ခေါင်းဆောင်မှုရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ကိုယ်ကောင်းဆန်လို့မရဘူး။ ခေါင်းဆောင်မှုနဲ့ တစ်ကိုယ်ကောင်းဆန်မှုက အများကြီးကို ဆန့်ကျင်နေတယ်။ ခေါင်းဆောင် ဖြစ်လာပြီဆိုရင် ကိုယ်တစ်ယောက်ထဲအတွက် မဟုတ်ဘဲ ကိုယ့်ရဲ့ အဖွဲ့အစည်းအတွက်ကို ကြည့်ပေးရမယ်။ ကိုယ့်အတွက်ကိုယ် ကြည့်လို့ရတယ်။ ဒါပေမဲ့လည်း ကိုယ့်ရဲ့လက်အောက်ဝန်ထမ်းတွေ လုပ်ဖော်ကိုင်ဖက်တွေ ကိုယ့်ရဲ့ ဖောက်သည်တွေကို ပြန်မကြည့်ပေးရင် မရဘူး။ ဘယ်တော့မှ Leadership ဆိုပြီး သွားလို့ရမှာမဟုတ်ဘူး။
ကိုယ်ကိုယ်တိုင်က တစ်ကိုယ်ကောင်း မဆန်သင့်သလို ကိုယ့်လက်အောက်က လက်ထောက် ခေါင်းဆောင်တွေကလည်း တစ်ကိုယ်ကောင်း မဆန်သင့်ဘူး။ သူတို့ကိုလည်း တစ်ကိုယ်ကောင်းမဆန်အောင် သင်ပေးထားဖို့လိုတယ်။ ဦးဆောင်သူတွေ တစ်ကိုယ်ကောင်းဆန်ရင် ဖြစ်လာမယ့် အကျိုးဆက်(၅) ခုကို မျှဝေချင်ပါတယ်။
(၁) တစ်ကိုယ်ကောင်းဆန်တဲ့ ခေါင်းဆောင်အောက်မှာ ဝန်ထမ်းတွေ မပျော်ဘူး။
ဦးဆောင်သူတွေ တစ်ကိုယ်ကောင်းဆန်ရင် ဝန်ထမ်းတွေ မပျော်ဘူး။ ဝန်ထမ်းတွေက လုပ်ငန်းထဲမှာ စိတ်ညစ်နေရင် သူတို့ရဲ့အနာဂတ်ကို စိုးရိမ်ပူပန်နေရင် သူတို့အလုပ်လုပ်တဲ့နေရာမှာရော Customer တွေကို ဝန်ဆောင်မှုပေးတဲ့နေရာမှာရော Production ပိုင်းတွေမှာရော တစ်ချို့တီထွင်ကြံဆရမယ့် လူတွေဆိုပိုတောင် အခက်ခဲတွေ ဖြစ်နိုင်သေးတယ်။ အဲဒီအတွက်ကြောင့် ဝန်ထမ်းတွေမပျော်ရင် လုပ်ငန်းမှာ အများကြီး ထိခိုက်နိုင်တယ်။
(၂) ဝန်ထမ်းကိုပါ တစ်ကိုယ်ကောင်းဆန်ဖို့ နမူနာပြသလို ဖြစ်လာမယ်။
ဦးဆောင်သူက စံနမူနာဖြစ်နေဖို့ အရေးကြီးတယ်။ ဦးဆောင်သူ ကိုယ်တိုင်က ကိုယ်ကိုယ်တိုင်အတွက်ပဲ ကြည့်တယ်ဆိုရင် ကိုယ့်ရဲ့ လက်အောက်က ဒုတိယခေါင်းဆောင်ကလည်း တစ်ကိုယ်ကောင်းဆန်မယ်။ ပြီးရင် သူ့ရဲ့လက်အောက်က လူကလည်း တစ်ကိုယ်ကောင်းဆန်မယ်။ လုပ်ငန်းခွင်က တစ်ကိုယ်ကောင်းဆန်တဲ့သူတွေ အများကြီးဖြစ်လာရင် လုပ်ငန်းခွင်ကို ထိခိုက်နိုင်တယ်။
(၃) ဝန်ထမ်းတွေ အုပ်စုဖွဲ့လာမယ်။
တစ်ကိုယ်ကောင်းဆန်တဲ့ Leader အောက်မှာ ရပ်တည်နေရတဲ့ ဝန်ထမ်းတွေအနေနဲ့ သူတို့တစ်ယောက်ထဲ ရပ်တည်ဖို့ ခက်လာတဲ့အတွက်ကြောင့် အုပ်စုဖွဲ့လာနိုင်ပြီး လုပ်ငန်းခွင်ထဲမှာ စည်းလုံးညီညွတ်မှုတွေ ပြိုကွဲလာနိုင်တယ်။
(၄) လုပ်ငန်းရဲ့ စွမ်းဆောင်မှု လျော့ကျနိုင်တယ်။
လုပ်ငန်းထဲမှာ တစ်ကိုယ်ကောင်းသမားတွေ များလာပြီးတော့ ဝန်ထမ်းတွေ မညီညွတ်တော့ဘူးဆိုရင် ထုတ်လုပ်မှုတွေ ကျလာမယ်။ Customer တွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း အဆင်မပြေနိုင်တော့ဘူး။ လုပ်ငန်းစွမ်းဆောင်မှုကျရင် အမြတ်တွေ ထိခိုက်နိုင်တယ်။
(၅) ဝန်ထမ်းအဝင်အထွက် များလာနိုင်တယ်။
အထွက်များလာနိုင်တယ်။ ထွက်တဲ့အခါမှာလည်း ကောင်းတဲ့သူတွေက ထွက်မသွားဖို့ အရေးကြီးတယ်။ ကောင်းတဲ့သူတွေ ထွက်သွားပြီး မကောင်းတဲ့သူတွေ ဝင်လာတဲ့အခါမှာ နဂိုထဲက လုပ်ငန်းရဲ့ Culture က မကောင်းတဲ့အခါ ပိုပြီးဆိုးသွားနိုင်တယ်။ အဲဒီအတွက် ကိုယ်ကိုယ်တိုင်က တစ်ကိုယ်ကောင်းမဆန်ဘဲ စံပြအနေနဲ့ လုပ်သွားဖို့ကို အကြံပြုချင်ပါတယ်။
Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
naingwinaungceocoach
naingwinaungexecutivecoach
Leadership #Coaching #Transformation
NLP #Breakthrough
Breakthrough_Coaching_Myanmar
Make_Myanmar_A_Better_Place