သင့်ရဲ့ စိတ်နေသဘောထား ပိုပြီးကောင်းလာဖို့ သိနေရမယ့် အချက် (၆) ချက်

သာမန်ရလဒ်တွေနဲ့ မကျေနပ်ဖို့
July 25, 2020
အလုပ်တွေကို ထိထိရောက်ရောက်နဲ့ လုပ်နိုင်ဖို့ဆိုရင်
July 30, 2020

သင့်ရဲ့ စိတ်နေသဘောထား ပိုပြီးကောင်းလာဖို့ သိနေရမယ့် အချက် (၆) ချက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ကျွန်တော် ဘာဖြစ်လို့ စိတ်နေသဘောထားကို မျှဝေချင်လဲဆိုတော့ 2010 လောက်မှာ ကျွန်တော် ဆရာကြီး ဒေါတ်တာ အောင်ထွန်းသက်နဲ့ ကျွန်တော်တို့ Positive Attitude ဆိုတဲ့ ဟောပြောပွဲလေးလုပ်တယ်။ ကျွန်တော် အဲဒီတုန်းက ရှိနေတဲ့ အဖွဲ့အစည်းမှာ အစီအစဉ် ဖြစ်မြောက်ရေးအတွက် ကျွန်တော်အဲဒီပွဲလေးကို လုပ်ဖို့အတွက် ကျွန်တော် ဆရာကြီးနဲ့ ဆွေးနွေးကြတယ်။

ဆွေးနွေးကြတဲ့အခါ အန်ကယ်က (အန်ကယ်ဆိုတာ ကျွန်တော့ Chairman ပေါ့) ဘာပြောသလဲဆိုတော့ လူတစ်ယောက်ရဲ့ စိတ်နေသဘောထားက အများကြီးအရေးကြီးတယ်။ စိတ်နေသဘောထား မကောင်းတဲ့သူကို မင်းဘယ်လိုမှ လုပ်လို့မရဘူး။ စိတ်နေသဘောထား သွားပြောင်းဖို့ဆိုတာ ကိုယ်ဘယ်လိုမှ ပြောင်းပေးလို့ မရဘူး။ သူ့ဟာသူ ပြောင်းချင်မှ လုပ်လို့ရတာ။ ကိုယ်က ဘေးကနေပြီးတော့ သူတကယ်ပြောင်းချင်ရင် သူ့ကို ကူညီပေးဖို့ သူပြောင်းလဲတဲ့ နေရာမှာ ကူညီပေးဖို့ ဒါပဲရှိတယ်။

အဲဒီတော့ ကျွန်တော်တို့ ဘာတွေလုပ်ပေးလို့ ရလဲဆိုတော့ ကိုယ့်ဝန်ထမ်းတွေဆိုရင် သူတို့ကို ကျွန်တော်တို့က ဟောပြောပွဲတွေ စီစဉ်ပေးပြီးရင် ကိုယ့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံလေးတွေ အဖြစ်အပျက်လေးတွေ ပြောပြ၊ အဲဒါဆိုရင် လူတွေက နည်းနည်းလေး ပိုပြီးတော့ အမြင်ကျယ်လာတယ်။ သူရဲ့ Thinking တွေ ဘာတွေက ကောင်းတဲ့ဘက်ကို ရောက်ရောက်လာနိုင်တယ်။

အဲဒီတော့ ကျွန်တော်တို့ သိရမှာ တစ်ခုက ကျွန်တော်တို့ စိတ်နဲ့ကိုယ်နဲ့က ဆက်စပ်နေတယ်။ ကိုယ်မကျန်းမာရင် စိတ်ကလည်း မကျန်းမာဘူး။ စိတ်မကျန်းမာရင် ကိုယ်က မကျန်းမားဘူး။ အဲဒီအတွက်ကြောင့် ကိုယ်လည်းကျန်းမာနေဖို့ လိုတယ်။ စိတ်လည်းကျန်းမာနေဖို့ လိုတယ်။

အရေးကြီးတာက စိတ်နေသဘောထားကောင်းအောင် ဘယ်လိုလုပ်ရမလဲ။

(၁) ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ရင် အကောင်းဘက်က ကြည့်နိုင်အောင် ကြိုးစားပါ။

ဆိုလိုတဲ့ သဘောက ကျွန်တော်တို့ မကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာရင် ကျွန်တော်တို့က ကောင်းတဲ့ ဘက်ကနေ မကြည့်နိုင်တော့ဘူး။ ကျွန်တော် အားလုံးကို နည်းနည်းလေး ဟာသဖြစ်တဲ့ အကြောင်းအရာ တစ်ခုကိုပြောရင် လူတွေကို အကောင်းဘက်ကနေကြည့်ပါ။ လူတွေက အကောင်းဘက်ကနေ ကြည့်ပါဆိုတာကို အမြဲပြောတတ်ကြတယ်။ အဲဒီတော့ အကောင်းဘက်ကနေ များသောအားဖြင့် ကြည့်နိုင်ကြတယ်။ ဘယ်ချိန်မှာ မကြည့်နိုင်သလဲဆိုရင် မကောင်းတာတွေ ဖြစ်လာပြီဆိုရင် ကောင်းတဲ့ ဘက်က မကြည့်နိုင်တော့ဘူး။

ဒါပေမယ့် မကောင်းတာတွေ ဖြစ်တဲ့အချိန်ကျမှ ကောင်းတဲ့ဘက်ကြည့်တတ်တဲ့ အရည်အချင်းလိုတာ။ အဲဒီတော့ မကောင်းတာတွေ ဖြစ်နေပြီဆိုမှ ကောင်းတာ ဘယ်လိုလုပ်သွားကြည့်မလဲ။ ကျွန်တော်တို့ လုပ်လို့ရတဲ့ဟာက ဘာလဲဆိုတော့ ဒီကိစ္စကြောင့် ကောင်းတာတွေ ဘာတွေဖြစ်လာနိုင်သလဲ။ ကောင်းတဲ့အကျိုးဆက်တွေ ဒီကိစ္စကြောင့် နောက်ဆက်တွဲ အနေနဲ့ ကောင်းတာတွေသာ ဖြစ်လာမယ်ဆိုရင် အဲဒါတွေက ဘာတွေဖြစ်လာမလဲ။ ဒါလေးကို ကျွန်တော်တို့ စဉ်းစားကြည့်ဖို့လိုတယ်။

ဒီအဖြစ်အပျက်ကြီးကတော့ မကောင်းဘူး ဒီဟာရဲ့နောက်မှာ ကောင်းတာတွေ ဘာတွေဖြစ်လာနိုင်သလဲ။ ဒါလေးကို လေ့လာကြည့်မယ်ဆိုရင် ကျွန်တော်တို့ စိတ်ထဲမှာ ပိုပြီးတော့ ကောင်းမွန်တဲ့အတွေးလေးတွေ ခံစားမှုလေးတွေ ဖြစ်လာနိုင်တယ်။

(၂) နှလုံးသွင်းမှန်ဖို့ လိုတယ်။

နှလုံးသွင်းမှန်ဖို့ဆိုတာက ကိုယ်တစ်ယောက်ထဲအတွက်ပဲ စဉ်းစားနေမယ်ဆိုရင် ကျွန်တော်တို့ ဦးဆောင်သူတစ်ယောက်အနေနဲ့ နှလုံးသွင်းက ဘယ်လိုမှ မှန်ကန်နိုင်မှာ မဟုတ်ဘူး။ ဒါမှမဟုတ်ရင် လူတစ်ယောက် အနေနဲ့ပဲ ကိုယ့်အတွက်ကြီးပဲ ကြည့်နေမယ်ဆိုရင် ဘယ်လိုမှ သာယာမှာမဟုတ်ဘူး။ ကျွန်တော်တို့ ဘာလုပ်လို့ရလဲ။ ဒီကိစ္စကြောင့် အခြားလူတွေမှာ ဘာတွေအကျိုးရှိသွားမလဲ။ ဒါလေးကို ကျွန်တော်တို့ သုံးသပ်ကြည့်မယ်ဆိုရင် ကိုယ့်အတွက် မှန်ကန်တဲ့ အတွေးအမြင်လေးတော့ ရလာနိုင်တယ်။

ဆိုလိုတဲ့သဘောက ကိုယ်က တစ်နေရာမှာ အနစ်နာခံလိုက်ရပေမယ့် အဲဒါကြောင့် အခြားလူတွေမှာ ဘာတွေ အကျိုးရှိသွားသလဲ။ ဘယ်သူတွေမှာ ဘာသွားကောင်းသွားသလဲ။ တစ်နေရာရာမှာ ကောင်းသွားတာ ဘာရှိသလဲ။ ဒါလေးကို ကျွန်တော်တို့ ကြည့်လိုက်နိုင်မယ်ဆိုရင် သြော်ဒါကတော့ ငါ ဒီလိုလေး အနစ်နာခံရပေမယ့် ဘယ်သူတွေတော့ အကျိူးရှိသွားတယ်ဆိုတာမျိုး ခံစားလိုက်ရတယ်ဆိုရင် သူတို့ရဲ့ အကျိုးစီးပွားအတွက် ကိုယ်က တစ်နည်းတစ်ဖုံ ပါဝင်လုပ်ဆောင်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်အနေနဲ့ စိတ်ထဲမှာ ငြိမ်းချမ်းမှု မျိုးလေး အလိုလို ရလိုက်တယ်။

(၃) ကိုယ့်ဘဝမှာ ကောင်းတဲ့အရာလေးတွေကို ကျွန်တော်တို့ မကြာခဏ ချရေးတတ်တဲ့ အလေးအကျင့်လေးတွေ ကျွန်တော်တို့ လုပ်သင့်တယ်။

ဆိုလိုတဲ့သဘောက ကျွန်တော်တို့ ဘဝမှာ ရရှိအောင်မြင်ခဲ့ဖူးတဲ့ Achievement တွေ အောင်မြင်မှုတွေ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ဘဝမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့ အချက်တွေ ကိုယ်က တစ်ခြားသူတွေကို ကူညီခဲ့ဖူးတာတွေ ပြီးတော့ တခြားသူတွေက ကိုယ့်ကို ကူညီခဲ့ ဖူးတာတွေ ဒါမှမဟုတ်ရင် ကိုယ့်ဘဝမှာ ပိုင်ဆိုင်ထားပြီးတော့ မစွန့်လွတ်ချင်တဲ့ အရာလေးတွေ ကျွန်တော်တို့ ချရေးကြည့်မယ်ဆိုရင် အဲဒါတွေ ရှိတဲ့အတွက်ကြောင့် ငါ့ဘဝက ကျေနပ်စရာ ကောင်းပါလားဆိုတဲ့ ခံစားမှုမျိုး ရနိုင်တယ်။ တစ်ချို့ကိစ္စတွေမှာ ကျွန်တော်တို့အနေနဲ့ လောကဓံကို ပိုပြီးတော့ ရင်ဆိုင်ဖို့အတွက် အထောက်အကူ ဖြစ်နိုင်တယ်။

(၄) ကျန်းမားရေးကို ဂရုစိုက်ဖို့လိုတယ်။

ကျွန်တော်ပြောခဲ့သလိုပဲ ကိုယ်နဲ့စိတ်နဲ့က အများကြီး ဆက်စပ်နေတာဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်ခန္ဓာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်။ ကျန်းမားရေးကို ဂရုမစိုက်ရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။

(၅) အိပ်ရေးဝအောင်အိပ်ပါ။

အိပ်ရေးဝတာ အိပ်ရေးမဝတာရှိရင် စိတ်ကဘယ်လိုမှ ကြည်မှာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ကိုယ် ဘယ်နှစ်နာရီကနေ ဘယ်နှစ်နာရီအိပ်ရင် အိပ်ရေးဝမလဲ မှန်းကြည့်ကြည့်ပါ။ မှန်းကြည့်ပြီးရင် အိပ်ချိန်လေးမှာ မှန်မှန်အိပ်ပါ။

(၆) တရားထိုင်ပါ။

ကျွန်တော် လက်တလောမှာ ကျွန်တော် လုပ်ဖြစ်တဲ့ အရာကတော့ တရားထိုင်တယ်။ တရားထိုင်တာ ဘာကောင်းသလဲဆိုရင် ကျွန်တော်တို့ မှန်မှန်လေး ထိုင်သွားတယ်ဆိုရင် ဥပမာ ၁၅ မိနစ်ဆိုရင် ၁၅ မိနစ် မှန်မှန်ထိုင်၊ နာရီဝက်ဆိုရင် နာရီဝက်ကို မှန်မှန်ထိုင်၊ တစ်နာရီဆိုရင် တစ်နာရီကို မှန်မှန်ထိုင်။ ကျွန်တော်တော့ တစ်နာရီ မှန်မှန်ထိုင်ဖြစ်အောင် ကြိုးစားနေပါတယ်။ မှန်မှန်ထိုင်မယ်ဆို စိတ်ထဲမှာရှိတဲ့ စိတ်အနှောက် အယှက်ရှိရင် တရားထိုင်းတဲ့သူတွေ တော်တော်များများက တရားထိုင်နေတဲ့ ကာလမှာ တော်တော် လေးရှင်းသွားတာ။

ဒါမျိုးလေးတွေ တွေ့ရတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ ကိုယ့်ဘက်က အကောင်းမြင်တဲ့ နေရာမှာလည်း ပိုပြီးအကျိုးရှိလာနိုင်သလို ဖြစ်လာတဲ့ အဆင်မပြေမှုတွေ အပေါ်မှာလည်း ကျွန်တော့်ရဲ့ တုန့်ပြန်မှု ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ နှလုံးသွင်းမှုက ပိုပြီးတော့ တည့်မတ်လာနိုင်တယ်။ အဲဒီအတွက်ကြောင့် တရားနာတာတို့ တရားထိုင်တာတို့ ဒါလေးတွေကလည်း ပိုပြီးတော့ အကျိုးရှိတယ်။

ဘာပဲပြောပြော ကျွန်တော်တို့ နေ့စဉ် လူတွေအများကြီးနဲ့ တွေ့ဆုံဆက်ဆံနေကျတဲ့ အခါမှာ အဆင်မပြေတာတွေ တွေ့မှာပဲ။ ကိုယ့်ရဲ့ စိတ်နေသဘောထားကို အကောင်းဘက်ကနေပြီးတော့ အပြုသဘော တုန့်ပြန်နိုင်အောင် ကြိုတင်မပြင်ဆင်ထားဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ အခက်အခဲတွေ အများကြီး ဖြစ်လာနိုင်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော် အကြံပေးထားတဲ့ အချက်အလက် လေးတွေကို စဉ်းစားကြည့်ပါ။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial