ဘဝမှာ တစ်ရက်မှ အလုပ်မလုပ်နဲ့

စီးပွါးရေးလုပ်ငန်းရှင်တွေ ဦးဆောင်သူတွေ မဖြစ်မနေ လိုက်နာသင့်တဲ့ အချက် (၁) ချက်
July 8, 2020
အရည်အချင်းရှိတဲ့သူကို မအောင်မြင်အောင် တားဆီးထားတဲ့အရာ (၁) ခု
July 8, 2020

ကျွန်တော့်ဆရာ John C Maxwell ရဲ့သင်ခန်းစာလေးတစ်ခုကို မျှဝေချင်ပါတယ်။ ဘဝမှာ တစ်ရက်မှ အလုပ်မလုပ်နဲ့ ဆိုတာက ဖြစ်နိုင်လားဆိုတော့ လုံးဝမဖြစ်နိုင်ဘူး။ လူတစ်ယောက်မှာက စားဝတ်နေရေးရှိတယ်။ ရှင်သန်ရပ်တည်ရေးရှိတယ်။ ကိုယ်က မိသားစုကို စောင့်ရှောက်ရတာတွေ ရှိတယ်။ အဲဒါကြောင့်ကိုယ်က အလုပ်မလုပ်လို့မရဘူး။

ဒါဆိုဘာလို့ ဘဝမှာ တစ်ရက်မှာ အလုပ်မလုပ်နဲ့လို့ပြောတာလဲ။ ကျွန်တော်တို့ဘဝမှာ အကြောင်းကြောင်းကြောင့် ကိုယ်ရွေးချယ်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ပေါ် မူတည်ပြီးတော့ ကျွန်တော်တို့က လုပ်ငန်းခွင်ဝင်ကြတယ်။

လုပ်ငန်းရှင်တွေ ဆိုရင်လည်း ဒီအတိုင်းပဲ အဲဒါကိုမူတည်ပြီးတော့ ကျွန်တော်တို့ စီးပွားရှာကြတယ်။ အဲဒါနဲ့ အသက်မွေးဝမ်းကြောင်း ပြုရတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ဘာကို လုပ်ဖို့လိုလဲဆိုရင် ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ဖို့လိုတယ်။

ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ရင် ဘာဖြစ်လဲဆိုတော့ အများကြီး အပြောင်းအလဲ ဖြစ်တယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ရင် ပင်ပန်းတာက အဲဒီလောက်ကြီး မပင်ပန်းတော့ဘူး။ ဆိုလိုတဲ့ သဘောက လုံးဝမပင်ပန်းဘူးလို့မပြောချင်ဘူး။

ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ရင်လည်း လူပင်ပန်းတာတော့ ရှိမှာပဲ။ စိတ်ပင်ပန်းတာလည်း ရှိမှာပဲ။ လူပင်ပန်းတယ်ဆိုရင်တောင် ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်အနေနဲ့ ခံနိုင်တယ်။ စိတ်ပင်ပန်းရင်လည်း ဒါငါဝါသနာပါတဲ့ အလုပ်ကိုလုပ်နေတာပဲဆိုပြီး ပြန်ပြီးတွေးမယ်ဆိုရင် စိတ်က အဓိပ္ပာယ် ရှိနေတဲ့အတွက် ခံနိုင်တယ်။

ကျွန်တော်တို့ ဝါသနာပါတဲ့ အလုပ်ပဲလုပ်လုပ် ဝါသနာ မပါတာပဲလုပ်လုပ် ပြဿနာကတော့ အနည်းနဲ့အများ ရှိနေမှာပဲ။ ဝါသနာပါတဲ့ အလုပ်ကို လုပ်တဲ့အခါမှာ စိတ်ပင်ပန်းတာရော လူပင်ပန်းတာရော ခံနိုင်ပေမယ့် ဝါသနာ မပါတဲ့အလုပ်ကို သွားလုပ်မိမယ်ဆိုရင် ကျွန်တော်တို့က တစ်ခုခုဖြစ်တာနဲ့ ဒါကြီးကို လက်မှိုင်ချပြီး ထွက်ပြေးချင်တယ်။

လူတွေနဲ့ ပြဿနာတက်ချင်တယ်။ အလကားနေရင်း စကားတွေများချင်တယ်။ စိတ်မရှည်ဘူး ဆိုတာတွေ ဖြစ်လာတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ဘာလုပ်သင့်လည်းဆိုတော့ ဘဝမှာ တစ်ရက်မှ အလုပ်မလုပ်ချင်ဘူးဆိုရင် ဝါသနာပါတဲ့အလုပ်ကို ရွေးချယ်လုပ်ပါ။ ဝါသနာပါတဲ့အလုပ်ကို ရွေးချယ်ပြီး လုပ်မယ်ဆိုရင် နေ့ရက်တိုင်းက ပျော်စရာပဲဖြစ်နေလိမ့်မယ်။

ကျွန်တော်ဆိုရင် Facebook မှာ ကျွန်တော် လေ့လာထားတာတွေကို အခုလိုမျိုး စာရေးတာတွေရှိတယ်။ တစ်ခါတစ်လေ အချိန်ရရင် Video တွေပြောတယ်။ နောက်အချိန်ရရင် စာသင်တယ်။ TLJ မှာ ကျွန်တော် Leadership သင်တယ်။ TLJ တို့ TLP တို့ သင်တယ်ဆိုရင် မနက် ၉ နာရီကနေ ည ၉ နာရီအထိ မတ်တပ်ရပ်ပြီး သင်ရတယ်။

တစ်ချို့က စကားပြောပြီးသင်တာကို လွယ်တယ်ထင်ကြတယ်။ ဒါပေမယ့် တစ်နေ့လုံးမတ်တပ်ရပ်ဖို့တောင် လွယ်တာမဟုတ်ဘူး ကိုယ်ကဆက်တိုက် ပြောနေရတာ။ Break-time ရှိတယ်ဆိုပေမယ့် မတ်တပ်ရပ်ပြီး ပြောနေရတဲ့ အချိန်ကများတယ်။ ကျွန်တော်ဆိုရင် တစ်ရက် တစ်ရက် လမ်းလျှောက်ပြီး စကားပြောတဲ့ အကွာအဝေးက ၄ မိုင်၊ ၅ မိုင်လောက်ရှိတယ်။ တစ်ခါတစ်လေ ၇ မိုင်လောက်ရှိတယ်။

လူကပင်ပန်းလားဆိုတော့ ပင်ပန်းတယ်။ ဒါပေမယ့် ကိုယ်ဝါသနာပါတဲ့အရာကို လုပ်နေရတယ်ဆိုတာရယ်၊ ကိုယ်ပြောလိုက်တဲ့ဟာ ကိုယ် Coach လုပ်ပေးတာတွေ Facilitator လုပ်ပေးတာတွေကြောင့် လူတွေက ပျော်သွားကြတယ်။ သူတို့ရှင်းသွားကြတယ် သူတို့ဘာလုပ်ရမလဲ ပိုပြီးသိလာကြတယ်။ သူတို့ရဲ့ဘဝတွေ သူတို့ရဲ့ အနာဂတ်တွေပိုပြီးတော့ ကောင်းလာကြတယ်။ ဒါကို သိရတဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ အများကြီး အဓိပ္ပာယ်ရှိတယ်။ ကျွန်တော့်အတွက် အများကြီး တန်ဖိုးရှိတယ်။

ကျွန်တော့်အနေနဲ့ ဒီအလုပ်လုပ်ရတာ ဘာနဲ့တူလဲဆိုတော့ ငယ်ငယ်တုန်းက Strategy Game တွေ ဘာတွေရှိတဲ့အခါမှာ Game ဆော့တဲ့ ကလေးတွေသိမှာပါ။ ကိုယ်ဘယ်လောက်ပဲ တစ်ညလုံးဆော့ဆော့ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ရင် အိပ်တောင်မအိပ်ချင်ဘူး စိတ်လုံးလုံးချတဲ့အခါမှသာ တစ်မေ့တစ်မော အိပ်တာဘဲလေ။

အဲဒီအခါ ကျွန်တော်လည်း ၃ ရက်လုံးပဲပြောပြော ၄ ရက်လုံးပဲပြောပြော လုပ်ပြီဆိုရင် အသားကုန် လုပ်တာပဲ။ ဒါပေမယ့် ကိုယ်ဝါသနာ ပါတဲ့ဟာ လူတွေအတွက် ကိုယ်လုပ်ပေးရမယ့်ဟာတွေကိုလုပ်တာ။ ဘာလို့လဲဆိုတော့ ကိုယ်ဝါသနာပါတာ ကိုယ်ပျော်တဲ့ အလုပ်ဖြစ်နေတာကို။ အဲဒါကြောင့် ပျော်တဲ့ အလုပ်ကိုသာ လုပ်မယ်ဆိုရင် အများကြီး အပြောင်းအလဲ ဖြစ်စေတယ်။

ဘဝမှာ ပင်ပင်ပန်းပန်း စိတ်ဆင်းရဲကြီးစွာ မလုပ်ချင်ရင် ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ပါ။ ကိုယ်ပျော်တဲ့ အလုပ်ကိုလုပ်ပါ။” Do What You Love” ကိုယ်ဝါသနာပါ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်ပါ။

တစ်ခါတစ်လေမှာ အကြောင်းကြောင်းကြောင့် ကိုယ်ချစ်တဲ့အလုပ်ကို မလုပ်နိုင်တာရှိတယ်။ အဲဒါမျိုးဆိုရင် နောက်ဆုံးအနေနဲ့ ဘာလုပ်သင့်လဲဆိုတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို ချစ်လိုက်ပါ။

ချစ်တဲ့အလုပ်ကို မလုပ်ရဘူးဆိုရင် လုပ်တဲ့အလုပ်ကို ချစ်ဖို့လိုတယ်။ ချစ်ဖို့ဆိုရင် ဒီအလုပ်ကြောင့် ကိုယ်နဲ့ ကိုယ်မိသားစုမှာ ဘာတွေ အကျိုးရှိနေလဲ။ ဒါမှမဟုတ်ရင် ဒီအလုပ်ကြောင့် ကိုယ်နဲ့ ကိုယ့်အဖွဲ့အစည်းမှာ ဘာတွေ အကျိုးရှိနေမလဲ။ ဒီအလုပ်ကြောင့် လူ့အဖွဲ့အစည်းမှာရော ဘာတွေအကျိုးရှိနေမလဲ။

ဒါလေးတွေကို တစ်စိမ့်စိမ့်တွေးမယ်ဆိုရင် အဲဒီအလုပ်ကို ချစ်တတ်လာပါလိမ့်မယ်။ ဒီလိုမျိုးတွေးတယ်ဆိုရင် ဘဝက အများကြီးပျော်စရာကောင်းတယ်။ ပင်ပန်းဆင်းရဲကြီးစွာနဲ့ မလုပ်ရတော့ဘူး။ ဘဝက အဓိပ္ပာယ် ရှိနေပါလိမ့်မယ်။

Naing Win Aung (MBA, ACC)

CEO Coach & NLP Master Trainer

Leadership Development Facilitator

#naingwinaungexecutivecoach

#Leadership #Coaching

#Transformation

#NLP #Breakthrough

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial