အဆင်မပြေတာနဲ့ ထွက်ပြေးမယ်ဆိုရင် နေစရာနေရာတောင်ရှိမှာ မဟုတ်ဘူး။

လုပ်ငန်းရှင်တွေကို ပျက်စီးစေနိုင်တဲ့ ခေါင်းဆောင်မှု စိတ်ဓာတ် ၁၂ မျိုး
May 4, 2020
အနာဂတ်တွင် ဦးဆောင်သူဖြစ်လိုတဲ့လူငယ်တွေ ဒီနေ့ လုပ်သင့်တဲ့ အချက် ၉ ချက်
May 4, 2020

သင်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လုပ်ငန်းခွင်မှာရော ကိုယ်ရေးကိုယ်တာ ဘ၀မှာပါ အဆင်မပြေတာတွေကတော့ ရှိနေမှာပါပဲ။

အဲဒီမှာ အရေးကြီးတာက သင့်အနေနဲ့ စထားပြီးတဲ့အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်သလား၊ ဒါမှမဟုတ် အဆင်မပြေတာကို အကြောင်းပြပြီး လွယ်လွယ်နဲ့ ထွက်ပြေးတတ်သလားဆိုတာပဲ ဖြစ်တယ်။

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် လုပ်ငန်းစပြီး မတည်ထောင်ခင်အချိန်မှာ သင့်ရဲ့ စိတ်အားတက်ကြွမှုကအပြည့် ရှိကောင်းရှိနေလိမ့်မယ်။

အလုပ်ကို စပြီး သိပ်မကြာခင်မှာပဲ ရောင်းအားက မကောင်းလို့၊ ဖောက်သည်တွေက မယဉ်ကျေးလို့၊ ဝန်ထမ်းတွေက ပြောစကားနားမထောင်လို့၊ ကုန်ကျစရိတ်တွေက များလို့၊ မနက်ကနေ ညအထိ ကိုယ်တစ်ယောက်တည်း ရုန်းနေရလို့ စသဖြင့် အဆင်မပြေတာတွေကို စပြီး ရင်ဆိုင်လာရနိုင်တယ်။

လုပ်ငန်းခွင်မှာ သင့်ကို မန်နေဂျာရာထူးကို တိုးပေးမယ်ပြောရင် မန်နေဂျာဖြစ်တာနဲ့ ဘယ်လို အပြောင်းအလဲတွေ ဖြစ်အောင် လုပ်မယ်ဆိုပြီး သင့်မှာ ကောင်းမွန်တဲ့စိတ်ကူးစိတ်သန်းတွေ အပြည့်ရှိနေလိမ့်မယ်။

အဲဒီရာထူးကို ရယူပြီး သိပ်မကြာခင်မှာပဲ အထက်က လုပ်ငန်းရှင်က အခုတမျိုး၊ တော်ကြာတမျိုးလုပ်လို့ဖြစ်စေ၊ တိကျတဲ့ ညွှန်ကြားချက်တွေမပေးတာ၊ လိုအပ်တာတွေကို မဖြည့်ဆည်းပေးတာ၊ မြင့်တယ်လို့ သင်က ယူဆတဲ့အရောင်းလျာထားချက်တွေကို ပေးတာ၊ လုပ်ဖော်ကိုင်ဖက်တွေက ပူးပေါင်းဆောင်ရွက်မှုအားနည်းတာ စတဲ့ အခက်အခဲတွေကို ကြုံတွေ့ရလာနိုင်တယ်။

သင့်ကို ပြောချင်တာကတော့ အဲဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်ပဲ ဖြစ်တယ်။

အခက်အခဲတွေ ကြုံတွေ့ရတာဟာ ကမ္ဘာပေါ်မှာ သင်တစ်ယောက်တည်းမဟုတ်ပဲ လုပ်ငန်းခွင်ကို ဝင်ရောက်တဲ့ဘယ်သူမဆို ရင်ဆိုင်ရမှာချည်းပဲ ဖြစ်တယ်။

သင်သုံးသပ်ရမှာက ၃ ခုပဲ ရှိတယ်။

၁။ သင်ရင်ဆိုင်နေတဲ့ အခက်အခဲဟာ ထိုက်တန်မှုရှိရဲ့လား။

ဆိုလိုတာက သင့်အနေနဲ့ မှားယွင်းတဲ့ ဘယ်လိုမှ အကျိုးမရှိနိုင်တဲ့ တိုက်ပွဲကို တိုက်မိနေတာလား။ အကယ်၍ ဘာကိုပဲ ဆက်လုပ်လုပ် ထူးမလာနိုင်တဲ့ တိုက်ပွဲကိုသာ သင်ဆက်တိုက်နေတယ်ဆိုရင် အချိန်သာကုန်သွားမယ် ဘယ်သူအတွက်မှ အကျိုးကျေးဇူးရှိလာမှာ မဟုတ်ဘူး။ ဒါမှမဟုတ် ပိုမိုများပြားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ အဲဒီလိုသာဆိုရင် သင့်အနေနဲ့ အချိန်၊ ငွေနဲ့ အခြား အရင်းအမြစ်တွေ ဆုံးရှုံးမှုအနည်းဆုံးနဲ့ ထွက်ခွာဖို့ကို ကြိုးပမ်းသင့်တယ်။

၂။ အချိန်မတန်သေးလို့ ရလဒ်မထွက်သေးတာလား။

တစ်ချို့ကိစ္စတွေက အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရနိုင်ဘူး။ လုပ်ငန်းတစ်ခုထူထောင်တယ်၊ သင့်ရဲ့ Marketing လုပ်ဆောင်ချက်တွေက စကတည်းက အရမ်းကို ထူးခြားကောင်းမွန်နေတာ မဟုတ်ဘူးဆိုရင် သင့်လုပ်ငန်းကို လူသိလာဖို့၊ မိတ်များလာဖို့ အတွက် လုပ်စရာရှိတာတွေဆက်လုပ်ရင်း သင်စောင့်ရလိမ့်မယ်။ အဲဒီလိုပဲ သင်သာ မန်နေဂျာတစ်ယောက်ဖြစ်တယ်ဆိုရင် သင့်လုပ်ဆောင်ချက်တွေကို အထက်လူကြီးတွေ သတိထားမိလောက်တဲ့အထိ ကြိုးစားရင်း သင့်စောင့်ဆိုင်းဖို့ လိုလိမ့်မယ်။

၃။ သင်လုပ်ပုံကိုင်ပုံ လိုအပ်လို့ ခက်ခဲနေတာလား။

တစ်ခါတစ်ရံမှာတော့ သင်လိုချင်တဲ့ ရလဒ်မထွက်တာဟာ သင့်ရဲ့ ချဉ်းကပ်ပုံတွေ လွဲချော်နေတာကြောင့်ဖြစ်နိုင်တယ်။ သင်ဘယ်လောက်ပဲ ဝီရိယစိုက်စိုက်၊ ဘယ်လောက်ပဲ အချိန်ကို သုံးသုံး သင့်ရဲ့ နည်းလမ်းတွေ မှားယွင်းနေတယ်ဆိုရင် ရလဒ်တွေ ကောင်းမှာ မဟုတ်ဘူး။ အဲဒါကြောင့် သင်လက်ရှိလုပ်နေတာတွေ မှန်ရဲ့လားဆိုတာကို ပြန်သုံးသပ်ကြည့်သင့်တယ်။ ပြီးတော့ သင့်အနေနဲ့ ဘာတွေပြုပြင်သင့်လဲ၊ ဘယ်သူတွေကို အတုယူသင့်လဲ၊ ဘယ်သူတွေနဲ့ တိုင်ပင်သင့်လဲဆိုတာကို ဆင်ခြင်ပြီး လိုအပ်သလို​ ပြုပြင်ဖို့လိုတယ်။

သာမန်လောက် ကြိုးစားမယ်၊ နည်းနည်းလေး အဆင်မပြေတာနဲ့ ထွက်ပြေးမယ်ဆိုရင် သင်ဘယ်လိုလုပ်ငန်းပဲ ပြောင်းလုပ်လုပ် ရလဒ်က ထူးခြားလာမှာ မဟုတ်ဘူး။

အထူးသဖြင့် သင့်အနေနဲ့ အခြားသူတွေကို ဦးဆောင်နိုင်တဲ့သူဖြစ်ဖို့ဆိုရင် သင်ကိုယ်တိုင်က ဇွဲလုံ့လ၊ ဝီရိယရှိရှိနဲ့ စံနမူနာပြလုပ်ဆောင်ဖို့ကို အာရုံစိုက်သင့်တယ်။

ဘယ်သူမဆိုပြောင်းလဲနိုင်သလို သင်လည်း ပြောင်းလဲနိုင်ပါတယ်။

သင့်ကိုယ်သင်တင်မကပဲ ပတ်ဝန်းကျင်ကလူတွေကိုပါ ပြောင်းလဲစေနိုင်တဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer
#naingwinaungexecutivecoach
#Leadership #Coaching #Transformation
#NLP #Breakthrough

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial