လုပ်ငန်းတစ်ခု မတိုးတက်ရတဲ့အကြောင်းအရင်း

အနာဂတ်တွင် ဦးဆောင်သူဖြစ်လိုတဲ့လူငယ်တွေ ဒီနေ့ လုပ်သင့်တဲ့ အချက် ၉ ချက်
August 31, 2020
Transformational Leadership Journey (၂၀၁၉) ပွဲမှ ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ပြောခဲ့တဲ့ ထိထိမိမိစကားလုံးများ
September 2, 2020

ငယ်တုန်းက စာမလုပ်ရင် တွန်းအားပေးမယ့်လူတွေ ရှိတယ်။
ကြီးလာတဲ့အခါ စာမလုပ်ရင် တွန်းအားပေးမယ့်သူတွေ မရှိတော့ဘူး။
ငယ်ငယ်တုန်းက မကြိုးစားရင် ဆူမယ့်သူရှိတယ်။
ကြီးလာတော့ မရှိတော့ဘူး။
အရွယ်တစ်ခုရလာတာနဲ့ လူဆိုတာ ကိုယ့်လမ်းကို ကိုယ်ရွေးရတာ ဖြစ်တယ်။
ကိုယ့်ကိုယ်ကိုယ် တည်ဆောက်မလား … ဒီအတိုင်းထားမလား … အပျက်စီးခံမလား။
ကိုယ်ကိုယ်တိုင်ကမှ အရည်အချင်းမရှိရင် ကိုယ့်အဖွဲ့အစည်းကလည်း ပုံလာမှာ မဟုတ်ဘူး။
လုပ်ငန်းတစ်ခု မတိုးတက်တာ အဲဒီလုပ်ငန်းရှင်မှာ သူသိသင့်တာတွေ မသိသေးတာ မတတ်သေးတာကြောင့် ဖြစ်တယ်။
လူတစ်ယောက်မတိုးတက်တာလည်း သူသာလျှင် အဓိကတရားခံဖြစ်တယ်။
ဆရာကြီးဒေါက်တာအောင်ထွန်းသက် ကျွန်တော့်ပထမဆုံးပွဲကို လာတုန်းက ပြောတယ်။
ကိုနိုင်ဝင်းအောင်တို့ Breakthrough ကလုပ်တာ အရမ်းကောင်းတယ်။
Personal Growth မရှိပဲ Leadership Development ကို သွားလို့မရဘူး။
Leadership Development မရှိပဲလည်း Personal Growth ကို သွားလို့မရဘူး။
ဒီနှစ်ခုက ဒွန်တွဲနေတယ်တဲ့။
နောက်ပိုင်းပွဲတွေလည်းရောက်ရော ပြောတယ်။
ဆရာ Breakthrough ပွဲတွေကို လာပေးတာ အကြောင်းရှိတယ်တဲ့။
သူတို့က တကယ်လုပ်တာတဲ့ … အဲဒါကြောင့် လာပေးတာတဲ့။
ဒီစကားတွေဟာ အရမ်းကို အားဖြစ်စေတယ်။
လုပ်ငန်းရှင်ဖြစ်ဖြစ် ဝန်ထမ်းဖြစ်ဖြစ် ဘာမှ မလုပ်သေးတဲ့လူဖြစ်ဖြစ် အားလုံးကို Personal Growth ရော၊ Leadership Development ကိုရော လုပ်စေချင်တယ်။
အဲဒါတွေရှိပြီဆိုရင် ကျန်တဲ့ Marketing, Finance, Management, HR, Operation စတာတွေ ဆက်လေ့လာသွားလို့ ရပြီ။
ပြောင်းလဲမှုက ရှောင်လွှဲလို့ မရဘူး။
ဒါပေမယ့် ပြောင်းလဲတိုင်း တိုးတက်မှာ မဟုတ်ဘူး။
တိုးတက်ပြောင်းလဲမှုက ကိုယ့်ရဲ့ ရွေးချယ်မှု ဖြစ်တယ်။
၁။ အဲဒီလိုဖြစ်ချင်သူတိုင်း ကိုယ့်လက်ရှိအခြေအနေကို အားမလို အားမရဖြစ်ရမယ်။
၂။ ဘယ်သူမဆို ရည်မှန်းချက် မြင့်မြင့်မားမားရှိရမယ်။ ပန်းတိုင်ကို တိတိကျကျ ချရေးထားရမယ်။ နေ့တိုင်း အကြိမ်ကြိမ် ပြန်ဖတ်ရမယ်။
၃။ ကိုယ့်အားသာချက်၊ အားနည်းချက်၊ ဝါသနာ စတာတွေကို သိအောင် လုပ်ရမယ်။
၄။ ကိုယ်ဖြစ်ချင်တဲ့အရာကို ဖြစ်အောင် လုပ်ဖို့ ကိုယ့်မှာ ရှိတဲ့ အရေးကြီးဆုံး ဘယ်အရည်အချင်းကို မြှင့်ရမလဲ သိရမယ်။
၅။ စာအုပ်တွေ ရူးသွပ်နေအောင် ဖတ်ရမယ်၊ သင်တန်းတွေ ရူးခါနေအောင် တက်ရမယ်။
၆။ အသုံးချဖို့လည်း မမေ့နဲ့၊ သိတာနဲ့ လုပ်တာက မတူဘူး။ တစ်ချို့သိသလိုလို ရှိတယ်။ တကယ်မလုပ်တော့ ဘာမှဖြစ်မလာဘူး။
၇။ လူမှုဆက်ဆံရေးကောင်းရမယ်။ လူဆိုတာ တစ်ယောက်တည်းနေလို့ မရဘူး။ လူအများနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာ မသိရင် သင် လူတွေကို ဦးဆောင်နိုင်မှာ မဟုတ်ဘူး။
၈။ တချို့လူတွေနဲ့ ပိုပေါင်းရမယ်၊ တချို့လူတွေနဲ့ လျှော့ပေါင်းရမယ်။ ဘယ်သူတွေက သင့်အတွက် သင့်ရည်မှန်းချက်အတွက် အကျိုးပြုမလဲ၊ ဘယ်သူတွေက အကျိုးယုတ်စေလဲ သိရမယ်။
၉။ စံနမူနာယူစရာလူတွေထားပြီး အတုယူရမယ်။ သင်အောင်မြင်ချင်တဲ့ နယ်ပယ်မှာ အောင်မြင်နေတဲ့ လုပ်ငန်း၊ လူတွေကို ရှာပါ။ သူတို့ဘာလုပ်လဲ ကြည့်ပါ။ သင်နဲ့ ကိုက်ညီတာတွေကို လိုက်လုပ်ပါ။
၁၀။ ကိုယ့်ကို လမ်းညွှန်ပေးမယ့် တည့်မတ်ပေးမယ့် Coach, Mentor ထားရမယ်။ သင့်ဟာသင်ဆိုရင် ၅ နှစ်ကြာနိုင်တဲ့ ခရီးဟာ လမ်းပြကောင်းနဲ့ဆိုရင် ၅ လနဲ့ ရောက်သွားနိုင်တယ်။
၁၁။ မယူခင် အရင်ပေးဖို့ ကြိုးစားရမယ်၊ ပြီးရင် ဆက်ပြီး ရနေဖို့အတွက် ဆက်ပြီးပေးနေရမယ်။
၁၂။ အကျင့်စာရိတ္တက အရေးကြီးတယ်၊ အကျင့်စာရိတ္တမကောင်းတဲ့သူဟာ တချိန်မှာ ရပ်သွားလိမ့်မယ်။
၁၃။ ရာထူး၊ အာဏာကို အခြေခံပြီး လူတွေကို ခိုင်းတာထက် လူတွေလိုလိုလားလား လုပ်ပေးချင်လာအောင် လုပ်ရမယ်။
၁၄။ ကိုယ့်ဘေးမှာ ကိုယ်အားနည်းတဲ့နယ်ပယ်တွေမှာ အားသာတဲ့သူတွေနဲ့ ဝန်းရံထားရမယ်။
၁၅။ ဈေးကြီးတာ ဝတ်ရမယ်မဆိုလိုဘူး၊ ဒါပေမယ့် သပ်သပ်ရပ်ရပ်၊ ဝတ်စားဆင်ယင်ရမယ်။
၁၆။ ကိုယ့်အခြေအနေကို အမြဲတမ်း ပြန်သုံးသပ်ပြီး ငါဘယ်နေရာမှာ တိုးတက်အောင် လုပ်ရမလဲဆိုတာကို ပြင်ဆင်သင့်တယ်။
၁၇။ တစ်နေရာရာမှာ ငါရှိတာ အရေးကြီးတယ်ဆိုတာထက် ကိုယ်မပါပဲ လည်ပတ်နိုင်အောင် လုပ်ရမယ်။
၁၈။ ကိုယ့်လူတွေကို ကိုယ့်လိုတတ်လာအောင်၊ ကိုယ့်ထက် ပိုတတ်လာအောင် ကူညီပေးရမယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေညံ့တာဟာ ကိုယ်ညံ့တာပဲလို့ ခံယူရမယ်။
၁၉။ အလုပ်တစ်ခုလုပ်ရင် အဆင်မပြေတာ ရှိနိုင်တယ်။ ကိုယ်လုပ်တဲ့ကိစ္စတွေ မအောင်မြင်တာနဲ့ လက်လျှော့မယ့်အစား နောက်တစ်ကြိမ်ထပ်မမှားအောင် ပြန်ကြည့်မယ်၊ သင်ခန်းစာယူမယ်ဆိုတာမျိုး ဖြစ်ရမယ်။
၂၀။ ကိုယ့်မှာရည်မှန်းချက်ရှိတယ်၊ ကိုယ်ကြိုးစားယူတယ်၊ မရခဲ့ရင် ဒီအတိုင်းကြီး အကြိမ်ကြိမ် ဆက်လုပ်မယ့်အစား နည်းလမ်းကို ပြောင်းပြီး လုပ်ကြည့်သင့်တယ်။ နည်းလမ်းမှားနေရင် ဘယ်နှစ်ကြိမ် လုပ်လုပ် တိုးတက်လာမှာ မဟုတ်ဘူး။
၂၁။ တစ်ခုခုကို လိုချင်ပြီဆိုရင် အလကားတော့ မရနိုင်ဘူး၊ တစ်ခုခုတော့ ပြန်ပေးရမယ်၊ ကိုယ်က ဘာကိုလိုချင်တာလဲ၊ ကိုယ်က ဘာပြန်ပေးမှာလဲ သေချာ စဉ်းစားဆင်ခြင်သင့်တယ်။
၂၂။ လူတစ်ယောက်အောင်မြင်ဖို့အတွက် ရှိကို ရှိသင့်တဲ့အယူအဆတစ်ခုက ကိုယ့်ဘဝမှာ ဖြစ်နေတဲ့အရာအားလုံးအတွက် ကိုယ့်မှာ အပြည့်အဝတာဝန်ရှိတယ်လို့ ခံယူသင့်တယ်။
၂၃။ သင်လုပ်ရမှာတွေက အများကြီးပဲ၊ အဲဒီလိုများလို့လည်း လူတော်တော်များများက မလုပ်ချင်ကြဘူး၊ အဲဒါကြောင့် လောကမှာ အောင်မြင်တဲ့သူက နည်းနည်းပဲ ရှိပြီး မအောင်မြင်တဲ့သူတွေများနေတာ ဖြစ်တယ်။ အရေးကြီးဆုံးတစ်ခုက သင်လုပ်ချင်တာတစ်ခုခု ရှိလာပြီဆိုရင် သင်အဲဒါကို ဘာကြောင့်လိုချင်တာလည်းဆိုတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ လိုတယ်။
၂၄။ တစ်ချိန်ကျရင် ကျွန်တော်တို့ အားလုံး သေကြမှာပဲ။ အဲဒီအချိန်မှာ ကိုယ်ဘာတွေကို ထားခဲ့မလဲဆိုတာ အရေးကြီးတယ်။ ကောင်းတာတွေလည်း မကောင်းတာတွေလား၊ ကိုယ်မရှိတော့တဲ့ အချိန်မှာ ကိုယ်တည်ဆောက်ထားခဲ့တာတွေကို အပျက်စီးခံလိုက်မှာလား၊ အခုကတည်းက သေချာပြင်ဆင်ထားမလားဆိုတာကို ရွေးချယ်ရမှာ သင့်တာဝန်ဖြစ်တယ်။
ဒါတွေက အခုလောလောဆယ် စိတ်ထဲပေါ်လာတာတွေ ရေးပေးထားတာပါ။ အများကြီး ရှိနိုင်ပါသေးတယ်။
တကယ်အကျိုးရှိချင်ရင် အကြံ ၂ ခု ပေးချင်ပါတယ်။

  • အပေါ်က အချက်တွေကို ပြန်ဖတ်ပါ။ ပြီးရင် ကိုယ်နဲ့ အကိုက်ညီဆုံး အချက် ၃ ချက်ကို ရွေးပါ။ အဲဒီတစ်ချက်ချင်းကို အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းတွေကို ချရရေးပါ။ လုပ်မယ့်ရက်စွဲပါ တက်ပါ။ စလုပ်ပါ။

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial