လုပ်ငန်းရှင်တွေကို ပျက်စီးစေနိုင်တဲ့ ခေါင်းဆောင်မှု စိတ်ဓာတ် ၁၂ မျိုး

ခေါင်းဆောင်မှုလို့ ဆိုလိုက်တာနဲ့ လူတွေနဲ့ အဝေးကြီးမှာ အထီးကျန်စွာနေစရာ မလိုပါဘူး
May 4, 2020
အဆင်မပြေတာနဲ့ ထွက်ပြေးမယ်ဆိုရင် နေစရာနေရာတောင်ရှိမှာ မဟုတ်ဘူး။
May 4, 2020

လုပ်ငန်းအဖွဲ့အစည်း တစ်ခု တိုးတက်ဖို့ဆိုရင် ခေါင်းဆောင်မှုဟာ မရှိမဖြစ်ကို အရေးကြီးပါတယ်။

ဘာဖြစ်လို့လဲဆိုရင် သင့်အနေနဲ့ အရာအားလုံးကို သင်ကိုယ်တိုင်လုပ်လို့ မရနိုင်တဲ့အတွက် သင့်လက်အောက်က ဝန်ထမ်းတွေနဲ့အတူ ဈေးကွက်ရှာဖွေခြင်း၊ အလားအလာရှိဖောက်သည်များကို ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း၊ လက်အောက်က လူတွေကို စီမံခန့်ခွဲခြင်း၊ ကုန်ထုတ်လုပ်မှုတွေကို လုပ်ဆောင်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များရေးဆွဲခြင်းနှင့် လုပ်ငန်းတိုးတက်ရာ တိုးတက်ကြောင်းကိစ္စရပ်တွေကို လုပ်ဆောင်ခြင်း စတဲ့ကိစ္စရပ် တွေကို လုပ်ကိုင်ရပါတယ်။

အဲဒီအခါမှာ သင့်ရဲ့ ခေါင်းဆောင်မှုအရည်အချင်းတွေ အပေါ်မှာ မူတည်ပြီး သင့်လက်အောက်ကလူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ လိုက်ပါ လုပ်ဆောင်မှု အခြေအနေ ကွာခြားသွားနိုင်ပါတယ်။

သင့်ခေါင်းဆောင်မှု မြင့်ရင် သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု မြင့်မယ်။ အဲဒါဆိုရင် သင့်ရဲ့ လုပ်ငန်း တိုးတက်မှုလည်း မြန်ဆန်လာပါမယ်။

သင့်ခေါင်းဆောင်မှု နိမ့်ရင်တော့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု နိမ့်လာပြီး သင့်လုပ်ငန်းရဲ့ တိုးတက်မှုဟာ အရမ်းကို နှေးကွေးနေနိုင်ပါတယ်။

လုပ်ငန်းတိုးတက်ရာ တိုးတက်ကြောင်းကို သင်အမှန်တကယ်လိုလားတယ်ဆိုရင် ခေါင်းဆောင်မှုကို မြှင့်တင်ဖို့ လိုပါတယ်။

သင့်အနေနဲ့ ထိရောက်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် သင့်မှာ မှန်ကန်တဲ့ စိတ်နေစိတ်ထားရှိနေဖို့ အရမ်းကို အရေးကြီးပါတယ်။

သင့်ရဲ့ စိတ်နေစိတ်ထားဟာ အပျက်သဘောဆန်နေမယ်ဆိုရင် သင့်ရဲ့ အပြုအမူတွေဟာလည်း အပျက်သဘောဖြစ်နေပါလိမ့်မယ်။

အဲဒါကြောင့် သင့်ရဲ့ စိတ်နေစိတ်ထားကို ထိန်းသိမ်းတတ်အောင် လေ့လာသင်ယူတာဟာ သင့်လုပ်ငန်းကို အမြင့်မားဆုံးအဆင့်အထိ ရောက်အောင် ဦးဆောင်ဖို့အတွက် အဓိက ကျပါတယ်။

အခုဆက်ပြီး ဖော်ပြမှာကတော့ ခေါင်းဆောင်တွေနဲ့ လုပ်ငန်းတွေကို ပျက်စီးစေနိုင်တဲ့ ခေါင်းဆောင်မှုစိတ်ဓာတ် ၁၂ မျိုးဖြစ်ပြီး သင့်အနေနဲ့ အဲဒါတွေကိုသာ ရှောင်ရှားနိုင်မယ်ဆိုရင် သင့်ရဲ့ ခေါင်းဆောင်မှုကို ပိုမိုထိရောက်လာဖို့အတွက် များစွာ အကျိုးပြုနိုင်ပါတယ်။

၁။ ကောင်းတာတွေကို မကြည့်ပဲ မကောင်းတာပဲ ကွက်မြင်တတ်ခြင်း၊

ရာထူးကြီးတဲ့သူတော်တော်များများဟာ အခုလို စိတ်နေစိတ်ထားမျိုး ရှိနေတတ်ပါတယ်။ အချို့သောသူတွေဟာ မကောင်းတာတွေကို ထောက်ပြမယ်ဆိုရင် လူတွေက တိုးတက်ရာ တိုးတက်ကြောင်းအတွက် ပြုပြင်လာကြလိမ့်မယ်လို့ ထင်တတ်ကြပါတယ်။ ကျွန်တော်တို့ အားလုံးသိတဲ့အရာတစ်ခုကတော့ အပျက်သဘောဟာ အပျက်သဘောကိုပဲ ဆွဲဆောင်ပါတယ်။ သင့်အနေနဲ့ ထောက်ပြမယ်ဆိုရင်တောင်မှ ကောင်းတဲ့အချက်တွေပါ အသိအမှတ်ပြုပေးခြင်း၊ သင်ကိုယ်တိုင်မှားခဲ့တဲ့အမှားတွေကိုပါ မျှဝေပေးခြင်း၊ ၎င်းတို့ရှေ့ဆက်လုပ်ဆောင်သင့်တဲ့ နည်းလမ်းများကို ရှင်းပြခြင်းနဲ့အတူ မှန်ကန်တဲ့ ပြောဆိုပုံမျိုးဖြင့် ချဉ်းကပ်ဖို့ကို အထူးဂရုပြုသင့်ပါတယ်။

၂။ သင့်ကိုယ်သင် အခြားသူများထက် အမြဲတမ်း သာတယ်လို့ ထင်မြင်ယူဆခြင်း၊

သင်ဟာ ကြိုးစားတဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ အတွေ့အကြုံရင့်ကျက်တဲ့သူလည်းဖြစ်ပြီး ရလဒ်ကောင်းတွေကို ရယူနိုင်ပြီးသားသူတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ သင့်အဖွဲ့အစည်းကသူတွေထက် နေရာတိုင်းမှာတော့ တော်မနေနိုင်ပါဘူး။ သင့်အနေနဲ့ သင့်ရဲ့ လုပ်သက်နဲ့ အသိပညာရင့်ကျက်မှုကြောင့် အချို့သောနယ်ပယ်တွေမှာ သင့်အဖွဲ့သားတွေထက် သာနေမှာ သေချာပါတယ်။ တစ်ဖက်မှာတော့ လုပ်ငန်းသဘာဝအပေါ်မှာမူတည်ပြီး အချို့ အလုပ်အမျိုးအစားတွေမှာ သင့်ထက် ပိုကျွမ်းကျင်တဲ့ဝန်ထမ်းတွေ ရှိနေနိုင်ပါတယ်။ အဲဒါကို လစ်လျူရှုမယ်ဆိုရင် သင့်လုပ်ငန်းမှာ ထိခိုက်ဆုံးရှုံးမှုတွေ များပြားလာနိုင်ပါတယ်။

၃။ ပြီးပြည့်စုံအောင် လုပ်ရမယ်လို့ ယုံကြည်နေခြင်း၊

တစ်စုံတစ်ခုကို မလုပ်ဘူးဆိုရင် လုံးဝမလုပ်ဖို့နဲ့ လုပ်မယ်ဆိုရင် အကောင်းဆုံးလုပ်ဖို့ဆိုတာမျိုးဟာ ကျွန်တော်ကိုယ်တိုင်လည်း ခံယူထားတဲ့အယူအဆဖြစ်ပါတယ်။ အရေးကြီးတာကတော့ သင့်အနေနဲ့ အလွန်အကျွံမဖြစ်သွားဖို့ ဖြစ်ပါတယ်။ အချို့ကိစ္စရပ်တွေဟာ အချိန်အကန့်အသတ်ရှိပါတယ်။ အဲဒီအချိန်အတွင်းမှာ ပြီးမှ သင့်တော်တာမျိုး ဖြစ်နိုင်သလို သင့်မှာ အခြားသော အာရုံစိုက်စရာ အရေးကြီးတဲ့ကိစ္စရပ်တွေလည်း ရှိနေတဲ့အတွက် အချိန်တိုင်းမှာ တစ်စုံတစ်ခုတည်းကို မဲပြီး စိတ်တိုင်းမကျမချင်း ပြုပြင်နေမယ်ဆိုရင် အခြားသော အရေးပါတဲ့အရာတွေကို သင့်အနေနဲ့ ဦးစီးဖို့ လစ်ဟာသွားနိုင်ပါတယ်။

၄။ သင်ဘယ်တော့မှ အနားမယူသင့်ဘူးလို့ မြင်ခြင်း၊

ဦးဆောင်သူတွေတော်တော်များများဟာ သူတို့အနားမယူပဲ လုပ်နိုင်ကြောင်းကို ဂုဏ်ယူတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ အရာအားလုံးကို ခေတ္တရပ်တန့်ထားပြီး နားချိန် လုံလုံလောက်လောက် ယူဖို့လိုအပ်ပါတယ်။ သင့်အနေနဲ့ တစ်ရက်ကို ၁၈ နာရီလောက် အလုပ်လုပ်နေပြီး သင်လုပ်တဲ့အလုပ်တွေဟာလည်း အမြဲတမ်းကို ကောင်းမွန်နေမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် သင့်ကျန်းမာရေးကို လုံးလုံးပစ်ထားပြီး လုပ်ငန်းနဲ့ ဝင်ငွေတစ်ခုတည်းကိုပဲ အာရုံစိုက်နေတာမျိုးဟာ မသင့်တော်ပါဘူး။ အဲဒါကြောင့် သင့်အနေနဲ့ နားချိန်ကို သေချာသတ်မှတ်ပြီး လုပ်ငန်းအချိန်မှာသာ အရည်အသွေးမှီအောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ကို ပြင်ဆင်ဖို့ လိုပါတယ်။

၅။ သင့်အနေနဲ့ ကြီးကျယ်ခမ်းနားတဲ့ ကိစ္စရပ်တွေကို တစ်ယောက်တည်း လုပ်ဆောင်နိုင်တယ်လို့ ယူဆခြင်း၊

အကယ်၍ သင့်အနေနဲ့ အရေးပါတဲ့ ကိစ္စရပ်တွေကို သင်တစ်ယောက်တည်းလုပ်နိုင်တယ်လို့ ထင်နေတယ်ဆိုရင် အနည်းဆုံးတော့ တစ်စုံတစ်ယောက်ကို အသိအမှတ်ပြုဖို့ ပျက်ကွက်နေတာ ဖြစ်နေနိုင်ပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ အဖွဲ့ဝင်တွေရဲ့ ပါဝင်လုပ်ဆောင်မှုမရှိရင် ဘယ်လိုကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုမျိုးမှာ မရှိနိုင်ပါဘူး။ ပြီးတော့ ခေါင်းဆောင်က ချီးကျူးခံရမှုအားလုံးကို ယူမယ်ဆိုရင် သင့်ကို လူတွေ လေးစားမှုကို ဆုံးရှုံးရနိုင်ပါတယ်။ သင့်ရဲ့ စကားလုံးတွေကို ငါ လို့ သုံးမယ်အစား ငါတို့ လို့ ပြောင်းပြီး သုံးတတ်ဖို့ကို လေ့ကျင့်ရပါမယ်။ အတ္တကြီးမှုဟာ ခေါင်းဆောင်မှုမှာ နေရာမရှိပါဘူး။

၆။ အတိတ်နဲ့ အနာဂတ်မှာပဲ စိတ်ရောက်နေခြင်း၊

လုပ်ငန်းကို တိုးတက်ဖို့ဆိုရင် သင့်အနေနဲ့ အတိတ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုတွေ၊ အဲဒါတွေကို ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းတရားတွေ စတာတွေကို ပြန်လည်သုံးသပ်ပြီး သင်ခန်းစာယူရပါမယ်။ အဲဒီလိုပဲ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့အရာတွေကို ကြိုတင်ခန့်မှန်းပြီး လုပ်ငန်းအစီအစဉ်ရေးဆွဲမှုတွေကိုလည်း လုပ်ဆောင်ရပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ မြင်သာထင်သာရှိတဲ့ တိုးတက်မှုတွေကို ရချင်တယ်ဆိုရင်တော့ အတိတ်နဲ့ အနာဂတ်ကိုပဲ အာရုံစိုက်နေလို့ မရနိုင်ပါဘူး။ သင့်ကို အမှန်တကယ်ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေမယ့်အရာဟာ သင်အခုချိန်မှာ ဘာကို လုပ်ဆောင်သလဲဆိုတာဖြစ်ပါတယ်။ လက်ရှိအချိန်ကို သင်အာရုံစိုက်ဖို့ တကယ့်ကို လိုအပ်ပါတယ်။

၇။ သင်ကိုယ်တိုင် မလုပ်တဲ့အရာကို တခြားသူတွေကို လုပ်စေချင်ခြင်း၊

ခေါင်းဆောင်တစ်ယောက်ကို ယုံကြည်မှုပျက်စေတဲ့ ထိပ်ဆုံးက အရာတွေထဲမှာ တစ်ခုကတော့ ကိုယ်ကိုယ်တိုင် မလုပ်ချင်တဲ့အရာကို အဖွဲ့သားတွေကို လုပ်ဆောင်စေလိုခြင်း ဖြစ်ပါတယ်။ နောက်လိုက်တွေဟာ အမြင်ကနေ သင်ယူတတ်ကြပါတယ်။ အကယ်၍ သင်ကိုယ်တိုင် မရှောင်ကြဉ်တဲ့အရာကို သင့်လက်အောက်ကလူတွေကို ရှောင်ကြဉ်ခိုင်းမယ်ဆိုရင် သင်ကိုယ်တိုင် မလုပ်ချင်တဲ့အရာကို သင့်လက်အောက်ကလူတွေကို လုပ်ဆောင်ခိုင်းမယ်ဆိုရင် အဲဒါဟာ သဘာဝမကျတဲ့အတွက် သင့်လူတွေရဲ့ စိတ်ပါလက်ပါ အားထုတ်မှုကိုလည်း သင်မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ သင်လုပ်ဖူးတဲ့/ လုပ်နေတဲ့အလုပ်တွေကိုသာ လက်အောက်ကသူတွေကို တာဝန်ပေးဖို့ အရေးကြီးပါတယ်။

၈။ အသေးစိတ်တွေကို အာရုံစိုက်လွန်းပြီး မြင်ကွင်းကျယ်ကို မမြင်နိုင်တော့ခြင်း၊

စီမံခန့်ခွဲမှုတွေကို လုပ်ဆောင်မယ်ဆိုရင် သင့်အနေနဲ့ အသေးစိတ်တွေကို မြင်ပြီး လိုအပ်သည်များကို ပြုပြင်နိုင်ဖို့ အရေးကြီးပါတယ်။ လုပ်ငန်းတစ်ခုမှာ အသေးစိတ် မြင်တတ်၊ ထောက်ပြတတ်တဲ့သူတွေမရှိရင် အိတ်ပေါက်နဲ့ ဖားကောက်နေသလို ဖြစ်နေတတ်ပါတယ်။ အဲဒီလိုပဲ သင့်အနေနဲ့ အသေးစိတ်တွေပဲ အကြည့်လွန်ပြီး ကျယ်ပြန့်တဲ့ မြင်ကွင်းကို မမြင်နိုင်ရင်လည်း ရေရှည်လုပ်ငန်းတိုးတက်မှုကို ထိခိုက်စေနိုင်ပါတယ်။ တစ်စုံတစ်ခုကို လုပ်တော့မယ်ဆိုရင် အရင်က ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းနဲ့ အနာဂတ်အလားအလာကို သိဖို့ လိုသလို အခြားသော ဆက်စပ်တဲ့ သက်ရောက်မှုတွေကို ဘာတွေဖြစ်နိုင်တယ်ဆိုတာတွေကိုလည်း သိအောင် လုပ်ရပါမယ်။

၉။ အခြားသူများနဲ့ မနီးစပ်ပဲ အထီးကျန်နေခြင်း၊

အချို့သော ခေါင်းဆောင်တွေဟာ လက်အောက်ငယ်သားတွေနဲ့ နီးစပ်မှုမရှိတတ်ကြပါဘူး။ သူတို့စိတ်ထဲမှာ လက်အောက်ကသူတွေနဲ့ ရင်းရင်းနှီးနှီးနေခြင်းဟာ ဩဇာညောင်းမှုကို ထိခိုက်စေနိုင်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ သင့်အနေနဲ့ လူတွေနဲ့ မနီးစပ်ဘူးဆိုရင် လူတွေကို ဦးဆောင်လို့ မရနိုင်ပါဘူး။ ဒါ့အပြင် အထီးကျန်ဆန်မှုဟာ ခေါင်းဆောင်မှုနဲ့မဆိုင်ပဲ အထီးကျန်ဆန်မှုဟာ ပင်ကိုစရိုက်နဲ့ပဲ ဆိုင်ပါတယ်။ သင့်အနေနဲ့ ရာထူးကြီးတယ်ဆိုတိုင်း အထာကြီးနဲ့ နေဖို့ မလိုပါဘူး။ သင့်လူတွေကို အတိုင်းအတာတစ်ခုအထိ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနေတာဟာ လုပ်ငန်းတိုးတက်မှုအတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။

၁၀။ စံ ၂ မျိုး ထားခြင်း၊

အထက်လူကြီးတွေအပေါ်မှာ နောက်လိုက်တွေ အမြင်မကြည်တတ်တဲ့ နောက်ထပ်အရာတစ်ခုကတော့ စံ ၂ မျိုးထားတာဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ တူညီတဲ့ လုပ်ဆောင်ချက်တစ်ခုတည်းကိုပဲ သင်လုပ်ရင်တော့ ကောင်းတယ်၊ အခြားသူလုပ်ရင်တော့ မကောင်းဘူးလို့ ယူဆတာဖြစ်ပါတယ်။ ဒါဟာ သင့်ကိုယ်သင် အထင်ကြီးလွန်တာ ဖြစ်နိုင်သလို ခွဲခြားဆက်ဆံတဲ့သဘောလည်း သက်ရောက်နိုင်ပါတယ်။ သမာသမတ်ကျတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ဖို့ဆိုရင် သင်မှားတဲ့အခါမှာလည်း ခုခံပြောဆိုနေမယ့်အစား မှားကြောင်း ဝန်ခံတတ်ဖို့ လိုပါတယ်။ သင်ကိုယ်တိုင်ကစပြီး စံနမူနာပြ ခေါင်းဆောင်မှ လက်ထောက်ခေါင်းဆောင်တွေက နောက်ကလိုက်လာမှာ ဖြစ်ပါတယ်။

၁၁။ ပြောင်းလွယ်ပြင်လွယ် မရှိခြင်း၊

အောင်မြင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းအချို့ရှိပါတယ်။ အဲဒါကတော့ သင်လိုချင်တဲ့ ရလဒ်ကို သင်သိဖို့ လိုတယ်။ အဲဒီရလဒ်ကို သင်ဘာကြောင့် ရဖို့ လိုတယ်ဆိုတာကိုလည်း သိရပါမယ်။ ပြီးရင် အဲဒီရလဒ်ကို ရယူဖို့အတွက် ဖြစ်နိုင်သမျှသော နည်းလမ်းတွေကို ရှာဖွေဖို့ လိုပါတယ်။ နည်းလမ်းတွေ ရပြီဆိုရင် သင်လုပ်ရမယ့်အလုပ်က စတင်လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ စတင်လုပ်ဆောင်လိုက်တာနဲ့ အလုပ်ဖြစ်တာတွေရော၊ အလုပ်မဖြစ်တာတွေကိုပါ သင်မြင်တွေ့ရပါလိမ့်မယ်။ အလုပ်ဖြစ်တာတွေကို ထိန်းသိမ်းထားပြီး အလုပ်မဖြစ်တာတွေကို ပြောင်းလဲပစ်ရပါမယ်။ ခေါင်းမာတာဟာ ဘယ်လိုနည်းနဲ့မှကို အကျိုးမပြုနိုင်တာကြောင့် ပြောင်းလွယ် ပြင်လွယ်ဖြစ်မှုကို ရွေးချယ်ပါ။

၁၂။ အရာအားလုံးကို သင့်ဟာသင် လုပ်ရမယ်လို့ ယုံကြည်ခြင်း၊

အရာအားလုံးကို တစ်ယောက်တည်းလုပ်နေသရွေ့ သင့်အနေနဲ့ လွတ်လပ်မှုဆုံးရှုံးနိုင်သလို လုပ်ငန်းတိုးတက်မှုလည်း ထိခိုက်စေနိုင်ပါတယ်။ ဦးဆောင်သူတစ်ယောက်ဖြစ်နေတယ်ဆိုတိုင်း အရာအားလုံးကို သင်မသိနိုင်သလို အရာအားလုံးကိုလည်း သင်တစ်ယောက်တည်း မသိနိုင်၊ မလုပ်နိုင်ပါဘူး။ သင့်အနေနဲ့ အရေးကြီးတာတွေ လုပ်ဖို့အတွက် အချို့ကိစ္စတွေကို သင့်လက်အောက်မှာ ဝန်ထမ်းတွေ ခန့်ထား လွှဲထားဖို့ လိုပါတယ်။ သင်မတတ်တဲ့အလုပ်ကို လက်အောက်မှာ လူခန့်ပြီး ခိုင်းတဲ့အတွက် လုပ်ငန်းထိရောက်နိုင်ပြီး သင်တတ်ပြီးသားအလုပ်ကို အောက်ကလူတွေကို လွှဲတဲ့အခါ သင်လည်း အချိန်ပိုရသလို ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေလည်း တိုးတက်လာပြီး လုပ်ငန်းတိုးတက်မှုကို များစွာ အထောက်အကူပြုနိုင်ပါတယ်။


လုပ်ငန်းရှင်အများစုဟာ သူတို့ကိုယ်သူတို့ တားဆီးထားကြတာတွေ၊ သူတို့ကိုယ်သူတို့နဲ့ သူတို့လူတွေကို ပြောင်းလဲအောင် မလုပ်နိုင်တာတွေကြောင့် သူတို့လုပ်ငန်းတွေကို မတိုးချဲ့နိုင်ကြဘူး။

Breakthrough Coaching, Training & Consulting အနေနဲ့ သင့်အတားအဆီးတွေကို ဖယ်ရှားပြီး သင့်ကိုယ်သင်နဲ့ သင့်လူတွေကို ဦးဆောင်လာနိုင်အောင် သင့်ကို ကူညီပေးပါတယ်။

အဲဒါကြောင့် သင့်အနေနဲ့ သင့်လုပ်ငန်းကို ဆတိုးချဲ့ထွင်ပြီး သင့်အတွက် ဂုဏ်ယူစရာကောင်းတဲ့ဘဝတစ်ခုကို ဖန်တီးလာနိုင်လိမ့်မယ်။

သင်အရင်ဆုံးလုပ်ရမှာက ၃ ခုရှိတယ်။

၁။ TLJ သင်တန်းကို လာပါ။
၂။ အပြည့်အဝ လိုက်ပါ လုပ်ဆောင်ပါ။
၃။ သင့်ရဲ့ အနာဂါတ်သစ်ကို စတင်ဖန်တီးပါ။

စုစုပေါင်း နာရီ ၃၀ ကြာ တက်ရတဲ့ TLJ သင်တန်း အပ်နှံရန်အတွက် Breakthrough Coaching, Training & Consulting 09765222107, 09765222108, 09765222109 တွေကို ဆက်သွယ်နိုင်ပါတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer
#naingwinaungexecutivecoach
#Leadership #Coaching #Transformation
#NLP #Breakthrough
Reference: Lolly Daskal

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial