန်မှာ သူတို့လုပ်ချင်စိတ်ကိုမရှိတော့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒီအခါ ဆက်ခံတဲ့သူတွေ အရည်အချင်းမပြည့်စုံလည်း လုပ်ငန်းက ပျက်စီးနိုင်တယ်။
(၃) စနစ်တကျ လွှဲပြောင်းပေးမှုမရှိတာ။
ရုတ်တရက် ကွယ်လွန်သွားတဲ့အခါ စနစ်တကျလွှဲပြောင်းပေးနိုင်တဲ့ အခြေအနေမရှိတော့တာ ဖြစ်နိုင်တယ်။ တခါတလေကျရင် အောက်ကလက်လွှဲယူမယ့်သူနဲ့ လွှဲပေးမယ့်သူက (၁)နှစ် (၂)နှစ်လောက် လက်တွဲလုပ်ရတာမျိုးဖြစ်နိုင်တယ်။ တချို့ဆို အရေးကြီးတဲ့ Position တွေ၊ CEO လိုမျိုး ဒါမှမဟုတ်ရင် လုပ်ငန်းရှင်လို Position မျိုးက ချက်ချင်းလွှဲလို့မရဘူး။ တချို့ တာဝန်ယူမှုနည်းတဲ့ ဝန်ထမ်းတွေဆိုရင် မနက်ဖန်အလုပ်ထွက်မယ်ဆိုတာ ဒီနေ့မှလာပြောတယ်။ ထွက်မယ်ဆိုတာတောင် မပြောဘဲနဲ့ ထွက်သွားတယ်။ အင်မတန်တာဝန်မဲ့တဲ့ ကိစ္စမျိုးဖြစ်တယ်။ အထူးသဖြင့် မန်နေဂျာ Level မျိုးမှာဆိုရင် ပိုပြီးတော့ မဖြစ်သင့်ဘူး။
ကျွန်တော်ဆိုရင် ကျွန်တော်ရှယ်ယာပါတဲ့လုပ်ငန်းကနေ နားတော့မယ်ဆိုရင် ကျွန်တော် (၃)လလောက် ကြိုပြောတယ်။ ကျွန်တော်မသွားခင်မှာ ပြင်စရာရှိတာ အကုန်ပြင်ပေးတယ်။ ထွက်တဲ့အချိန်မှာလည်း ကိုယ့်ကြောင့် ဝန်ထမ်းတွေစိတ်ထိခိုက်တာ မဖြစ်အောင် အတတ်နိုင်ဆုံး ဂရုစိုက်ပေးတယ်။ ဆိုလိုတဲ့သဘောက စနစ်တကျ လွှဲပြောင်းပေးမှုက အင်မတန်အရေးကြီးတယ်။ ဆက်ခံတဲ့အပိုင်း ပြန်ပြောရရင်တော့ ကိုယ့်ရဲ့တာဝန်ကို လွှဲယူမယ့်သူက စနစ်တကျလွှဲယူပြီးတော့ ဝန်ထမ်းကို ကိုယ်မရှိတော့တဲ့အချိန်မှာ ကိုယ့်ထက်အောင်မြင်အောင် လုပ်ပေးနိုင်ဖို့က Leader တွေရဲ့အဓိကတာဝန်ဖြစ်တယ်။ အဲဒီမှာ တချို့တွေက အတ္တရှိတယ်။ ငါမရှိရင် သူတို့အဆင်မပြေတာကို မြင်ရလိမ့်မယ်။ အဆင်မပြေတာမျိုးကို မြင်ချင်တာ။ ဒါက တနည်းပြောရရင် မကောင်းတဲ့ စိတ်နေသဘောထားလို့ ပြောလို့ရတယ်။
အဲဒီတော့ အရေးကြီးတာက ဆက်ခံတဲ့သူရှိဖို့ သေချာစဉ်းစားရမယ်။ ဆက်ခံတဲ့သူတွေကို အရည်အချင်း ပြည့်ပြည့်ဝဝဖြစ်အောင် သင်ကြားပေးဖို့ စဉ်းစားပါ။ ပြီးတော့ စနစ်တကျလွှဲပြောင်းပေးဖို့ စဉ်းစားပါ။ အဲဒီအခါမှပဲ လုပ်ငန်းက ကိုယ်မရှိတော့တဲ့နောက်မှာ အောင်မြင်ပြီးတော့ ကျန်ခဲ့တာ အများကြီးအဓိပ္ပါယ်ရှိမှာပါ။ မိတ်ဆွေတွေအားလုံးလည်း ဒီအပိုင်းလေးကနေ လုပ်ငန်းအတွက် တွေးစရာတစ်ခုခုရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
naingwinaungceocoach
naingwinaungexecutivecoach
Leadership #Coaching #Transformation
NLP #Breakthrough
Breakthrough_Coaching_Myanmar
Make_Myanmar_A_Better_Place
TLJ
Breakthrough_Coaching_Myanmar
Make_Myanmar_A_Better_Place