အပြောင်းအလဲတွေကို ဘယ်လိုခံယူမလဲ

လူမှုဆက်ဆံရေးမှာ အရေးပါ တဲ့ Body language အကြောင်း
July 21, 2020
ရှုံးနိမ့်မှာကို စိုးရိမ်နေမယ့်အစား ဘာတွေလုပ်သင့်လဲ
July 25, 2020

အပြောင်းအလဲဆိုတာက လူတစ်ယောက်ရဲ့ဘဝမှာရော၊ စီးပွားရေးလုပ်ငန်းမှာပါ ဘယ်နေရာမှာမဆို တွေ့ကြုံရမယ့် ကိစ္စဖြစ်တယ်။ ဆိုလိုတာက ကျွန်တော်တို့ အားလုံးသိကြတဲ့ စကားပေါ့။ မပြောင်းလဲဘဲ ရှိနေတဲ့အရာက ပြောင်းလဲခြင်းတရားပဲရှိတယ်။ အပြောင်းအလဲဆိုတာက အမြဲတမ်း ပြောင်းလဲနေတယ်။

တစ်ရက် ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ မနက်စာ သွားစားကြတာပေါ့။ သွားစားရင်းနဲ့ သူပြောတာ တရားသဘောနဲ့ဆိုင်တဲ့ အကြောင်းလေးတွေ။

ရှေးခေတ်က ပညာရှိကြီးတစ်ယောက် ပြောတာ။ သူဘာပြောလဲဆိုတော့ လူတစ်ယောက်က မြစ်တစ်စင်းထဲကို နှစ်ခါပြန်ဆင်းလို့ မရဘူးတဲ့။ အဓိပ္ပာယ်ကဘာလဲ။

လူတစ်ယောက်က ဝိပဿနာလုပ်တယ်ဆိုရင် သိနိုင်တာက ခန္ဓာက အမြဲတမ်း ပြောင်းလဲနေတယ်။ စိတ်ကလည်း အမြဲတမ်းပြောင်းလဲနေတယ်။ အဲဒီအခါကျတော့ လူတစ်ယောက်က ရေကန်ထဲက တက်သွားတဲ့အခါမှာ အဲဒီတုန်းက ခန္ဓာအခြေအနေက ပြောင်းသွားပြီ။ အဲဒီအတိုင်းပဲ ရေကလည်း တောက်လျှောက်စီးလာတာ။ အဲဒီအခါမှာ ပထမစီးခဲ့တဲ့ ရေထဲကို နောက်တစ်ခေါက် ပြန်ပြီးတော့ဆင်းလို့ မရတော့ဘူး။

ပထမဆင်းခဲ့တဲ့ ရေတွေက စီးဆင်းသွားပြီ။ အဲဒီအတိုင်းပဲ ကိုယ့်ရဲ့ခန္ဓာ၊ ကိုယ့်ရဲ့စိတ်၊ ကိုယ့်ရဲ့ရုပ်ကလည်း ပြောင်းလဲသွားတယ်။ အဲဒီအတွက်ကြောင့် လူတစ်ယောက်က မြစ်တစ်စင်းထဲကို နှစ်ခါပြန်ပြီး ဆင်းလို့မရဘူး။ ဆိုလိုတဲ့သဘောက အရာအားလုံးက ပြောင်းလဲနေတယ်။

အဲဒီအတိုင်းပဲ ကျွန်တော်တို့နိုင်ငံမှာ အခြေအနေတွေ အားလုံးက ပြောင်းလဲနေတယ်။ ကိုယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အရာအားလုံးက ပြောင်းလဲနေတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ပြောင်းလဲနေတယ်။ အပြောင်းအလဲတွေက လာမှာပဲ။ ဒါပေမယ့် သိရမယ့်အရာတစ်ခုက ပြောင်းလဲတိုင်း တိုးတက်မှာ မဟုတ်ဘူး။

ဆိုလိုတဲ့သဘောက နိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ပေမယ့် နိုင်ငံတိုးတက်မယ်လို့ ကျိန်းသေ ပြောလို့ရချင်မှ ရမှာ။ အဲဒီအတိုင်းပဲ ကိုယ့်ရဲ့နိုင်ငံက ဘယ်လောက်ပဲ တိုးတက်ပြောင်းလဲလာသည် ဖြစ်ပါစေ၊ အဲဒီအခါမှာ ကိုယ်ပါရောပြီးတော့ တိုးတက်သွားမယ်လို့ ယူဆလို့မရဘူး။

ကိုယ်သာ အသုံးမကျဘူးဆိုရင် ကိုယ့်လုပ်ငန်းက ပျက်စီးသွားနိုင်တယ်။ တိုးတက်နေတဲ့ အဖွဲ့အစည်းမှာ ပိုပြီးတော့ နည်းပညာမြင့်တဲ့အဖွဲ့အစည်းတွေ ပါလာနိုင်တယ်။ နိုင်ငံခြားအထောက်အကူတွေ ပါလာနိုင်တယ်။

လူငယ်တွေ Idea အသစ်တွေနဲ့ ပြိုင်လာနိုင်တယ်။ အဲဒီအခါမှာ ကိုယ်က အရင်အစဉ်အလာအတိုင်း လုပ်ပြီးတော့ အင်တာနက်တွေ မသုံးတတ်၊ ဟိုဟာ မလုပ်တတ်၊ ဒီဟာ မလုပ်တတ်၊ လေ့လာသင်ယူမှုတွေလည်း မလုပ်ဘူး။ ဒီအတိုင်း သွားနေမယ်ဆိုရင် ရေရှည်ခံမှာ မဟုတ်ဘူး။

အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ဘာလုပ်ရမလဲ ဆိုရင် အပြောင်းအလဲတွေ လာလိမ့်မယ်ဆိုတာကို လက်ခံထားဖို့ လိုတယ်။ နောက်တစ်ခုက ဘာလဲ။ အပြောင်းအလဲ မရှိဘဲနေနေတာက ပုံမှန်အားဖြင့် တိုးတက်မှု မရှိဘူးလို့ ပြောလို့ရတယ်။ အခြေအနေတစ်ခုမှာ အပြောင်းအလဲတစ်ခု လာပြီဆိုလို့ရှိရင် ကျွန်တော်တို့ ဘာလုပ်လို့ရလဲ။ နောက်တစ်ဆင့် တက်လို့ရတယ်။

ဆိုလိုတဲ့သဘောက အပြောင်းအလဲ တစ်ခုလာပြီဆိုရင် ငါ့အတွက် ဘာအခွင့်အလမ်း ရှိနိုင်လဲ။ ဒါကို အကောင်းဆုံး အသုံးချမယ်ဆိုရင် ငါနဲ့ ငါ့ပတ်ဝန်းကျင်၊ စီးပွားရေးလုပ်ငန်းအတွက် ဘာတွေ အကျိုးကျေးဇူး ရနိုင်လဲ။ ဒါလေးတွေကို သုံးသပ်ကြည့်လို့ ရတယ်။

ကျွန်တော်ဆိုရင် 2015 မှာ Share Holder အနေနဲ့ လုပ်ကိုင်နေတဲ့ ကျွန်တော့်အဖွဲ့အစည်းမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုဖြစ်တယ်။ ကျွန်တော် စိတ်မကောင်းဖြစ်တယ်၊ ဝမ်းနည်းရတယ်၊ ဒါပေမယ့် အဲဒီကာလမှာ ကျွန်တော် နည်းလမ်းရှာတယ်။ ဒီအခြေအနေကနေ ငါဘာလုပ်သင့်လဲ။

ငါဒီအတိုင်း ဆက်သွားရင် ဘာဖြစ်နိုင်မလဲ။ နောက်ထပ် အပြောင်းအလဲ လုပ်မယ်ဆိုရင် ဘာဖြစ်နိုင်လဲ။ ဒါလေးတွေကို ကျွန်တော်လေ့လာတယ်။ လေ့လာတဲ့အခါမှာ သိလာတယ်။ ဘာသိလာလဲဆိုတော့ ကိုယ်သိနေတဲ့ အသိတရားက မလုံလောက်ဘူး။

အဲဒီအခါမှာ ထပ်လေ့လာရမယ်လို့ ကျွန်တော်သိတယ်။ မြန်မာနိုင်ငံအတွင်းမှာ သင်တန်းတွေ တော်တော်များများ တက်ထားတယ်။ မြန်မာနိုင်ငံမှာ သင်တန်းတက်ဖို့တင် မလုံလောက်ဘူး။ နိုင်ငံခြားထွက်တက်မှ ရမယ်။ ထွက်တက်မယ်ဆိုရင်လည်း English က ကျွန်တော် အင်မတန်ညံ့တယ်။ ဒါပေမယ့် ငါသာ သွားမတက်ရင်လည်း ဘာမှ ရမှာမဟုတ်ဘူး။ လုပ်ကြည့်မယ်ဆိုပြီး Investment တွေ တော်တော်လုပ်တယ်။

သင်တန်းတွေ စုံစမ်းတယ်၊ သဘောကျရင် လုပ်တာပဲ။ လုပ်ရင်းနဲ့ အရှိန်က တော်တော်ရလာတယ်။ Neuro Linguistic Programming (NLP) တို့၊ Coaching တို့၊ Leadership တို့ နိုင်ငံခြားမှာ သွားတက်ရင်းနဲ့ ယိုးဒယား၊ စင်္ကာပူ၊ စတဲ့နိုင်ငံတွေမှာ ပုံမှန်သွားတက်တာ များလာပြီ။

သွားတက်ရင်းနဲ့ ဖြည်းဖြည်းချင်း အမြင် ရှင်းလာတယ်။ ရှင်းလာတော့ အဲဒီကနေ အပြောင်းအလဲ လုပ်တဲ့အခါမှာ မြန်မာနိုင်ငံမှာ Coaching Firm အနေနဲ့ Breakthrough ကို စတင်တည်ထောင်လာနိုင်တယ်။ ကျွန်တော်တို့ Breakthrough ကလုပ်တဲ့ Program တွေဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ သင်တန်းတွေနဲ့ မတူဘဲနဲ့ အရွေ့တစ်ခုကို လုပ်လာတာ။

အဲဒီလို လုပ်တဲ့အခါမှာ အင်တာနက်ကို အများကြီး အသုံးချဖြစ်တယ်။ အင်တာနက်ကို အသုံးချပြီးတော့ ကျွန်တော်တို့ မမြင်ရတဲ့သူတွေဆီကို မမြင်ဖူးတဲ့သူတွေ သိလာအောင် ဆောင်းပါးတွေ၊ အသံဖိုင်တွေတင်တယ်။

အဲဒီလိုမျိုး လုပ်ရင်းနဲ့ လူသိများလာတဲ့အခါ ကျွန်တော်တို့ သင်တန်းတွေမှာလည်း လူတွေများတယ်၊ ဆိုလိုတဲ့ သဘောက အဲဒီအပြောင်းအလဲတွေကို ဘယ်လိုမြင်လဲ။ အဲဒီအပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဘာတွေပြင်ဆင်လဲ၊ ဘယ်လိုချဉ်းကပ်လဲ ဒီပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ရဲ့ အနာဂတ်က ပြောင်းလဲသွားနိင်တယ်။

အဲဒီအတွက်ကြောင့် အပြောင်းအလဲတွေ လာလိမ့်မယ်ဆိုတာ လက်ခံပါ၊ အဲဒီအပြောင်းအလဲတွေကို အခွင့်အလမ်းလို့ လက်ခံပါ။ အဲဒီအပြောင်းအလဲတွေကို အကောင်းဆုံး အသုံးချပြီးတော့ ကိုယ့်ရဲ့ အဖွဲ့အစည်းရော၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေအတွက်ရော အားလုံးအကျိုးဖြစ်စေမယ့် Action Plan တွေကို အမှန်တကယ် အကောင်အထည်ဖော်ပါ။ ကိုယ့်အတွက် သိသာထင်ရှားတဲ့ ရလဒ်တွေ ရလာပါလိမ့်မယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungexecutivecoach

naingwinaungceocoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial