ခေါင်းဆောင်တစ်ယောက်ဆိုတာ

လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး စိတ်ညစ်နေရတယ်ဆိုရင် သင့်မှာ လွဲနေတာတွေ တစ်ခုမက ရှိနေလိမ့်မယ်
June 8, 2020
တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်ချင်သူတိုင်းအတွက် အရေးပါတဲ့ D (၅) လုံး
June 10, 2020

ခေါင်းဆောင်တစ်ယောက်ဆိုတာ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

သင်လုပ်နေတဲ့ အလုပ်တွေ ပိုထိရောက်ဖို့အတွက် ခေါင်းဆောင်မှုလိုတယ်။

ပြီးတော့ ထိထိရောက်ရောက် ခေါင်းဆောင်နိုင်ချင်ရင် ခေါင်းဆောင်မှုကို လေ့လာဖို့ လိုတယ်။

ဘယ်လိုနည်းနဲ့ ရာထူးနေရာကို ရထားသည်ဖြစ်ပါစေ ရာထူးရှိရုံနဲ့ ခေါင်းဆောင်ဖြစ်မလာနိုင်ဘူး။

လူတစ်ယောက်ဟာ သူ့ရာထူးကို အားကိုးပြီး လူတွေကို တွန်းအားပေးခိုင်းစေနိုင်ပေမယ့် လူတွေဆီကနေ အကောင်းဆုံးတွေ ထွက်လာအောင်တော့ ဖိအားပေးနိုင်မှာ မဟုတ်ဘူး။

သတင်းစာထဲမှာ မန်နေဂျာ အလိုရှိသည်လို့ ကြော်ငြာနိုင်ပေမယ့် ခေါင်းဆောင်အလိုရှိသည်လို့တော့ ကြော်ငြာပြီး ခေါ်လို့ မရဘူး။

ဦးဆောင်မှု ရာထူးတစ်ခုခုကို ရောက်တဲ့သူတွေဟာ အလုပ်ကိုပဲ အာရုံစိုက်သလား၊ လူတွေကိုပါ အာရုံစိုက်သလားဆိုတာ သူ့ရဲ့ စိတ်နေသဘောာထားနဲ့ ဆိုင်သလို သူ့အပေါ်က ပိုမြင့်တဲ့ ဦးဆောင်သူတွေရဲ့ လမ်းညွှန်သင်ကြားမှုတွေနဲ့လည်း သက်ဆိုင်တယ်။

ကိုယ့်မှာ တာဝန်ရှိလို့ ပြီးအောင်လုပ်ရမှာမို့လို့ဆိုပြီး အလုပ်ပြီးဖို့ကိုပဲ အဓိက တွန်းပြီး ခိုင်းတဲ့အခါမှာ အလုပ်ကတော့ ပြီးရင် ပြီးမယ်၊ ဒါပေမယ့် လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေ မပျော်ရွှင်တာ၊ အလုပ်ထွက်နှုန်းမြင့်တာတွေ ဖြစ်လာနိုင်တယ်။

တစ်ဖက်မှာကျတော့ အလုပ်ကို အာရုံစိုက်သလို ဝန်ထမ်းတွေကိုပါ အလေးထားမယ်ဆိုရင်တော့ လုပ်ငန်းခွင်က ပိုမိုသာယာပျော်ရွှင်လာနိုင်ပြီး ထုတ်လုပ်မှုစွမ်းအားတွေ မြင့်လာနိုင်တဲ့အပြင် တာရှည်ခံတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်ပေါ်လာဖို့အတွက်ပါ များစွာ အထောက်အကူပြုလာနိုင်ပါတယ်။

ခေါင်းဆောင်မှုအရည်အချင်းလို့ ပြောရင် လေ့လာစရာတွေ အများကြီးရှိသလို တစ်ရက်တည်းလုပ်လို့ မရပဲ စဉ်ဆက်မပြတ်တိုးတက်အောင် လုပ်ဆောင်နေရမှာလည်း ဖြစ်ပါတယ်။

အရေးကြီးတာကတော့ ခေါင်းဆောင်မှုအရည်အချင်းရဲ့ အရေးပါမှုကို သဘောပေါက်ဖို့နဲ့ စဉ်ဆက်မပြတ်တိုးတက်နေအောင် လုပ်ဆောင်နေဖို့ပဲ ဖြစ်ပါတယ်။

အဲဒီလို တိုးတက်ဖို့ဆိုရင် စာအုပ်တွေဖတ်ရမယ်၊ ဗီဒီယိုသင်ခန်းစာတွေကြည့်ရမယ်။ အသံဖိုင်တွေ နားထောင်ရမယ်။

လိုရင်းတိုရှင်းနဲ့ ထိရောက်တဲ့ အဆိုအမိန့်တွေလည်း ဖတ်ရှုဖို့ လိုအပ်ပါတယ်။

ခေါင်းဆောင်မှုအဆိုအမိန့်တွေထဲမှာ ကမ္ဘာ့နံပါတ်တစ်ခေါင်းဆောင်မှုဂုရုလို့ သတ်မှတ်ခြင်းခံရတဲ့ Johc C. Maxwell ရဲ့ နာမည်ကျော် အဆိုအမိန့်လေးတစ်ခု ရှိပါတယ်။

အဲဒီအဆိုအမိန့်လေးဟာ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကျွန်တော့်ရဲ့ ဦးလေး YKKO ဥက္ကဌဟောင်း အန်ကယ်လ် ဦးဉာဏ်လင်းဆီကို သွားလည်ရင် အမြဲတမ်းတွေ့ပြီး ရင်းနှီးခဲ့တဲ့ အဆိုအမိန့်လေးလည်း ဖြစ်ပါတယ်။

သူက ဘာပြောလဲဆိုတော့

ခေါင်းဆောင်တစ်ယောက်ဟာ

  • ဘယ်ကို သွားရမလဲဆိုတာကို သိရမယ်။
  • သူကိုယ်တိုင်လည်း သွားရမယ်။
  • တခြားသူတွေကိုလည်း လမ်းပြပေးရမယ် လို့ ပြောပါတယ်။

သူပြောတာကို နည်းနည်းချဲ့ပြီး စဉ်းစားကြည့်မယ်ဆိုရင် အရေးကြီးတဲ့အချက် ၃ ချက်ကို မြင်ရမှာ ဖြစ်ပါတယ်။

၁။ ရည်မှန်းချက် (Vision) အရေးကြီးတယ်။

ကိုယ့်ကိုယ်ကိုယ် အနာဂါတ်မှာ ဘယ်လိုမြင်ချင်တာလဲ၊ ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုမြင်ချင်တာလဲ၊ ကိုယ့်လူတွေကို ဘယ်လိုမြင်ချင်တာလဲ၊ ကိုယ်နေထိုင်ရာ လူ့အဖွဲ့အစည်းကို ဘယ်လိုမြင်ချင်လဲဆိုတာဟာ ခေါင်းဆောင်တွေ ဆုံးဖြတ်ရမယ့်အရာ ဖြစ်ပါတယ်။ ဘယ်ကိုသွားချင်တယ်ဆိုတဲ့ ဦးတည်ရာကို မသတ်မှတ်နိုင်မချင်း အရေးမပါတာတွေကို လုပ်ဆောင်ရင်း အချိန်တွေ ကုန်နေမှာ ဖြစ်သလို ဘယ်ကို သွားရမယ်ဆိုတာကို သေချာသတ်မှတ်ပြီးပြီဆိုရင်တော့ တစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ အာရုံစူးစိုက်မှုအားကောင်းစွာနဲ့ ရည်မှန်းချက်ပန်းတိုင်ဆီကို အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၂။ စံပြအဖြစ် ကိုယ်တိုင်အရင် လုပ်ဆောင်ပြမှု (Modeling) အရေးကြီးတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့နိုင်တာကတော့ အပြောသမားတွေ ဖြစ်ပါတယ်။ ကောင်းရာကောင်းကြောင်းအတွက် ဘာတွေကို လုပ်သင့်တယ်ဆိုတာကို အလွယ်တကူမှတ်ချက်ချ ပြောဆိုတတ်ကြပါတယ်။ အခြေအနေပေါ်လိုက်ပြီး လုပ်သင့်တဲ့ အကြံဉာဏ်တွေကို ခန့်မှန်းပြီးဖြစ်စေ၊ စာဖတ်ပြီး ဖြစ်စေ၊ နောက်ဆုံးအတွေ့အကြုံအရဖြစ်စေ ပြောတာဟာ လွယ်ကူပါတယ်။ အရေးကြီးတာက အဲဒါတွေကို ကိုယ်ကရော လုပ်သလား၊ လုပ်ခဲ့သလား၊ လုပ်ဦးမှာလားဆိုတာဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းပီသတဲ့သူတွေဟာ လုပ်ရမယ့်အလုပ်တွေကို ကိုယ်ကအရင် လုပ်ပြလေ့ရှိတဲ့အတွက် သူ့လူတွေရဲ့ လေးစားခြင်းကို ခံရပါတယ်။

၃။ လမ်းပြပေးမှု (Coaching) အရေးကြီးတယ်။

ဟင်းစားပဲပေး ကွန်ချက်မပြနဲ့ ဆိုတဲ့စကား မြန်မာမှာ ရှိပါတယ်။ ကျေးဇူးကန်းမခံရဖို့အတွက် စားဖို့ပဲ ပေးပြီး ဘယ်လိုရှာစားလည်းဆိုတာကို မပြဖို့ ဖြစ်ပါတယ်။ ဒီစကားဟာ ရှင်သန်ရပ်တည်ဖို့ဆိုရင် မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမယ့် သင်သာ ခေါင်းဆောင်ပီသသူအဖြစ် ရပ်တည်ချင်တယ်ဆိုရင်တော့ လူတွေကို လမ်းပါပြပေးဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ကို ငါးပေးရင် ညစာစားလို့ရတယ်။ ငါးမျှားနည်းသင်ပေးရင်တော့ တစ်သက်လုံးစားလို့ ရတယ်ဆိုတဲ့ တရုတ်အဆိုအမိန့်ရှိပါတယ်။ သင့်လူတွေကို သွားသင့်တဲ့နေရာကို ပြောပြဖို့နဲ့ ကိုယ်ရောက်ခဲ့တဲ့နေရာတွေကို သူတို့ပါ ရောက်နိုင်အောင် လမ်းပြပေးဖို့ဟာ သင့်ရဲ့ တာဝန်ဖြစ်ပါတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership #Coaching #Transformation
#NLP #Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial