ခေါင်းဆောင်မှု အယူအဆအမှား (၁၀) ခုနဲ့ ၎င်းတို့ကို ကျော်လွှားနိုင်မယ့် နည်းလမ်းများ

ဦးဆောင်သူတွေအနေနဲ့ လူအများ ယုံကြည် အားထားရတဲ့ ဦးဆောင်သူဖြစ်လာအောင် လုပ်နိုင်တဲ့နည်းလမ်း (၃) ခု
June 14, 2020
လူတွေကို အကြပ်မကိုင်ဘဲ ဦးဆောင်နိုင်စေရန် လုပ်ဆောင်သင့်သည့် နည်းလမ်း (၈) ခု
June 15, 2020

သင့်မျက်လုံးကို စက္ကန့်ပိုင်းလောက် မှိတ်ထားပြီး ခေါင်းဆောင်တစ်ယောက်ရဲ့ ပုံရိပ်ကို ပုံဖော်ကြည့်ပါ။ ဘယ်သူ့ကို သင်တွေ့ရလဲ။ နိုင်ငံရေးသမားလား၊ CEO တစ်ယောက်လား၊ ဘာသာရေးခေါင်းဆောင်တစ်ယောက်လား ဒါမှမဟုတ် စစ်သူကြီးတစ်ယောက်ယောက်လား။ အဲဒီလို ပုံရိပ်တွေ လူတစ်ယောက်ရဲ့ စိတ်ထဲကို ဘာဖြစ်လို့ရောက်လာရလဲဆိုတာကို သိဖို့ လွယ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်တစ်ယောက်ဆိုတာဟာ ဆုံးဖြတ်ချက်ပြတ်သားမယ်၊ ပါးနပ်မယ်၊ ဖော်ဖော်ရွေရွေရှိကြတယ်။ တစ်ချို့ကိစ္စတွေဟာ ခေါင်းဆောင်တွေဟာ နည်းနည်းတော့ ခြိမ်းခြောက်တတ်သလိုပုံစံ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ နည်းနည်း တင်းမာပြီး လုပ်ပိုင်ခွင့်အာဏာရှိမှုကို လိုလားမှုရဲ့ ပြဿနာကတော့ အဲဒါဟာ အလားအလာ ကောင်းတဲ့ ခေါင်းဆောင်တွေကို သူတို့ရဲ့ အလားအလာအထိ တကယ်တမ်းမရောက်သွားအောင် တားဆီးထားနိုင်တာပဲ ဖြစ်တယ်။ ခေါင်းဆောင်တစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုမဟုတ်ဖူးလဲဆိုတာဟာ အမှတ်မှားဖို့က အရမ်းကို လွယ်ကူပါတယ်။ အဲဒါကြောင့် သင့်အနေနဲ့ သင့်အဖွဲ့အစည်းကို ထိထိရောက်ရောက်ဦးဆောင်နိုင်ဖို့ အခွင့်အလမ်းအသစ်​တွေကို ရရှိနိုင်ဖို့ကို အတွက် ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး အများဆုံးမှားတတ်ကြတဲ့ အမှား ၁၀ ခုကို လေ့လာဆန်းစစ်ကြည့်ရအောင်။

၁။ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်များဟာ ခေါင်းဆောင်တွေဖြစ်ကြတယ်။ ဒါကတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တိုင်းဟာ မွေးရာပါ ခေါင်းဆောင်တွေလို့ ယူဆတဲ့အယူအဆဖြစ်ပါတယ်။ တကယ့်တကယ်တန်းမှာတော့ သင့်မှာ သိပ်ကောင်းပြီး အခြေအနေ၊ အချိန်အခါကိုက်တဲ့ အိုင်ဒီယာတစ်ခုရှိတယ်ဆိုတိုင်း သင်ဟာ စီစဉ်ဖွဲ့စည်းမှု၊ လုပ်ငန်းလည်ပတ်မှု၊ လုပ်ငန်းချဲ့ထွင်မှုအပိုင်းတွေမှာ ကျွမ်းကျင်မယ်လို့ မဆိုလိုပါဘူး။ သင်ဟာ သင့်လုပ်ငန်းရဲ့ တည်ထောင်သူဖြစ်တယ်ဆိုတိုင်း သင်ဟာ အဲဒါရဲ့ ခေါင်းဆောင်ဖြစ်ဖို့ အလိုလိုနေရင်း ပြင်ဆင်ပြီးသား ဖြစ်မလာနိုင်ဘူး။ ခေါင်းဆောင်မှုဟာ အလုပ်တာဝန်နှင့် ၀တ္တရား (Job Descirption) နဲ့ တိုက်ရိုက်မဆက်စပ်ဘူး။ အဲဒါဟာ ရည်မှန်းချက်ရှိတာ၊ အခြားသူတွေကို လက်ခံလာအောင်လုပ်တာ၊ အရည်အသွေးမြင့်တက်လာ​အောင် လုပ်တာ၊ နားထောင်ပေးတာ၊ လူတွေကို ဩဇာညောင်းတာ စတာတွေနဲ့ ဆိုင်တယ်။ အဲဒီအရည်အချင်းတွေဟာ သင်အပြင်ကနေ လစာနဲ့ အခြားအခွင့်အရေးတွေ ပေးပြီး ခန့်အပ်တဲ့ CEO, Director, GM, Manager တွေဆီမှာ ရှိနိုင်တဲ့အရည်အချင်းတွေ ဖြစ်ပါတယ်။ အကယ်၍ သင့်မှာ အဲဒီလို အားကောင်းတဲ့ အရည်အချင်းတွေ မရှိဘူးဆိုရင် သင့်ရဲ့ အတ္တကို မေ့ထားလိုက်ပြီး ခေါင်းဆောင်နေရာမှာ တာဝန်ယူဖို့ကို ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး အကောင်းဆုံးအရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့သူကို လွှဲပေးလိုက်တာက ပိုပြီး အဆင်ပြေပါတယ်။

၂။ ခေါင်းဆောင်တွေဟာ အားနည်ချက်တွေကို မပြသသင့်ဘူး။ ဒီအယူအဆဟာ ခေါင်းဆောင်တွေဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို ဆက်ပြီး တင်းခံထားရမယ်၊ သူတို့ရဲ့ ခံယူချက်အတိုင်း ဆက်ပြီးတော့ ရပ်တည်နေရမယ်ဆိုတဲ့အယူအဆဖြစ်ပါတယ်။ အကယ်၍ သူတို့သာ အမှားကို လက်ခံလိုက်မယ်၊ ဦးတည်ရာကို ပြောင်းလဲမယ် ဒါမှမဟုတ် တခြားသူတွေရဲ့ ပြောစကားကို နားထောင်မယ်ဆိုရင် ဒါဟာ ပျော့ညံ့ခြင်းရဲ့ လက္ခဏာဖြစ်တယ်လို့ ယူဆတာဖြစ်ပါတယ်။ အဲဒါဟာ ဘယ်လိုမှကို အမှန်တရား မဖြစ်နိုင်ပါဘူး။ အားကောင်းတဲ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အမှားတွေအတွက်ကို တာဝန်ယူကြတဲ့အတွက် သူတို့ဟာ အဲဒီအမှားတွေကနေ သင်ယူနိုင်ကြတယ်။ သူတို့ဟာ အပျက်သဘောဖြစ်နေရင်တောင်မှ တုံ့ပြန်မှုတွေကို လက်ခံနိုင်ကြတယ်။ သူတို့မှာ အဖြေတွေအားလုံးတော့မရှိဘူး။ သူတို့ဟာ သူတို့ရဲ့လူသားဆန်မှုကို သူတို့ရဲ့ နောက်လိုက်တွေကို နားထောင်ပေးခြင်း၊ ဂရုစိုက်ပေးခြင်းတို့ဖြင့် ပြသတတ်တဲ့သူတွေဖြစ်တယ်။

၃။ ခေါင်းဆောင်မှုဟာ အေးစက်တယ်၊ ခက်ထန်တယ်၊ အရာရာတတ်စွမ်းတယ်။ ငါအားလုံးကို သိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဦးဆောင်တတ်တဲ့သူမျိုးကို သင်သိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူတို့ဟာ မာမာတင်းတင်းပြောတယ်၊ ကြီးမားတဲ့ အစီအစဉ်တွေအကြောင်းပြောတယ်၊ သူတို့ကိုယ်သူတို့ အခြားသူတွေနဲ့ ခွဲခြားထားတယ်။ အဲဒီလိုလူမျိုးအောက်မှာ ရှိတဲ့ သင့်ရဲ့ စွမ်းဆောင်မှုကို စဉ်းစားကြည့်ပါ။ သင်ဟာ ဖြစ်သင့်သလောက် လုပ်နိုင်စွမ်း သိပ်မကောင်းသလို စိတ်အားတက်ကြွမှုလည်း မရှိဘူးဆိုတာ သင်ပြန်ပြီးတော့ သတိထားမိပါလိမ့်မယ်။ ဝန်ထမ်းတွေဟာ သူတို့ရဲ့ ခေါင်းဆောင်တွေ သူတို့ကို အဟုတ်အမှန်ကို ဂရုစိုက်တာကိုလိုချင်ကြပါတယ်။ သူတို့ကို လေးစားတာကို ခံချင်ကြပါတယ်။ ပြီးတော့ သူတို့ရဲ့ အကြံဉာဏ်တွေ။ စိုးရိမ်ပူပန်မှုတွေကို ကြင်ကြင်နာနာနဲ့ နားထောင်ပေးတာကို လိုချင်ကြပါတယ်။ သင့်အနေနဲ့ ခေါင်းဆောင်မှုအရည်အချင်းကို မြှင့်တင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ သင့်ရဲ့ EQ (ခံစားမှုကို ထိန်းချုပ်နိုင်စွမ်း သို့ နှလုံးရည်) ကို မြှင့်တင်ဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ EQ ကို မြှင့်တင်တဲ့အတွက်ကြောင့် သင်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး သိလာမယ်၊ တခြားသူတွေကို ပိုပြီးတော့ စာနာတတ်လာမယ်၊ ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ပြောဆိုသူလည်း ဖြစ်လာနိုင်ပါတယ်။ ရလဒ်ကတော့ သင့်ရဲ့ အဖွဲ့သားတွေနဲ့ အားကောင်းတဲ့ ခင်မင်ရင်နှီးမှုကို တည်ဆောက်လာနိုင်ပါမယ်။

၄။ ရှင်းရှင်းဘွင်းဘွင်းရှိတဲ့သူတွေသာ ခေါင်းဆောင်ဖြစ်နိုင်ပါတယ်။ အပြင်ကို ထုတ်ဖော်ပြီးပြတတ်တဲ့ (Extrovert) တွေနဲ့ ထုတ်ဖော်မပြတတ်တဲ့ (Intorvert) တွေအကြားမှာ ဘယ်လိုကွာခြားမှုတွေရှိလဲ။ လူတော်တော်များများ ယုံကြည်တာက အပြင်ကို ထုတ်ဖော်ပြတတ်သူတွေဟာ လူမှုဆက်ဆံရေးကေင်းတယ်။ သူတို့ဟာ ဖော်ရွေတတ်ပြီး ယုံကြည်မှုရှိကြတယ်။ ထုတ်ဖော်မပြောတတ်တဲ့သူတွေကတော့ ရှက်တတ်ပြီး တွန့်ဆုတ်တတ်တဲ့သူတွေဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အပြင်သမားလား၊ အတွင်းသမားလားဆိုတာဟာ သတင်းအချက်အလက်တွေကို ကျွန်တော်တို့ ဘယ်လိုစီမံပြုပြင်သလဲနဲ့လည်း ဆိုင်ပါတယ်။ အပြင်သမား (Exrovert) တွေဟာ ပြဿနာတွေကို အခြားသူတွေနဲ့ ဆွေးနွေးပြီး သူတို့ဆီကနေ အကြံဉာဏ်ယူတတ်ကြသလို အတွင်းသမား (Introvert) တွေကျပြန်တော့ သူတို့ရဲ့အတွေးတွေ၊ ပြဿနာတွေကို တစ်ကိုယ်တည်းစဉ်းစားပြီး အဖြေရှာတတ်ကြပါတယ်။ ဒီနေရာမှာ အရေးကြီးတာကတော့ သင့်အနေနဲ့ အရာအားလုံးကို လိုက်ပြောနေဖို့ မလိုသလို အရာရာမှာ တကိုယ်တည်းစဉ်းစားဖို့လည်း မဖြစ်နိုင်ပါဘူး။ မလိုအပ်တဲ့နေရာမှာ ပါးစပ်ဖွာလို့ ပြဿနာတက်နိုင်သလို ပြောရမယ့်နေရာမှာ ထုတ်မပြောလို့လည်း ပြဿနာကြီးသွားတာမျိုးဖြစ်နိုင်ပါတယ်။ ခေါင်းဆောင်တစ်ယောက်လုပ်မယ့်သူဟာ အခြေအနေပေါ်မှာမူတည်ပြီး ပြောသင့်တာကို ပြော၊ ထိန်းထားသင့်တာကို ထိန်းထားတတ်ဖို့ လိုအပ်ပါတယ်။

၅။ ခေါင်းဆောင်မှုကို တိုးတက်အောင်လုပ်ဖို့အတွက် အချိန်မရှိဘူး။ ဘယ်လိုတန်ဖိုးရှိတဲ့အရည်အချင်းမဆို တိုးတက်အောင်လုပ်ဖို့အတွက် အချိန်လိုပါတယ်။ ဒါပေမယ့် အချိန်မရှိဘူးလို့ ပြောတာဟာ တော်တော်ကို ဆိုးဝါးတဲ့ ဆင်ခြေဖြစ်ပါတယ်။ လူတိုင်းဟာ တစ်ရက်မှာ ၂၄ နာရီသာ ရကြပြီး ရတဲ့အချိန်ကို ဘယ်လိုအသုံးချသလဲဆိုတာကဟာ အဖြေကို ဆုံးဖြတ်သွားတာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ တော်တော်မအားလပ်တဲ့သူတွေတောင်မှ သူတို့ရဲ့ ခေါင်းဆောင်မှုအရည်အချင်းကို တိုးတက်လာဖို့ အချိန်တစ်ခုပေးပြီး လေ့လာနိုင်ကြပါတယ်။ တကယ့်ပြဿနာကတော့ အချိန်မလောက်တာမဟုတ်ပါဘူး။ သင့်အနေနဲ့ ရတဲ့အချိန်အတွင်းမှာ ဘာလုပ်မလဲဆိုတာကို မှန်ကန်စွာမရွေးချယ်နိုင်တာဖြစ်နိုင်ပါတယ်။ အချိန်အနည်းငယ်စောထတာ၊ အရေးကြီးတဲ့အလုပ်ကို ဦးစားပေးလုပ်တာ၊ တာဝန်လွှဲသင့်တာကိုလွှဲတာ၊ ဆိုရှယ်မီဒီယာကို လျှော့သုံးတာ စတာတွေဟာ အချိန်ပိုထွက်လာစေနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ အဲဒီအချိန်တွေကို သင့်အနေနဲ့ စာဖတ်ဖို့၊ သင်တန်းတက်ဖို့၊ Executive Coach တစ်ယောက်နဲ့ အလုပ်လုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။

၆။ ခေါင်းဆောင်မှုဟာ စီမံခန့်ခွဲမှုပဲ ဖြစ်တယ်။ ဒါဟာ အများအားဖြင့် မှားတတ်ကြတဲ့ အယူအဆတစ်မျိုးဖြစ်ပါတယ်။ လုံလောက်တဲ့ လမ်းညွှန်ထိန်းကျောင်းမှုတစ်ခုတည်းနဲ့ ကောင်းမွန်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်မလာနိုင်ပါဘူး။ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုမှာ မတူတဲ့အရာတွေအများကြီးရှိတဲ့အထဲက အချို့ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ ခေါင်းဆောင်ဟာ ရည်မှန်းချက်ကို ဖန်တီးပြီး မန်နေဂျာကတော့ ပန်းတိုင်တွေကို သတ်မှတ်ပါတယ်။ ခေါင်းဆောင်ဟာ အပြောင်းအလဲကို လှုံ့ဆော်သူဖြစ်ပြီး မန်နေဂျာကတော့ ရှိပြီးသား အခြေအနေကို ထိန်းသိမ်းပါတယ်။ ခေါင်းဆောင်ဟာ ကိုယ့်ကိုယ်ကိုယ် သိပြီး ထူးခြားတဲ့ စရိုက်လက္ခဏာရှိတဲ့အချိန်မှာ မန်နေဂျာကတော့ အခြားသူတွေဆီကနေ ပုံတူကူးယူပါတယ်။ ခေါင်းဆောင်ဟာ ကြီးမားတဲ့ မြင်ကွင်းကို အာရုံစိုက်တဲ့အချိန်မှာ မန်နေဂျာကတော့ ရေတိုအကျိုးကို ဦးစားပေးပါတယ်။ ခေါင်းဆောင်တွေဟာ အသစ်အသစ်ကို နေ့တိုင်းလေ့လာနေတဲ့အချိန်မှာ မန်နေဂျာကတော့ ရှိပြီးသား အရည်အချင်းတွေကို အားထားပါတယ်။ ခေါင်းဆောင်ဟာ ဆက်စပ်ပတ်သက်မှုတွေကို တည်ဆောက်တဲ့အချိန်မှာ မန်နေဂျာကတော့ စနစ်တွေကို တည်ဆောက်ပါတယ်။ ခေါင်းဆောင်က နည်းပြပေးတဲ့အချိန်မှာ မန်နေဂျာကတော့ တာဝန်တွေကို ခွဲဝေပေးတာ၊ လမ်းညွှန်ချက်ပေးတာတွေကို လုပ်ဆောင်ပါတယ်။ ခေါင်းဆောင်တွေဟာ သစ္စာရှိပြီး စိတ်ပိုင်းဖြတ်ထားတဲ့ နောက်လိုက်တွေရှိတဲ့အချိန်မှာ မန်နေဂျာမှာတော့ ဝန်ထမ်းတွေရှိပါတယ်။ အကယ်၍ သင့်ဆီမှာ များပြားပြီး ရှုပ်ထွေးတဲ့ပန်းတိုင်တွေရှိတယ်ဆိုရင် ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုကို ခွဲခြားပြီးသိတာဟာ အရမ်းကို အရေးကြီးပါတယ်။ ပြီးတော့ သင့်အနေနဲ့ သင့်ရဲ့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုအရည်အချင်း ၂ ခုစလုံးကို တိုးတက်အောင်လုပ်ဖို့ လိုပါတယ်။ သင့်အနေနဲ့ သင်မကျွမ်းကျင်တဲ့အပိုင်းမှာ ကူညီအားဖြည့်ပေးဖို့ တစ်စုံတစ်ယောက်ကို ငှားရမ်းတာလည်း ဖြစ်နိုင်ပါတယ်။

၇။ ခေါင်းဆောင်တွေဟာ စတင်တီထွင်သူတွေဖြစ်ကြတယ်။ စတင်တီထွင်ခြင်းဟာ မကောင်းတာတော့ မဟုတ်ပါဘူး။ သူတို့ဟာ ရည်မှန်းချက်ကြီးပြီး ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့အပြင် စွန့်စားမှုယူတတ်ကြကာ ပန်းတိုင်ကို ဦးတည်လုပ်ဆောင်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ သူတို့ဟာ အမှီအခိုကင်းတဲ့သူတွေဖြစ်ကြပြီး စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ နောက်ကွက်က တွန်းအားပေးတဲ့အုပ်စုလည်း ဖြစ်တတ်ကြပါတယ်။ တစ်ဖက်မှာကျတော့ သူတို့အနေနဲ့ တခြားသူတွေနဲ့ လက်တွဲလုပ်ဆောင်ရတော့မယ်ဆိုရင် အခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ ဥပမာအားဖြင့် သင့်အနေနဲ့ သင့်ကို အလုပ်အပ်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ဖောက်သည်တွေကို အားကောင်းတဲ့ လုပ်ရပ်တွေ၊ စကားလုံးတွေနဲ့ အထင်ကြီးအောင်လုပ်နိုင်ပေမယ့် သင့်ရဲ့ အဖွဲ့သားတွေကို ခိုင်ခိုင်မာမာ စုစည်းနိုင်စွမ်းမရှိဘူးဆိုရင် ထိရောက်တဲ့ရလဒ်တွေကို ရလာဖို့ မလွယ်ကူပါဘူး။ စတင်တီထွင်သူတွေဟာ လူတွေကို သူတို့ရဲ့ ရည်မှန်းချက်တွေကို လက်ခံလာအောင် လုပ်ဖို့ကြိုးပမ်းတဲ့အချိန်မှာ ခေါင်းဆောင်မှုအရည်အချင်းရှိတဲ့သူကတော့ ဘယ်အချိန်မှာ နောက်ဆုတ်နေရမလဲဆိုတာကို သိနားလည်ပါတယ်။ စစ်မှန်တဲ့ခေါင်း​ဆောင်တွေဟာ လူတိုင်းကို ဘုံရည်မှန်းချက်နဲ့ တာဝန်ဆီကို ဦးတည်လုပ်ဆောင်ကြစေဖို့အတွက် သူ့လူတွေရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုပြီး သူတို့နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ အရေးကြီးတယ်ဆိုတာကို ကောင်းကောင်း သဘောပေါက်ကြပါတယ်။

၈။ ကျွန်တော့်ရဲ့ အဖွဲ့သားတွေဟာ ကျွန်တော့်ကို အမြဲတမ်းအမှန်တွေ ပြောကြတယ်။ သူတို့ဟာ သင့်ကို အမြဲတမ်းလိမ်နေကြတာတော့ မဟုတ်ပေမယ့် အခြေအနေအရ သင့်ကို တစ်ဝက်အမှန်နဲ့ အခြားအချက်အလက်တွေဖြည့်ပြီး တင်ပြနေကြတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သင်ဟာ တင်ပြရခက်ခဲတဲ့သူဖြစ်မယ်ဆိုရင် ပိုပြီးတော့ သိသာပါတယ်။ သင့်အနေနဲ့ ဆက်ဆံရခက်ပြီး လွယ်လွယ်ကူကူ စိတ်လှုပ်ရှားတတ်တဲ့သူဖြစ်မယ်ဆိုရင် သင်ဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ အခက်အခဲတွေရှိနိုင်ပါတယ်။ သင့်ဝန်ထမ်းတွေက သင့်ကို မကောင်းတဲ့သတင်းတွေ တင်ပြတဲ့အချိန်မှာ သင်က အလွန်အကျွံတုံ့ပြန်မယ်ဆိုရင် သူတို့အနေနဲ့ ထပ်ပြီး တင်ပြချင်ပါ့မလားဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ သင့်အဖွဲ့သားတွေအနေနဲ့ သင်ကို ၁၀၀ ရာခိုင်နှုန်း ပွင့်လင်းမြင်သာစွာ ဆက်ဆံနိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် သင်က အရေးယူမယ်ဆိုရင် သူတို့နောက်တစ်ခါ ထပ်ပြီး တင်ပြဖို့ မလွယ်ကူတော့ပါဘူး။ တဖက်မှာကျပြန်တော့လည်း အမှန်တရားကို နားထောင်ရတာက ထင်သလောက်မလွယ်ကူပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ သတင်းအချက်အလက်တွေ သေချာမသိရတဲ့သူအနေနဲ့ ရပ်တည်ချင်လား၊ ခေါင်းဆောင်ပီသစွာနဲ့ ကောင်းကောင်းမွန်မွန် နားထောင်ပေးပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းပေးမလားဆိုတာကို ရွေးချယ်ရပါတယ်။

၉။ အကောင်းဆုံး ခေါင်းဆောင်တွေဟာ အောက်က ဝန်ထမ်းတွေနဲ့အတူ ဘေးချင်းယှဉ်ပြီး ကြိုးပမ်းနေရမယ်။ သေချာတာကတော့ အဲဒီလိုလုပ်ဖို့ဆိုရင် သင်ရုံးခန်းထဲမှာ နေလို့မရတော့ပါဘူး။ သင့်ဝန်ထမ်းတွေနဲ့ တကယ်ကို ဘေးချင်းယှဉ်ပြီး လုပ်နေရမယ့်အချိန်တွေ သင့်အဖွဲ့အစည်းမှာ ရှိကောင်းရှိပါလိမ့်မယ်။ တစ်ဖက်မှာကျတော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သင့်မှာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့၊ ဦးစားပေးအစီအစဉ်တွေကို ရေးဆွဲဖို့၊ တာဝန်ခွဲဝေမှုတွေ၊ ပြန်လည်စစ်ဆေးမှုတွေကို လုပ်ဆောင်ဖို့၊ နောက်ထပ်ခေါင်းဆောင်တွေကို ပျိုးထောင်ဖို့ စတဲ့အရေးကြီးတဲ့ တာဝန်တွေရှိပါသေးတယ်။ သင့်အနေနဲ့ တာဝန်ခွဲဝေပြီး လွှဲထားလို့ ရတဲ့အလုပ်တွေကို မလွှဲထားဘူးဆိုရင် သင်ဟာ သိပ်အရေးမပါတဲ့အလုပ်တွေနဲ့ အချိန်တွေကုန်၊ စိတ်အား၊ လူအားတွေကို ကုန်ပြီး အရေး​ကြီးတဲ့အလုပ်တွေကို မလုပ်ဆောင်နိုင်တော့တဲ့အတွက် ရေရှည်မှာ အဖွဲ့အစည်းကိုပါ ထိခိုက်လာနိုင်ပါတယ်။ အဲဒါကြောင့် သင့်အနေနဲ့ သင့်အဖွဲ့နဲ့ ထိတွေ့မှုကို ထိန်းသိမ်းထားတဲ့တစ်ပြိုင်တည်းမှာ အလုပ်တွေ ဦးစားပေးအစီအစဉ်နဲ့ လုပ်ဆောင်ဖို့ကိုလည်း အလေးပေးဖို့ လိုပါမယ်။

၁၀။ ခေါင်းဆောင်မှုကို အမြဲတမ်း လုပ်ဆောင်ရမယ်။ နောက်ဆုံးမှာတော့ နားလည်မှုလွဲမှားနေတဲ့အရာကတော့ ခေါင်းဆောင်တွေဟာ ၂၄ နာရီ၊ တစ်ပတ်မှာ ၇ ရက်နဲ့ တစ်နှစ်မှာ ၃၆၅ ရက် အလုပ်လုပ်ရမယ်ဆိုတာ ဖြစ်ပါတယ်။ တကယ့်တကယ်တန်းမှာတော့ ဘယ်သူမဆိုဟာ အလုပ်ကနေ အချိန်တစ်ခုလောက်တော့ အနားယူဖို့ လိုအပ်ပါတယ်။ အလုပ်ပိတ်ရက်မှာ အီးမေးလ်တွေ စစ်ဆေးတာ၊ အားလပ်ရက် လည်ပတ်ချိန်မှာပါ အလုပ်တွေသယ်သွားတာဟာ သင့်ကို ချုံးချုံးကျစေတဲ့အရာတွေဖြစ်ပါတယ်။ သင့်ကိုယ်သင်ပြန်လည်သုံးသပ်ဖို့၊ သင့်မိသားစုနဲ့ အချိန်ကိုသုံးဖို့၊ ကျန်းမာရေး၊ ဘာသာရေး၊ အခြားလေ့လာသင်ယူမှုတွေကို လုပ်ဆောင်ဖို့လည်း သင့်မှာ လိုအပ်နေပါသေးတယ်။ အားလပ်ချိန်ယူမယ်ဆိုရင် သင့်အနေနဲ့ သင့်ရဲ့ ခေါင်းကို ရှင်းလင်းနေစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ ရလဒ်အနေနဲ့ကျတော့ သင့်ဟာ ပိုမိုတက်ကြွမှုရှိပြီး အာရုံစူးစိုက်တတ်တဲ့အပြင် တီထွင်ဖန်တီးမှုပါ ကောင်းတဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

Naing Win Aung (MBA, UK)

Business & Executive Coach

Leadership Development Facilitator

Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach

#Leadership #Coaching #Transformation

#NLP #Breakthrough

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial